ပြည်တွင်းသတင်းဌာနတွေကို လိုင်စင်ရုပ်သိမ်းလိုက်ခြင်းနဲ့ မြန်မာ့မီဒီယာအလားအလာ

ကင်မရာကိုင်ပြီး သတင်းဓာတ်ပုံရိုက်ယူရင်တောင် ပစ်မှတ်ထားဖမ်းဆီးခံရတဲ့အခြေအနေမှာရှိလာ

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ, ကင်မရာကိုင်ပြီး သတင်းဓာတ်ပုံရိုက်ယူရင်တောင် ပစ်မှတ်ထားဖမ်းဆီးခံရတဲ့အခြေအနေမှာရှိလာ

တပ်မတော်ကအာဏာရယူပြီး ၃၆ ရက်အကြာ မနေ့က မတ် ၈ ရက်နေ့မှာတော့ ပြည်တွင်းသတင်း ဌာနတွေဖြစ်တဲ့ 7days ၊ ရုပ်သံလိုင်းတွေဖြစ်တဲ့ DVB၊ Mizzima နဲ့ အွန်လိုင်းမီဒီယာ တွေဖြစ်တဲ့ မြန်မာနောင်း၊ ခေတ်သစ် စတဲ့ မီဒီယာ ၅ခုကို စစ်ကောင်စီက ခန့်အပ်ထားတဲ့ ပြန်ကြားရေးဝန်ကြီးဌာန ကနေ ထုတ်ဝေခွင့်လိုင်စင်တွေ ရုပ်သိမ်း လိုက်ကြောင်း တပ်ပိုင် မြဝတီ ရုပ်သံကနေ ကြေညာခဲ့ပါတယ်။

အဲဒီကြေညာချက်မှာ ရုပ်သိမ်းခံရတဲ့ မီဒီယာတွေအနေနဲ့ မီဒီယာအမျိုးအစားတစ်ခုခုကို အသုံးပြုပြီး ဒါမှမဟုတ် နည်းပညာတစ်ခုခုကို အသုံးပြုပြီး ရေးသားထုတ်ဝေတာတွေ မလုပ်ရဘူး လို့လည်း ပါပါတယ်။

လိုင်စင်ရုပ်သိမ်းတဲ့အပေါ် မီဒီယာတွေရဲ့ တုံ့ပြန်ချက်

တပ်က အာဏာရယူထားတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ပြည်တွင်းမှာ ထုတ်လွှင့်ခွင့်ပိတ်ခံထားခဲ့ရတဲ့ ရုပ်သံလိုင်းတွေဖြစ်တဲ့ DVB နဲ့ Mizzima ရုပ်သံလိုင်းတွေကတော့ လွတ်လပ် သောသတင်းဌာန တွေအနေနဲ့ ဆက်လက်ရပ်တည်သွားမှာဖြစ်ပြီး ဖေ့စ်ဘွတ်၊ ယူကျူစတဲ့ အွန်လိုင်းပလက်ဖောင်းတွေကနေ သတင်းတွေဆက်လက်တင်ဆက်သွားမှာဖြစ်သလို PSI စလောင်းတွေကနေတဆင့်လည်း ရုပ်သံထုတ် လွှင့်မှုတွေကိုဖမ်းယူကြည့်ရှုနိုင်မှာဖြစ်တယ်လို့ တရားဝင်ထုတ်ပြန်အသိပေးထားကြပါတယ်။

လူထုဆန္ဒပြပွဲတွေသတင်းရယူခဲ့တဲ့ သတင်းသမားအချို့ ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ဖမ်းဆီးခံထားရ

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ, လူထုဆန္ဒပြပွဲတွေသတင်းရယူခဲ့တဲ့ သတင်းသမားအချို့ ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ဖမ်းဆီးခံထားရ

ပြည်တွင်းမှာ ဆယ်စုနှစ် ၂ခုနီးပါး သတင်းသြဇာကြီးမားစွာ ရပ်တည်ထုတ်ဝေခဲ့တဲ့ 7 days သတင်းဌာနကတော့ ရပ်ဆိုင်းခံရတဲ့အပေါ် တရားဝင်ထုတ်ပြန်ကြေညာတာမျိုးမရှိသေးပေမယ့် မတ် ၈ ရက်ညပိုင်းမှာပဲ အွန်လိုင်းပလက်ဖောင်းအသီးသီးက 7days သတင်းစာမျက်နှာတွေကို ဖြုတ်ချထားခဲ့ပြီး ဂျာနယ်အပြင် အွန်လိုင်းကတဆင့် သတင်းထုတ်လွှင့်မှုတွေကိုပါ ရပ်ဆိုင်းထားဖွယ်ရှိနေတယ်လို့ ဝန်ထမ်းအချို့က ဘီဘီစီ ကို ပြောပါတယ်။

