၂၀၂၁ မြန်မာစစ်အာဏာသိမ်း- ဖမ်းဆီးတရားစွဲခံရသူတွေရမယ့် ဥပဒေအကူအညီတွေကို စစ်ကောင်စီ လျှော့ချဖြတ်တောက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
အာဏာသိမ်းထားတဲ့ သုံးလ အတွင်း လူပေါင်း သုံးထောင်ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်ကောင်စီဟာ ဖမ်ဆီးတရားစွဲဆိုခံထားရသူတွေကို ဥပဒေအရ အကာအကွယ်ပေးနိုင်မှုတွေကို လျှော့ချဖြတ်တောက်လိုက်ပါတယ်။
ပုဒ်မ ၂၉ ခုအထိပါတဲ့ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကို ထုတ်ပြန်ပြီး လျှော့ချကန့်သတ်မှုတွေ ပြုလုပ်ခဲ့တာပါ။
'တရားရုံး၊ ဥပဒေရုံး၊ ရဲတပ်ဖွဲ့၊ အကျဉ်းဦးစီးဌာန နဲ့ တရားစွဲအဖွဲ့အစည်းတွေဟာ ဥပဒေ ဆိုင်ရာ အထောက်အကူ တောင်းခံခွင့်ရှိသူတွေ အတွက် ဥပဒေဆိုင်ရာ အထောက်အကူရရှိဖို့ သက်ဆိုင်ရာ ဥပဒေဆိုင်ရာ အထောက် အကူပေးရေးအဖွဲ့ တွေနဲ့ ပူးပေါင်းဆောင်ရွက်ရမယ်ဆိုတဲ့ ပုဒ်မကိုပါ ပယ်ဖျက်ခဲ့တာလည်းဖြစ်ပါတယ်။
လွှတ်တော်တွေရပ်နားထားချိန်မှာ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် လက်မှတ်ထိုးပြီးထုတ်ပြန်တဲ့ ဒီဥပဒေကြောင့် ဥပဒေဆိုင်ရာအထောက်အကူတောင်းခံခွင့်ရှိသူတွေရော ကူညီပေးမယ့်သူတွေပါ တော်တော်ကြပ်တည်းသွားပြီလို့ ဥပဒေအသိုင်းအဝိုင်းကပြောပါတယ်။
၂၀၁၆ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ ဒီဥပဒေဟာ ဥပဒေဆိုင်ရာအထောက်အကူတောင်းခံခွင့် ရှိသူတွေကို ရှေ့နေငှားရမ်းပေးဖို့၊ ဥပဒေဆိုင်ရာ အသိပညာပေးဖို့၊ အကြံပေးဖို့၊ အကူအညီ ပေးဖို့နဲ့ သတင်းအချက်အလက်ပေးဖို့ ဖြစ်ပါတယ်။
ဒါ့အပြင် ဥပဒေရဲ့ရည်ရွယ်ချက်တစ်ခုဖြစ်တဲ့ 'ပြစ်မှုဆိုင်ရာ စုံစမ်းထောက်လှမ်းမှုနှင့် စုံစမ်းစစ်ဆေးမှု ပြုလုပ်စဉ်ကာလအတွင်း ရဲအချုပ်နှင့် အကျဉ်း ထောင်များ၌ မလိုလားအပ်သော ဖမ်းဆီးချုပ်နှောင်သည့်ကာလ လျော့ကျစေရန်နှင့် ဥပဒေနှင့်မညီသော ဖမ်းဆီး ချုပ်နှောင်မှုများ ပပျောက်စေရန်' ဆိုတဲ့ ပုဒ်မကိုလည်း ပယ်ဖျက်ခဲ့တာတွေ့ရပါတယ်။
ဒီဥပဒေပြင်လိုက်လို့ အာဏာသိမ်းခံရပြီးနောက် ဖမ်းဆီးခံထားရသူတွေ ဥပဒေအရအထောက်အကူရဖို့ အခွင့်အရေးတွေ ဆုံးရှုံးကုန်ပြီလို့ ဝါရင့်တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ဘီဘီစီကိုပြောပါတယ်။
'အခုအဖမ်းခံထားရတဲ့လူတွေရဲ့အခွင့်အရေးတွေသွားပြီလေ။ ဒါ ဦးသန်းရွှေခေတ်ကို ပြန်သွားတာ။ လာမပြောနဲ့ လုပ်ချင်ရာလုပ်တယ်ကွာဆိုတဲ့ခေတ်ကို ပြန်သွားတာ' လို့ သူက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MOI
ဘယ်သူတွေ အကူအညီတောင်းခံခွင့် မရှိတော့ဘူးလဲ
