တလုပ်မြို့ကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းတိုက်ခိုက်

မေလ ၁၂ ရက်မနက် ၅ နာရီထိုးအချိန်မှာ စစ်ကောင်စီရဲ့တပ်ဖွဲ့တွေက အင်အားအလုံးအရင်းနဲ့ မြင်းခြံမြို့ တလုပ်မြို့ကျေးရွာကို စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။
“တစ်ရွာလုံးလူဦးရေ လေးငါးထောင်ကို ပြေးရပါတယ်ခင်ဗျ။ တစ်ရွာလုံးကိုပြေးရတာအစ်ကိုရေ။ မနေ့ညက ၁၂ နာရီထိုးလောက်က တစ်ခါပစ်တယ်။ မနက် ၂ နာရီထိုးလောက်ကတစ်ခါပစ်တယ်။ အဲဒီနောက် မနက် ၅ နာရီထိုးလောက်ကျ ရွာကို အရှေ့ဘက်ရယ်၊ တောင်ဘက်ရယ်၊ အနောက်တောင်စနေထောင့်ရယ်ကနေ ဝိုင်းညှပ်ပြီး ၉ နာရီခွဲလောက်အထိ ဆက်တိုက်မနားတမ်းပစ်တယ်။ အားလုံးပေါင်းစစ်ကား ၂၂ စီးနဲ့ အချုပ်ကား ၂ စီးပါပါတယ်။”
ကျေးရွာ ကာကွယ်ရေးခေါင်းဆောင် ဦးဝင်းက ဘီဘီစီကို ပြောပြတာဖြစ်ပါတယ်။ ကာယကံရှင်တွေရဲ့ တောင်းဆိုချက်အရ ဘီဘီစီနဲ့ ဆက်သွယ်ပြောဆိုသူအားလုံးရဲ့ နာမည်တွေ လွှဲပြောင်းဖော်ပြထားပါတယ်။
ကျောင်းသား ၆ ယောက်အဖမ်းခံရ
စစ်တပ်ဘက်က လူအင်အား၊ လက်နက်အင်အား သိပ်များလွန်းတဲ့အတွက် ကျေးရွာကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အားလုံးဆုတ်ခွာပေးခဲ့ရပါတယ်။ ကျေးရွာကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဆုတ်ခွာနိုင်ရေးအတွက် ကျောင်းသားတွေက နောက်ဆုံးကချန်ရစ်ပြီး ကာပစ်ပေးရာမှာ ကျောင်းသားတချို့ ဒဏ်ရာရခဲ့ပါတယ်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သူ ကိုစိုးရာဇာထွန်းလွင်၊ မြင်းခြံနည်းပညာကောလိပ်ကျောင်းသားကိုဇင်ကိုနဲ့ မြင်းခြံတက္ကသိုလ် ကျောင်းသားကိုကျော်ဇင်ဦးတို့ ဒဏ်ရာရခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
နောက်ဆုံးသိရတဲ့ သတင်းအရ ကိုဇင်ကိုသေဆုံးသွားပြီလို့ ယူဆကြောင်း မြင်းခြံ တက္ကသိုလ်သမဂ္ဂက ပြောပါတယ်။မြဝတီ ရုပ်မြင်သံကြား မေလ ၁၂ ရက်နေ့ ည ၈နာရီ သတင်းမှာတော့ ကျောင်းသား ၅ ဦး ကိုဖမ်း ထားတယ်လို့ဖော်ပြပေမဲ့ ကိုဇင်ကို ပုံပါမလာပါဘူး။ဒါ့အပြင် ကိုဇင်ကို အကြောင်းကို ပြောထားတာလည်းမရှိပါဘူး။