အွန်လိုင်းမီဒီယာတွေဖြစ်တဲ့ ခေတ်သစ်သတင်းဌာနကတော့ လိုင်စင်ရုပ်သိမ်းတဲ့ကြေညာချက်ထွက် အပြီး မှာတော့ ပြည်တွင်းမှာရှိတဲ့ အယ်ဒီတာ၊ သတင်းထောက်နဲ့ ဝန်ထမ်းအားလုံး အသီးသီးနှုတ်ထွက် သွားပြီး အယ်ဒီတာချုပ်တစ်ဦးတည်းနဲ့သာ သတင်းမီဒီယာအဖြစ်ဆက်လက် ရပ်တည်လည်ပတ်သွားမှာဖြစ်ပြီး စစ်အာဏာရှင်ချုပ်ငြိမ်းရေးအတွက် ပြည်သူနဲ့အတူ ဆက်လက်ရပ်တည်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒီထဲကမှ လိုင်စင်ရုပ်သိမ်းခံရသလို မတ် ၈ ရက် နေ့လယ်ပိုင်းမှာ သတင်းဌာနရုံးခန်းကို တပ်ကဝင်ရောက် စီးနင်းရှာဖွေတာကိုခံခဲ့ရတဲ့ မြန်မာနောင်းသတင်းဌာနကတော့ မတ် ၉ ရက် နေ့လယ်ပိုင်းအထိ တစ်စုံတစ်ရာထုတ်ပြန်လာတာမျိုးမရှိသေးပါဘူး။

မြန်မာနောင်းနည်းတူ မတ် ၉ ရက်နေ့ နေ့လယ်ပိုင်းမှာတော့ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ စံရိပ်ငြိမ်မှာရှိတဲ့ ကမာရွတ်မီဒီယာကို ဒီနေ့ မတ်လ ၉ ရက် နေ့လယ်ပိုင်းမှာ အာဏာပိုင်တွေက ဝင်ရောက်စီးနင်း ရှာဖွေ တာတွေလုပ်ခဲ့တယ်လို့ မျက်မြင်တွေကပြောပါတယ်။

ရှာဖွေချိန် နှစ်နာရီလောက်ကြာမြင့်တယ်လို့သိရပြီး ကမာရွတ်မီဒီယာတည်ထောင်သူအယ်ဒီတာချုပ် ဦးနေသန်မောင်နဲ့ တွဲဖက်တည်ထောင်သူ ဦးဟံသာညိမ်းတို့ကို ဖမ်းဆီးသွားတယ်လို့ ဦးဟံသာညိမ်းရဲ့ ညီမဖြစ်သူ ကဘီဘီစီကိုအတည်ပြုပါတယ်။

"အဲဒီအချိန်တော့ ကျွန်မရုံးမှာ ရှိမနေဘူး၊ ဒါပေမဲ့ ဒီက မျက်မြင်တွေလှမ်းပြောချက်အရ သူတို့ပါသွားတယ်လို့ သိရတယ်။ နောက် လမ်းထဲက CCTV တွေကို ဖျက်ဆီးသွားတယ်" လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ထုတ်ဝေခဲ့တဲ့ 7days သတင်းစာ
ဓာတ်ပုံ ပုံစာ, ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ထုတ်ဝေခဲ့တဲ့ 7days သတင်းစာ