ဥပဒေဆိုင်ရာအထောက်အကူတောင်းခံခွင့်ရှိသူတွေကတော့ ပြစ်မှုတစ်ခုခုနဲ့ စွပ်စွဲခြင်း၊ ထိန်းသိမ်းခြင်း၊ ဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်း၊ ပြစ်ဒဏ်ချမှတ်ခြင်း၊ အကျဉ်းချခြင်းခံရတဲ့ ဆင်းရဲနွမ်းပါးသူတွေ၊ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေ၊ အထူးပြုစုစောင့်ရှောက်မှုလိုအပ်နေသူတွေ၊၊ သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်း တွေ၊ ခုခံအားကျဆင်းမှုရောဂါ သို့မဟုတ် အခြားကူးစက်မြန်ရောဂါ ခံစားနေရသူမျတွေ၊ နိုင်ငံမဲ့တွေ၊ နိုင်ငံရေး ခိုလှုံခွင့်တောင်းခံသူတွေ၊ နိုင်ငံခြားသားတွေ၊ရွှေ့ပြောင်းနေထိုင်သူတွေ၊ ရွှေ့ပြောင်းလုပ်သားတွေ၊ ဒုက္ခသည်တွေ ဖြစ်ပါတယ်။
ပြစ်မှုကျူးလွန်ခံရခြင်းကြောင့် နစ်နာသူတွေနဲ့၊ ထူးခြားအကြောင်းအရာ တစ်ခုခုကြောင့် အကူအညီတောင်းခံလာတဲ့ ပြစ်မှုနဲ့ဆိုင်တဲ့ သက်သေတွေလည်း ဒီစာရင်းမှာပါပါတယ်။
အခုပြင်ဆင်လိုက်တဲ့ ဥပဒေမှာ ဥပဒေဆိုင်ရာအထောက်အကူတောင်းခံခွင့်ရှိသူတွေစာရင်းကနေ နိုင်ငံမဲ့တွေ၊ နိုင်ငံရေး ခိုလှုံခွင့်တောင်းခံသူတွေ၊ နိုင်ငံခြားသားတွေ၊ရွှေ့ပြောင်းနေထိုင်သူတွေ၊ ရွှေ့ပြောင်းလုပ်သားတွေ၊ ဒုက္ခသည်တွေ ကို ပယ်ဖျက်လိုက်တာ ဖြစ်ပါတယ်။
ဒါ့အပြင် အကူအညီတောင်းခံခွင့်ရှိသူတွေကလည်း တရားစွဲခြင်းနဲ့ ပြစ်ဒဏ်ချမှတ်ခံရသူတွေပဲ တောင်းခံခွင့်ရတော့မှာဖြစ်ပြီး စွပ်စွဲခြင်း၊ ထိန်းသိမ်းခြင်း၊ ဖမ်းဆီးခြင်း၊ အကျဉ်းချခြင်းခံရသူတွေက အရင်ကလို တောင်းခံခွင့်မရှိတော့ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, U Nyan Win's Facebook
အကူအညီပေးသူတွေအပေါ် ကန့်သတ်မှု
အခုပြင်ဆင်လိုက်တဲ့ ဥပဒေမှာ ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့မှာ လွှတ်တော်အမတ်တွေနဲ့ နိုင်ငံရေးပါတီဝင်တွေ ပါဝင်ခွင့်မရှိတော့ဘူးလို့ ကန့်သတ်လိုက်ပါတယ်။
ဒီကန့်သတ်ချက်ဟာ ပြည်နယ်နဲ့တိုင်း၊ မြို့နယ်အဆင့်တွေအထိလည်း အကျုံးဝင်ပါတယ်။ ဒါကြောင့် လွှတ်တော်အမတ်တွေနဲ့ နိုင်ငံရေးပါတီဝင်တွေဟာ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့အဆင့်ဆင့်မှာ ပါခွင့်ရတော့မှာ မဟုတ်ပါဘူး။
ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်၂၀၁၇ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ ဥက္ကဋ္ဌ က ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းဖြစ်ပြီး လက်ရှိမှာတော့ ဖမ်းဆီးထိန်းသိမ်းခံထားရတာပါ။
ဥပဒေအကူအညီပေးရချင်တဲ့ အဖွဲ့အစည်းတွေကို အသိအမှတ်ပြုအဖွဲ့အစည်းအဖြစ် ခွင့်ပြုပေးဖို့ လိုအပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့က သတ်မှတ်ပေးရတာပါ။
အခုတော့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို တင်ပြရတော့မှာဖြစ်ပါတယ်။
ဒါ့အပြင် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့မှာ ပါဝင်တဲ့ရှေ့နေဟာ ဒီဥပဒေအရလိုက်ပေးတဲ့အမှုကလွဲရင် တခြားအမှုတွေလိုက်လို့ မရတော့ဘူးဆိုတဲ့ အချက်ကိုပါ ထည့်လိုက်တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အကူအညီတွေအပေါ် ကန့်သတ်မှု
