မြန်မာအိမ်အကူကို နှိပ်စက်သေဆုံးစေခဲ့တဲ့ စင်္ကာပူအိမ်ရှင်ကို ထောင် နှစ် ၃၀ ချ

Young woman cleaning window

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စင်္ကာပူမှာ မြန်မာ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် စတဲ့ နိုင်ငံတွေက အိမ်အကူ လုပ်သားပေါင်း ၂၅၀,၀၀၀ နီးပါး ရှိ

မြန်မာ အိမ်အကူ အလုပ်သမ တစ်ယောက်ကို အစာငတ်ခံထား၊ ညှင်းပန်း နှိပ်စက် ပြီး အသက်သေဆုံးစေခဲ့တဲ့ စင်္ကာပူနိုင်ငံသား အိမ်ရှင်ကို တရားရုံးက ထောင်ဒဏ် အနှစ် ၃၀ ချမှတ်လိုက်ပါတယ်။

၂၀၁၆ ခုနှစ် က ပိုင်နဂါဒွန် ဆိုတဲ့ မြန်မာ အမျိုးသမီး အိမ်အကူ သေဆုံးသွားခဲ့ပြီး၊ သေဆုံးချိန်မှာ ကိုယ်အလေးချိန် ၂၄ ကီလိုပဲ ကျန်တဲ့ အထိ နှိပ်စက် ခံထားရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

စင်္ကာပူ အိမ်ရှင် ဂိုင်ယာ သီရိ မာရုဂါရန် ဆိုသူ ရဲတပ်ဖွဲ့ဝင်ရဲ့ ဇနီးသည်ဟာ လူမဆန်တဲ့ ပြစ်မှုကို ကျူးလွန်ခဲ့သူ ဖြစ်တယ်လို့ တရားလိုရှေ့နေတွေက ထောက်ပြကြပါတယ်။

မြန်မာ အိမ်အကူ အလုပ်သမ တစ်ယောက် သတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်ဟာ စင်္ကာပူက ချမ်းသာတဲ့ လူ့အသိုင်းအဝိုင်းမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာထဲက တစ်ခုလည်း ဖြစ်ပါတယ်။

အသက် ၄၀ အရွယ် စင်္ကာပူ အိမ်ရှင် မစ္စ မာရုဂါရန်ဟာ မြန်မာ အိမ်အကူ မစ္စပိုင်ကို သေစေမှု အပါအဝင် တခြားပြစ်မှုတွေနဲ့လည်း အရေးယူခံရတာ ဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ် မြန်မာအိမ်အကူ အစာငတ်ခံခဲ့ရပြီး၊ အရှက်တကွဲနဲ့ သေဆုံးခဲ့ရတဲ့ အဖြစ်အပျက်ကို ကြားသိရတာ အင်မတန်မှ တုန်လှုပ်မိတယ်လို့ တရားသူကြီးက ပြောပါတယ်။

ဒါဟာ စင်္ကာပူမှာ အလုပ်လုပ်ကိုင်နေတဲ့ အိမ်အကူအမျိုးသမီးတွေ နှိပ်စက်ခံရမှုတွေထဲက အင်မတန်မှ အပြစ်ပေးသင့်တဲ့ ဆိုးရွားတဲ့ ပြစ်မှု တစ်ခုဖြစ်တယ်လို့လည်း တရားသူကြီးက စီရင်ချက် ချမှတ်စဥ်မှာ ပြောဆို သွားခဲ့ပါတယ်။

မစ္စပိုင်ဆိုသူ မြန်မာ အိမ်အကူအမျိုးသမီးဟာ ၂၀၁၅ ခုနှစ်မှာ စင်္ကာပူကို ရောက်လာပြီး ပထမဦးဆုံး အလုပ်မှာတင် နှိပ်စက်မှုတွေ ခံစားခဲ့ရတာ ဖြစ်တယ်လို့ တရားရုံးမှာ တရားလိုတွေက ထွက်ဆိုမှုပေးခဲ့တာ ဖြစ်ပါတယ်။