တစ်လကျော်ကာလအတွင်း ဆုတ်ယုတ်လာတဲ့ သတင်းလွတ်လပ်ခွင့်

မီဒီယာအချို့ကို လိုင်စင်ရုပ်သိမ်းကြောင်း မကြေညာခင်ကတည်းက လူထုဆန္ဒပြပွဲတွေမှာ သတင်းရယူ နေတဲ့ သတင်းသမားတွေကို ပစ်မှတ်ထားဖမ်းဆီးတာ၊ နေအိမ်တွေအထိ အင်အားသုံး ဖမ်းဆီးခေါ် ဆောင်တာတွေရှိနေတာပါ။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သတင်းသမား ၄၀ ထက်နည်း ဖမ်းဆီးခံခဲ့ရပြီး အချို့ကိုပြန်လွှတ်ပေးခဲ့ပေမယ့် အများစုကိုဆက်လက်ထိန်းသိမ်းထားပြီး ၈ ဦးထက်မနည်းတဲ့ သတင်းသမား တွေကိုတော့ မီဒီယာဥပဒေ မဟုတ်တဲ့ ပုဒ်မ ၅၀၅ ကနဲ့ အမှုဖွင့်စွဲဆိုထားပါတယ်။

တဆက်တည်းမှာပဲ သတင်းသမားတွေရဲ့ သတင်းရယူခွင့်အခက်အခဲတွေနဲ့ အခြေအနေအရပ်ရပ်တွေကြား မြန်မာတိုင်းမ်သတင်းဌာနက အပတ်စဉ်ထုတ်ဝေနေတဲ့စာစောင်တွေကို ၃ လတာ ရပ်နားလိုက်သလို Eleven သတင်းစာကိုလည်း မတ် ၁၀ ရက်နေ့ကစပြီး ဧပြီလအထိ ယာယီရပ်နားမယ်လို့ ကြေညာထားပါတယ်။

DVB ရုပ်သံက မြိတ်အခြေစိုက် သတင်းထောက် ကိုအောင်ကျော်ကို ညပိုင်းမှာ စစ်၆စီးခန့်နဲ့ လာရာက်ခေါ်ဆောင်သွားခဲ့

ဓာတ်ပုံ ရင်းမြစ်, DVB

ဓာတ်ပုံ ပုံစာ, DVB ရုပ်သံက မြိတ်အခြေစိုက် သတင်းထောက် ကိုအောင်ကျော်ကို ညပိုင်းမှာ စစ်၆စီးခန့်နဲ့ လာရာက်ခေါ်ဆောင်သွားခဲ့

သတင်းမီဒီယာကန့်သတ်မှုနဲ့ ရှေ့အလားအလာ

' ' ၅ ခုကိုရပ်တယ်ဆိုတာကရှေ့ပြေးပဲ။ သူတို့ကဒီလိုပဲ စံနမူနာရှေ့ပြေးအနေနဲ့လုပ်ပြလေ့ရှိတယ်။ နောက်လည်း သူတို့မျက်စိထဲ အဆင်မပြေတဲ့ သတင်းစာတွေ သတင်းဌာနတွေကို ချိုးနှိမ်ဖို့လုပ်ဦးမှာပဲ။ အခုထုတ်ဝေခွင့်ပိတ်ထားတဲ့ သတင်းသမားတွေကိုလည်း ဒုက္ခပေးနိုင်တယ်။ သတင်းဌာနရုံးတွေကို ဝင်စီးတာမျိုးတွေဖြစ်နိုင်တယ်။'' မီဒီယာတွေရဲ့ အရှေ့အလား အလာနဲ့ပတ်သက်ပြီး အေပီသတင်းဌာနမှာ နှစ်ပေါင်းများစွာလုပ်ကိုင်ခဲ့တဲ့ ဝါရင့်သတင်းသမားတစ်ဦးဖြစ်တဲ့ ဒေါ်အေးအေးဝင်းက ဘီဘီစီကိုပြောပါတယ်။

လက်ရှိအခြေအနေတွေကြောင့် NLDအရပ်သားအစိုးရမတိုင်ခင် ဦးသိန်းစိန်အစိုးရလက်ထက် ဖြစ်တဲ့ ၂၀၁၂ မှာ ပယ်ဖျက်ခဲ့တဲ့ စာပေစိစစ်ရေးဆိုတာတွေလည်း ပြန်ပေါ်လာနိုင်ပြီး မြန်မာ့ မီဒီယာလောကဟာ ၂၀၁၀ မတိုင်ခင် စစ်အစိုးရအုပ်ချုပ်တဲ့ကာလတွေဆီပြန်ရောက်သွားနိုင်တယ်လို့ DVBရုပ်သံရဲ့ ဒါရိုက်တာ ဦးတိုးဇော်လတ်က ဘီဘီစီကိုမှတ်ချက်ပြုပါတယ်။