စုစုပေါင်းအဖမ်းခံရတဲ့ ကျောင်းသား ၆ ယောက်ရှိပြီး ကျန်သုံးယောက်ကတော့ မြင်းခြံတက္ကသိုလ်က ကိုငယ်၊ စက်မှုလက်မှုအထက်တန်းကျောင်းသူ မငြိမ်းစုရီဖြိုးခေါ် ကောင်းဝေယံနဲ့ အမည်မသိသေးသူ တီရှတ်အပြာဝတ် လူငယ်တစ်ဦးတို့ဖြစ်ပါတယ်။ ထောက်လှမ်းရေးက ရိုက်ထားတယ်လို့ ယူဆရတဲ့ ဓာတ်ပုံထဲမှာ သူတို့ ၆ ယောက်ကို တလုပ်မြို့ကျေးရွာ အနောက်တောင်ဘက်က သုသာန်ရှေ့မှာ ဓာတ်ပုံရိုက်ယူထားပါတယ်။ မြင်းခြံစက်မှုလက်မှုအထက်တန်းကျောင်းသူ မငြိမ်းစုရီဖြိုးဟာ အသက် ၁၈ နှစ်မပြည့်သေးသူ လူငယ်တစ်ယောက်လို့ဆိုပါတယ်။
သူတို့ဆီက ဖမ်းမိတဲ့လက်နက်ဆိုပြီး တူးမီးသေနတ်နှစ်လက်နဲ့ M16 မောင်းပြန်ရိုင်ဖယ် နှစ်လက်တို့ကိုလည်း ပြထားပါတယ်။ မြင်းခြံနည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦးကတော့ M16 မောင်းပြန်ရိုင်ဖယ် နှစ်လက်ဟာ ကျောင်းသားတွေရဲ့လက်နက်မဟုတ်ဘဲ စစ်တပ်က သူတို့လက်နက်ကိုထည့်ပြီး ရိုက်ကူးထားတာဖြစ်တယ်လို့ ဆိုပါတယ်။
ကျောင်းသား ၆ ယောက်ကလွဲပြီး ကျန်တဲ့ကျေးရွာကာကွယ်ရေးအဖွဲ့ဝင်တွေအားလုံး လွတ်မြောက်သွားတယ်လို့ ရွာသားတစ်ဦးကဆိုပါတယ်။ ဒါပေမဲ့ အိမ်တွေထဲမှာတွေ့သမျှရွာသားတွေကို ဖမ်းဆီးရာမှာ ရွာသားတော်တော်များများ ပါသွားတယ်လို့လည်း တလုပ်မြို့ရွာသားတစ်ယောက်ဖြစ်တဲ့ ကိုကျော့မောင်မောင်က ဘီဘီစီကိုပြောပါတယ်။ ရွာသားအများအပြားဖမ်းသွားတဲ့အတွက် အရေအတွက် အတိအကျမသိရသေးပါဘူး။ တလုပ်မြို့ရွာသားတွေကိုသာ မကဘဲ တစ်ဆက်တစ်စပ်တည်းရှိနေတဲ့ ရဲတိုင်၊ မြို့ကြီးကုန်း၊ မြောက်ရွာလေးကရွာသားတွေကိုပါ ဖမ်းဆီးသွားကြပါတယ်။ ၅၀ လောက်ဖမ်းသွားတယ်လို့ တချို့ကပြောပေမဲ့ တချို့ကတော့ ၁၀၀ လောက်အထိများတယ်လို့လည်း ဆိုနေပါတယ်။ အခုအခါ ရွာ ၄ ရွာစလုံးက ရွာသားတွေဟာ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။

တလုပ်မြို့မှာစစ်တပ်ကတပ်စွဲထား