အိမ်အတွင်းမှာ တပ်ဆင်ထားတဲ့ စီစီတီဗီ မှတ်တမ်းတွေ အရ မြန်မာ အိမ်အကူအမျိုးသမီးဟာ မသေဆုံးခင် တစ်လ အလို အထိ နေ့စဥ်နဲ့အမျှ ရိုက်နှက် နှိပ်စက် ခံခဲ့ရတယ်လို့ တရားလိုဘက်က ပြောပါတယ်။

အိမ်ရှင် မာရုဂါရန်ဟာ မီးပူနဲ့ ကပ်တာ၊ ပူလောင်နေတဲ့ အဝတ်အစား တွေနဲ့လည်း ပစ်ပေါက်ခဲ့တာ၊ ဆံပင်ဆောင့်ဆွဲတာ၊ ခြေထောက်နဲ့ နင်းပြီး သူ့ရဲ့ အိမ်အကူ ဖြစ်သူကို အရုပ်ကလေး တစ်ရုပ်လို ပစ်ပေါက် နှိပ်စက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

မြန်မာ အိမ်အကူဟာ နေ့စဥ် ရေစိမ်ထားတဲ့ ပေါင်မုန့် တစ်ချပ်၊ ဒါမှမဟုတ် ရေခဲသေတ္တာထဲက အေးခဲနေတဲ့ စားစရာတွေကိုပဲ စားသောက်ခဲ့ရပါတယ်။ ဒါကြောင့် သူဟာ ၁၄လ အတွင်းမှာ ကိုယ်အလေးချိန် ၁၅ ကီလို လောက် လျော့ကျသွားခဲ့ပါတယ်။

အိမ်ရှင် မစ္စ မာရုဂါရန် နဲ့ မိခင်ဖြစ်သူတို့ရဲ့ နာရီပေါင်းများစွာ နှိပ်စက်မှုတွေ ကြောင့် မြန်မာ အမျိုးသမီး အိမ်အကူဟာ ၂၀၁၆ ခုနှစ် ဇူလိုင်လမှာ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

ရင်ခွဲမှတ်တမ်းတွေအရ မြန်မာ အိမ်အကူ အမျိုးသမီးဟာ အကြိမ်ကြိမ် လည်ပင်းညှစ်ခံရတဲ့ အတွက် ဦးနှောက်မှာ အောက်ဆီဂျင်လျော့နည်း လို့ သေဆုံးသွားခဲ့ရတာ ဖြစ်ပါတယ်။

အိမ်ရှင်ဘက်က ရှေ့နေတွေက မစ္စမာရုဂါရန် မှာ စိတ်ကျရောဂါ နဲ့ စိတ်ပိုင်းဆိုင်ရာ မူမမှန်တဲ့အတွက် အခုလို ဖြစ်ခဲ့ရတာလို့ ချေပပြီး ပြစ်ဒဏ် ၉နှစ်ပဲ ကျခံစေဖို့ တရားရုံးမှာ လျှောက်လဲချက် ပေးခဲ့ပါသေးတယ်။

လက်ရှိ အချိန်မှာတော့ သူ့ရဲ့ ယောက်ျားဖြစ်သူ ရဲ အရာရှိဟာလည်း အလုပ်တာဝန်တွေကနေ ရပ်ဆိုင်းထားခံရပြီး၊ မိခင် ဖြစ်သူလည်း အိမ်အကူ ကို နှိပ်စက် ညှင်းပန်းမှုနဲ့ အရေးယူခံထားရပါတယ်။

စင်္ကာပူနိုင်ငံမှာ မြန်မာ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် စတဲ့ နိုင်ငံတွေက အိမ်အကူ လာလုပ်ကြတဲ့ လုပ်သားပေါင်း ၂၅၀,၀၀၀ နီးပါး ရှိပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းကလည်း စင်္ကာပူ စုံတွဲ အိမ်ရှင်တွေက အိမ်အကူကို အစာငတ်ထားခဲ့လို့ ထောင်ဒဏ် ကျခံခဲ့ရဖူးပါတယ်။ ၂၀၁၉ ခုနှစ်တုန်းကလည်း မြန်မာ အိမ်အကူ အမျိုးသမီး တစ်ဦးကို နှိပ်စက် ခဲ့တဲ့ စင်္ကာပူ အိမ်ရှင်၂ဦး ထောင်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။