တရားရုံး၊ ဥပဒေရုံး၊ ရဲတပ်ဖွဲ့၊ အကျဉ်းဦးစီးဌာနနဲ့ တရားစွဲအဖွဲ့အစည်းတွေဟာ ဥပဒေ ဆိုင်ရာ အထောက်အကူ တောင်းခံခွင့်ရှိသူတွေ အတွက် ဥပဒေဆိုင်ရာ အထောက်အကူရရှိဖို့ သက်ဆိုင်ရာ ဥပဒေဆိုင်ရာ အထောက် အကူပေးရေးအဖွဲ့ တွေနဲ့ ပူးပေါင်းဆောင်ရွက်ရမယ်ဆိုတဲ့ ပုဒ်မကို စစ်ကောင်စီက ပယ်ဖျက်ခဲ့ပါတယ်။
ဒါ့အပြင် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အဆင့်ဆင့်က လိုအပ်တဲ့ အကူအညီ တောင်းခံလာရင် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းတွေက အကူအညီပေးရမယ်ဆိုတဲ့ အချက်ကိုလည်း ပယ်ဖျက်လိုက်တာပါ။
အရင် ဥပဒေအရ ဆိုရင် ဥပဒေဆိုင်ရာ အထောက်အကူပေးသူတွေဟာ ဖမ်းဆီးထိန်းသိမ်းထားခံရသူတွေနဲ့ပတ်သက်လို့ ရဲစခန်း ဒါမှမဟုတ် အခြားတစ်နေရာမှာ ဖမ်းဆီးထိန်းသိမ်းခံထားရရင် မိသားစုတွေကို အသိပေးအကြောင်းကြားပေးနိုင်တဲ့အပြင် တခြားလိုအပ်တဲ့ ဥပဒေဆိုင်ရာ အထောက်အကူတွေပေးနိုင်ပါတယ်။
အခုပြင်ဆင်တဲ့ ဥပဒေမှာ အဲ့ဒီလိုအကူအညီပေးနိုင်တဲ့ ပုဒ်မခွဲကို ပယ်ဖျက်ထားပါတယ်။
ဒါ့အပြင် တရားရုံးမှာ ချုပ်မိန့် တောင်းတဲ့အခါမှာဖြစ်စေ၊ ချုပ်မိန့်နဲ့ ဆက်လက်ချုပ်နှောင်ခံရတဲ့အခါမှာ ဖြစ်စေ ခုခံချေပနိုင်ရေးအတွက်လည်း ဥပဒေဆိုင်ရာ အထောက်အကူပေးရမှာဖြစ်ပါတယ်။ ဒီအထောက်အကူပေးနိုင်မှုကိုလည်း ပယ်ဖျက်လိုက်ပြန်ပါတယ်။
အရင်ဥပဒေမှာ တရားစွဲတင်မယ့် ရဲတပ်ဖွဲ့ နဲ့ သက်ဆိုင်ရာအဖွဲ့အစည်းက စုံစမ်းစစ်ဆေးတဲ့အခါ ခုခံချေပနိုင်ဖို့ ဥပဒေဆိုင်ရာ အထောက်အကူပေးလို့ရပါတယ်။ အဲ့ဒီအထောက်အကူပေးမှုကိုလည်း ထပ်ပယ်ဖျက်ထားပြန်ပါတယ်။
တရားရုံးမှာ အမှုစစ်ဆေးဆဲ ကာလအတွင်း လိုအပ်တဲ့ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးတစ်ခုထဲကိုသာ ခွင့်ပြုမှာဖြစ်ပါတယ်။
နိုင်ငံခြားသားတွေကို ဥပဒေဆိုင်ရာ အထောက်အကူရရှိနိုင်ဖို့ စကားပြန်မှတစ်ဆင့် ရှင်းလင်းပြောကြားတာတွေ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် သက်ဆိုင်ရာကောင်စစ်ဝန်ရုံး သို့မဟုတ် သံရုံးကို အကြောင်းကြားပေးရမယ်ဆိုတဲ့ ပြဌာန်းချက်တွေကို ပယ်ဖျက်လိုက်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်မှာ တိုင်းနဲ့ပြည်နယ်၊မြို့နယ်အဆင့်တွေအထိ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့တွေ ဖွဲ့စည်းနိုင်ခဲ့ပြီး အကူအညီပေးခဲ့ကြပါတယ်။
ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပြဋ္ဌာန်းခဲ့ပြီး NLD အစိုးရလက်ထက်မှာ ကျင့်သုံးခဲ့တဲ့ ဒီဥပဒေထဲက အဓိကကျတဲ့ အခွင့်အရေးတွေ အားလုံးနီးပါးကို စစ်ကောင်စီက ပြန်ပြင်လိုက်တာလို့ ဥပဒေသမားတွေက သုံးသပ်ကြပါတယ်။
'ဒါက ဒီမိုကရေစီကနေ စစ်အုပ်ချုပ်ရေးကို ပြန်သွားတယ်ဆိုတာ ပြတာပဲ။' လို့ ဦးကြီးမြင့်က ပြောပါတယ်။