စစ်တပ်က တစ်အိမ်တက်ဆင်းလိုက်လံရှာဖွေပြီး တွေ့ရှိသူတွေကို လိုက်လံဖမ်းဆီးနေတယ်လို့ စစ်တပ်ဝင်လာစဥ်ရွာထဲမှာ ပုန်းအောင်းနေခဲ့ပြီးမှ ထွက်ပြေးလာသူ ကိုထွန်းအေးက ဆိုပါတယ်။ အိမ်တွေထဲက ပစ္စည်းတချို့ကို ရိုက်ချိုးဖျက်ဆီးမှုတွေလည်း ရှိတယ်လို့သူကပြောပါတယ်။
“ဆန်အိတ်တွေကိုတော့ အိမ်ရှေ့တွေမှာ ထုတ်ပုံထားပြီး ကားနဲ့သယ်သွားပါတယ်။ FAW ကားကြီးတွေနဲ့ကို သယ်သွားတာပါဗျာ” လို့ ကိုထွန်းအေးကဆိုပါတယ်။
အခုအခါမှာတော့ စစ်တပ်က တလုပ်မြို့ကျေးရွာရှိ သုံးပန်လှဘုရားနဲ့ မြို့ရှေ့ဘုန်းကြီးကျောင်းတို့မှာ တပ်စွဲထားတယ်လို့ ရွာသားတွေကဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
၃ ကြိမ်ရှိပြီ
တလုပ်မြို့ရွာကို စစ်တပ်ကဝင်ရောက်စီးနင်းတိုက်ခိုက်တာဟာ တတိယအကြိမ်မြောက်ဖြစ်ပါတယ်။ ဘာ့ကြောင့်စီးနင်းတိုက်ခိုက်တယ်ဆိုတာကို စစ်တပ်က အကြောင်းပြချက်မပေးပါဘူး။
တလုပ်မြို့ဟာ မြင်းခြံမြို့နယ်ထဲမှာ နိုင်ငံရေးအစဥ်အလာကြီးတဲ့ရွာတစ်ရွာလို့ လူသိများပါတယ်။ မြို့ပေါ်တက်ပြီး ဆန္ဒပြပွဲတွေပြုလုပ်လေ့ရှိသလို၊ ကိုယ့်ရွာထဲမှာကိုယ် ဆန္ဒပြလှည့်လည်တာ ညဘက်ဆီမီးထွန်းဆုတောင်းတာတွေကိုလည်း ဆောင်ရွက်လေ့ရှိပါတယ်။
တလုပ်မြို့မှာ CDM လုပ်နေတဲ့ရဲတွေ လာရောက်တိမ်းရှောင်ကြတာရှိလို့ စစ်တပ်က ငြိုးနေတာလို့လည်း မြင်းခြံမြို့ပေါ်ဒေသခံတချို့က မှန်းဆကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
စစ်သားတွေမလာခင်ဒရုန်းတွေပျံဝဲနေ
မေလ ၁၀ ရက်ညကတည်းက တလုပ်မြို့ကျေးရွာမှာ စစ်ရိပ်စစ်ငွေ့သန်းနေခဲ့ပါတယ်။ ည ၉ နာရီအချိန်လောက်က ရွာပေါ်မှာ ဒရုန်းလူမဲ့လေယာဥ်ငယ် ၂ စင်း ပျံဝဲနေခဲ့ပါတယ်။ ည ၁၀ နာရီလောက်မှာ ဒုတိယအကြိမ်ပျံဝဲခဲ့ပါတယ်။ စစ်တပ်ကလူမဲ့လေယာဉ်ငယ်တွေကို ဧပြီလဆန်းလောက်ကတည်းက စတင်အသုံးပြုပြီး ထောက်လှမ်းရေးနဲ့ သတင်းအချက်အလက်ရယူရေးအတွက် အသုံးပြုခဲ့ပါတယ်။ မြေပြင်အနေအထား၊ ကာကွယ်ရေးအဖွဲ့တွေရဲ့အင်အားနဲ့ ကင်းစခန်းတွေကို ထောက်လှမ်းဖို့အတွက် အသုံးပြုတာ ဖြစ်နိုင်ပါတယ်။
ရွာသားတွေကို စိုးရိမ်ကြောက်လန့်အောင် ခြိမ်းခြောက်ဖို့အတွက် အသုံးပြုတာလည်း ဖြစ်နိုင်တယ်လို့ တလုပ်မြို့ကျေးရွာသားကိုစိုးကျော်ဦးက ဘီဘီစီကို ပြောပါတယ်။
မတ်လ ၁၁ ရက်မှာ စစ်ကားတွေနဲ့လာရောက်ပစ်ခတ်
မတ်လ ၁၁ ရက် မနက်ကတည်းက စစ်သားတွေလာတော့မယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေခဲ့ပေမဲ့ တကယ်တန်းစစ်ကားတွေ ရောက်လာတာက မွန်းလွဲချိန် ၁ နာရီထိုးမှပါ။ စုစုပေါင်း စစ်ကား ၁၂ စီးစတင်ရောက်လာပါတယ်။ ရောက်ရောက်ချင်း ဘာမှ မလုပ်သေးဘဲ အေးအေးဆေးဆေး နေရာယူဝိုင်းပတ်ပိတ်ဆို့နေပါတယ်။ ရွာအရှေ့ဘက်ခြမ်းကို စစ်ကား ၁၀ စီးဖြန့်ကြက်နေရာယူပြီး ရွာတောင်ဘက် တံခါးမှာတော့ စစ်ကား ၂ စီးက နေရာယူထားပါတယ်။
“ဘာ့ကြောင့်ရောက်လာတယ်။ ဘာလိုချင်တယ်ဆိုတာကို တစ်ခွန်းမှ မပြောဆိုဘဲ စိတ်တိုင်းကျနေရာယူပြီးတာနဲ့ ပစ်တော့တာပါပဲဗျာ” လို့ တလုပ်မြို့ရွာသားကိုချမ်းက ဘီဘီစီကို ပြောပါတယ်။
ရွာအရှေ့ဘက်တံခါးပေါက်နဲ့ ရွာတောင်ဘက်တံခါးပေါက်တွေကို အဓိကထားပစ်ခတ်ပြီး အဲဒီနေရာတွေကနေ ရွာထဲဝင်ဖို့ သူတို့က ကြိုးစားပါတယ်။
“ရွာကလေးသေးသေးလေးကို စစ်ကား ၁၂ စီး၊ စစ်သား ၁၀၀ ကျော်လောက်နဲ့ လာပစ်တယ်ဗျာ။ ရွာထဲက လူကြီးတွေ၊ မိန်းမတွေ၊ ကလေးတွေ အကုန်ထွက်ပြေးကြရပါတယ်။ သက်ကြီးရွယ်အိုတွေကိုဆိုရင် မပြေးနိုင်မလွှားနိုင်ကြလို့ ငယ်ရွယ်သူတွေက ထမ်းပိုးပြီးပြေးကြရပါတယ်။ ကျန်တဲ့လူငယ်တွေကတော့ ကိုယ့်ရွာကိုယ် ဘတ်ခွတွေ၊ တူးမီးသေနတ်တွေနဲ့ ကာကွယ်ကြရတာပေါ့။”
တလုပ်မြို့ရွာသား ကိုကျော့မောင်မောင်က ဘီဘီစီကို ပြောပြတာပါ။ ဘတ်ခွဆိုတာ လေးခွကိုမြင်းခြံနယ်မှာ ခေါ်တဲ့ အခေါ်ဖြစ်ပါတယ်။

နှစ်ဘက်စလုံးထိခိုက်မှုတွေရှိခဲ့
ရွာအရှေ့ဘက်မှာ ရွာသားတွေနဲ့ စစ်တပ်နဲ့ အပြန်အလှန်ပစ်ခတ်နေကြချိန်မှာပဲ ရွာတောင်ဘက်က စစ်သားတွေက ရွာတံခါးကို ဖျက်ဆီးပစ်ဖို့ ချဥ်းကပ်လာခဲ့ကြပါတယ်။
“ရွာတောင်ဘက်တံခါးကို ဖျက်ဆီးဖို့လာတဲ့ စစ်သားတွေကတော့ ကျွန်တော်တို့ဘက်က ထောင်ထားတဲ့ လက်လုပ်မိုင်းလက်ချက်မိပြီး စစ်သားတချို့ဒဏ်ရာရသွားပါတယ်။ အဲဒီအထဲက ၁ ယောက် ဒါမှမဟုတ် ၂ ယောက်ကတော့ သေလောက်တဲ့ဒဏ်ရာတွေ ရသွားကြတယ်။” လို့ ကျေးရွာကာကွယ်ရေးခေါင်းဆောင် တစ်ယောက်ဖြစ်သူ ကိုကျော့မောင်မောင်ကပြောပါတယ်။ ကားပေါ်ပွေ့ချီပြီးတင်ခဲ့ရသူတွေကို သေလောက်တဲ့ဒဏ်ရာရသူ သို့မဟုတ် သေဆုံးသူလို့ ကိုကျော့မောင်မောင်က ယူဆတာဖြစ်ပါတယ်။
ရွာအရှေ့ပိုင်းမှာ တိုက်ခိုက်ကြရာမှာတော့ စစ်သား ၂ ယောက်ကျဆုံးတာကို သူကိုယ်တိုင် မျက်စိနဲ့မြင်ခဲ့ရတယ်လို့ ကျေးရွာကာကွယ်ရေးခေါင်းဆောင် ဦးဝင်းက ဘီဘီစီကိုပြောပါတယ်။
မြင်းခြံဆေးရုံကို ဒဏ်ရာရစစ်သားတချို့ရောက်လာကြသလို သေဆုံးစစ်သားတချို့လည်း ပါဝင်တယ်လို့ ဆေးရုံနဲ့ နီးစပ်သူတွေကဆိုပါတယ်။
ရွာသား ၃ ဦးလည်း သေနတ်ထိမှန် ဒဏ်ရာရခဲ့ပါတယ်။ တစ်ဦးရဲ့လက်မောင်းကို ကျည်ဖောက်ဝင်သွားပြီး၊ နောက်တဦးကို ပခုံး၊ နောက်တဦးကိုပေါင်မှာ ထိမှန်ခဲ့တယ်လို့ ကိုကျော့မောင်မောင်က ဘီဘီစီကို ပြောပါတယ်။
ရွာတောင်ဘက်မှာ လက်လုပ်မိုင်းပေါက်ကွဲပြီးနောက် စစ်တပ်က ရွာတံခါးကို ဘူဒိုဇာနဲ့ဆွဲပြီးဖျက်ဆီးလိုက်ပါတယ်။ ဒါပေမဲ့ ရွာသားတွေက ခုခံပစ်ခတ်ကြတဲ့အတွက် ရွာထဲကို မဝင်နိုင်ပါဘူး။
တလုတ်မြို့ကျေးရွာရဲ့ ရွာတောင်ဘက်ဝင်ပေါက်မှာ တံခါးနှစ်ချပ်ရှိပါတယ်။ မူလက ရွာတံခါးတစ်ချပ်ရှိပြီးဖြစ်ပေမဲ့ ရွာကို တိုးချဲ့လိုက်တဲ့အတွက် ရွာတံခါးအပြင်ဘက်မှာ အိမ်တွေထပ်မံဆောက်လုပ်ခဲ့ကြပါတယ်။ ရွာတံခါးအပြင်ဘက်က အိမ်တွေကို ထပ်မံခြုံငုံပြီး ဒုတိယရွာတံခါးတချပ်ကို ထပ်မံပြုလုပ်လိုက်တဲ့အတွက် ရွာတောင်ဘက်မှာ ရွာတံခါး ၂ ဆင့်ရှိပါတယ်။ ရွာတံခါး ၂ ဆင့်အကြားအိမ်တွေထဲကနေ ရွာသားတွေက ခုခံပစ်ခတ်ကြတာဖြစ်ပါတယ်။
ရွာအရှေ့ဘက်မှာ စစ်သား ၁ ယောက်ကျဆုံးပြီးနောက် စစ်တပ်ဟာ ဆုတ်ခွာသွားပြီး ရွာတောင်ဘက်မှာ စုပေါင်းနေရာယူလိုက်ကြပါတယ်။
မြင်းခြံမြို့ပေါ်အနှံ့အပြားမှာပေါက်ကွဲမှုတွေဖြစ်ပွား
တလုပ်မြို့ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားနေချိန် မတ်လ ၁၁ ရက်နေ့မှာပဲ မြင်းခြံမြို့ပေါ်နေရာအနှံ့အပြားမှာ ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပါတယ်။ ကျောက်ရုံးကြီးလို့ခေါ်တဲ့ ခရိုင်နဲ့မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွေမှာ ပေါက်ကွဲခဲ့သလို စစ်တပ်စခန်းချရာနေရာတွေဖြစ်ကြတဲ့ မြို့လယ် ဦးချန်ထွန်းကုန်းတက်နားက အမှတ် ၄ အထက်တန်းကျောင်း၊ ကွေ့ကြီးထဲမှာရှိတဲ့ အလင်းရောင်မူလတန်းကျောင်းနဲ့ အမှတ် ၁ အထက်တန်းကျောင်းတို့မှာ ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပါတယ်။
မြင်းခြံတက္ကသိုလ်၊ စွန်းလွန်းရပ်ကွက်၊ ကံဦးရပ်ကွက်နဲ့ စက်မှုဇုန်တွေမှာလည်း ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။
ဖောက်ခွဲသူကို သေသေချာချာ မသိရပေမဲ့ တလုပ်မြို့ကို စစ်တပ်ကတိုက်ခိုက်တဲ့အပေါ် မကျေနပ်လို့ အရပ်သားတွေဘက်က ဖောက်ခွဲတာဖြစ်လိမ့်မယ်လို့ မြို့ခံအများအပြားက ယူဆကြပါတယ်။
အရပ်ဝတ်သေနတ်ကိုင်များမြို့ပေါ်လှုပ်ရှားနေ
“မြို့ပေါ်မှာ ပေါက်ကွဲသံတွေ အဆက်မပြတ်ကြားနေရတယ်။ လူတွေပိုပြီးစိုးရိမ်နေကြတာက စစ်သားတွေက အရပ်ဝတ်ဝတ်ပြီးဆိုင်ကယ်နဲ့ လျှောက်သွားနေကြတာကိုပဲ။ အရပ်ဝတ်ဝတ်ထားတဲ့အပြင် သေနတ်ကို ပုဆိုးနဲ့အုပ်ကိုင်ထားပြီး သူတို့မသင်္ကာရင် မသင်္ကာတဲ့သူကို လိုက်ပစ်နေတော့ အဲဒါကို လူတွေက ပိုစိုးရိမ်ပြီး မသွားရဲမလာရဲဖြစ်နေကြတယ်ဗျ။” လို့မြင်းခြံမြို့လယ်မှာ နေထိုင်သူ ဦးဝင်းမောင်က ဘီဘီစီကို ပြောပါတယ်။
“ညနေ ၆ နာရီကတည်းက အိမ်တိုင်းလိုလို တံခါးပိတ်ပြီး အိမ်ထဲမှာပဲနေကြတယ်။ ဘယ်သူမှအိမ့်အပြင်မထွက်ကြတော့ဘူး။ မြင်းခြံမှာစစ်ပွဲဖြစ်နေသလိုပဲ” လို့လည်း မြို့ပေါ်တနေရာမှာ နေထိုင်သူမမြတ်မြတ်က ပြောပါတယ်။
မြင်းခြံမှာ အရပ်ဝတ်ဝတ်၊ သေနတ်ကိုင်ပြီး ဆိုင်ကယ်နဲ့သွားလာနေကြတာဟာ တော်တော်ကြာနေပါပြီ။ အဲဒီလူတွေဟာ သေနတ်နဲ့ပစ်ခတ်ခွင့်လိုင်စင်ရထားပြီးသူတွေဖြစ်ပုံရပါတယ်။ ဒါပေမဲ့ ဘယ်လိုလူမျိုးတွေကို ပစ်ဖို့အမိန့်ပေးထားတယ်ဆိုတာ သေသေချာချာ မသိရတဲ့အတွက် မြို့သူမြို့သားတွေက စိုးရိမ်ပူပန်နေကြပါတယ်။
ညဘက်လျှပ်စစ်မီးပြတ်တောက်ခဲ့
မြင်းခြံမှာ ပေါက်ကွဲမှုတွေ အနှံ့အပြားဖြစ်နေတဲ့ကြားက တလုပ်မြို့ကို စစ်သားတွေ ထပ်ပို့ခဲ့ပါတယ်။ မြင်းခြံမြို့ပေါ်မှာ ကျန်တဲ့ စစ်သားတွေကို ထပ်မံစုဆောင်းပြီး ကားနဲ့ပို့လိုက်တာလို့ မြို့ခံတွေကဆိုပါတယ်။ ညနေပိုင်းအချိန်မှာတော့ တလုပ်မြို့မှာ စစ်ကားစုစုပေါင်း ၁၉ စီးရောက်နေပြီး စစ်သားအရေအတွက် စုစုပေါင်း အယောက် ၂၀၀ လောက်ရောက်နေတယ်လို့ တလုပ်မြို့ရွာသားတွေက ဆိုပါတယ်။ အဲဒီအယောက် ၂၀၀ ထဲမှာ ရဲတပ်ဖွဲ့ဝင်လည်း အနည်းဆုံး ၂၇ ယောက်ပါဝင်တယ်လို့ ဆိုပါတယ်။
ညဘက်မှာ တလုပ်မြို့ကျေးရွာမှာ လျှပ်စစ်မီးပြတ်တောက်နေပါတယ်။ တလုပ်မြို့ကိုတိုက်ဖို့အတွက် စစ်တပ်က လျှပ်စစ်မီးဖြတ်တောက်ထားတာလို့ သံသယရှိခဲ့ပါတယ်။
တကယ်တော့မဟုတ်ဘူးဗျ။ မြင်းခြံမြို့ပေါ်မှာပါ မီးပျက်တာပါ။ အဲဒီအချိန်မှာ စစ်တပ်ကမီးပျက်တုန်းသူတို့ကို ဝင်တိုက်မှာကြောက်လို့ မီးကိုမြန်မြန်ပြန်ရအောင်လုပ်ဆိုပြီး အီးပီစီကို အတင်းကြိမ်းမောင်းနေတယ်ဆိုတာကို မနက်ကျမှ အီးပီစီဝန်ထမ်းတွေက ပြန်ပြောလို့ ကျွန်တော်တို့ သိရပါတယ်။ လို့ မြင်းခြံမြို့မှာ နေထိုင်သူ ဦးဝင်းမောင်ကဆိုပါတယ်။
ည ၁၂ နာရီထိုးလောက်မှာတော့ စစ်တပ်ကပြန်လည်ပစ်ခတ်ခဲ့ပါတယ်။ ရွာထိပ်က အထပ်မြင့်တိုက်တလုံးပေါ်မှာ စစ်သား ၄၀ လောက်နေရာယူပြီး အပေါ်စီးကနေ ပစ်ခတ်မှုတချို့ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ရွာထဲကို မဝင်ရောက်နိုင်ခဲ့ပါဘူး။ မနက် ၂ နာရီထိုးလောက်မှာ တကြိမ်ပစ်ခတ်ပါတယ်။
မနက် ၅ နာရီထိုးလောက်မှာတော့ စစ်ကားတွေ တပ်ကူထပ်ရောက်လာပြီး ရွာအရှေ့ဘက်၊ ရွာတောင်ဘက်၊ ရွာရဲ့အနောက်တောင်ဘက်တွေကနေ သုံးဘက်ညှပ်ပြီးတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အခုချိန်မှာ ရွာကို စစ်တပ်ကစီးထားပြီး ရွာသားတွေက ထွက်ပြေးနေကြပါတယ်။ ရွာသားတွေမရှိတော့တဲ့အတွက် အပစ်အခတ်ရပ်စဲပြီး ယာယီငြိမ်သက်နေပါတယ်။ ဘယ်လောက်ကြာအောင်ငြိမ်သက်မလဲဆိုတာကိုတော့ ခန့်မှန်းဖို့ခက်နေဆဲပါ။