' ' ဒါကသူတို့ အာဏာတည်မြဲဖို့ပေါ့။ အမှန်တရားတစ်ခုကိုပဲ ဒါက တပ်ရဲ့အမှန်တရားပေါ့။ ဒါကိုပဲ လူတွေ ကို ကြားစေချင်တယ်။ သိစေချင်တယ်။ ဒါကြောင့် နည်းမျိုးစုံနဲ့ သူတို့လုပ်မှာပဲ ။''လို့ သူကပြောပါတယ်။

မြန်မာနောင်း သတင်းထောက်ကို ဖမ်းဆီးခဲ့

ဓာတ်ပုံ ရင်းမြစ်, Social Media

ဓာတ်ပုံ ပုံစာ, မြန်မာနောင်း သတင်းထောက်ကို ဖမ်းဆီးခဲ့

ပြည်တွင်းမှာ သတင်းရယူခွင့်အကန့်အသတ်တွေရှိလာတာကြောင့် မြန်မာ့မီဒီယာလွတ်လပ်ခွင့်အဆင့်ဟာ ဒီထက်ပိုကျဆင်းလာနိုင်တယ်လို့လည်း ဆိုပါတယ်။

' ' လက်ရှိမြန်မာရဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်က နိုင်ငံ ၁၈၀ မှာ ၁၃၉ ဗျ။ ကျွန်တော်ထင်ပါတယ်။ အခု ရီပို့ပြန်တက်ရင်တော့ တော်တော်ဆိုးဆိုးဝါးဝါးပြန်ကျဆင်းသွားလိမ့်မယ်။''

ဦးတိုးဇော်လတ်နည်းတူ ဒေါ်အေးအေးဝင်းကလည်း

' ' အောက်ခြေအထိ ပြန်ကပ်သွားနိုင်ပါတယ်။ ပထမပိုင်းတော့ ပြယုဂ်အနေနဲ့ ပေးထားတာပေါ့လေ။ အခုက ဒီမိုကရေစီလည်း မရှိတော့တဲ့ အနေအထားဆိုတာ လူတိုင်းသိပါတယ်။ ပြယုဂ်ကလည်းမလိုတော့ဘူး ဆိုတာသူတို့သိလာချိန်မှာ ဇီးရိုးအထိလည်း ကျသွားနိုင်ပါတယ်'' လို့ ထပ်လောင်းပြောဆိုပါတယ်။

မနေ့ကစမ်းချောင်းမှာ ညပိုင်း တပ်နဲ့ရဲကပိတ်ဆို့ထားတဲ့ဖြစ်စဉ်အပါအဝင် ဖြိုခွင်းမှုဖြစ်စဉ်အများစုမှာလည်း ပြည်သူတွေက ရုပ်သံနဲ့ ဓာတ်ပုံမှတ်တမ်းတွေရယူရိုက်ကူးခဲ့ကြ
ဓာတ်ပုံ ပုံစာ, မနေ့ကစမ်းချောင်းမှာ ညပိုင်း တပ်နဲ့ရဲကပိတ်ဆို့ထားတဲ့ဖြစ်စဉ်အပါအဝင် ဖြိုခွင်းမှုဖြစ်စဉ်အများစုမှာလည်း ပြည်သူတွေက ရုပ်သံနဲ့ ဓာတ်ပုံမှတ်တမ်းတွေရယူရိုက်ကူးခဲ့ကြ

၂၁ ရာစုမှာ သတင်းအချက်အလက်စီးဆင်းမှုတွေကိုကန့်သတ်ဖို့ ရာနှုန်းပြည့်ဖြစ်နိုင်ပါ့မလား

ပြည်တွင်းမှာ တရားဝင်ထုတ်ဝေနေတဲ့ သတင်းဌာနတွေကို ကန့်သတ်ရုပ်သိမ်းလိုက်ပေမယ့်လည်း ၂၁ ရာစု မြန်မာ့နွေဦးတော်လှန်ရေးမှာ သတင်းအချက်အလက်စီးဆင်းမှုဟာ မီဒီယာသမား တွေဆီကဘဲလာနေတာတော့မဟုတ်ပါဘူး။

Citizen journalists လို့ ခေါ်တဲ့ ဘယ်သူမဆို မိုဘိုင်းဖုန်းတစ်လုံးနဲ့ မှတ်တမ်းရယူကာ အွန်လိုင်းပလက် ဖောင်းတွေကနေ အချိန်နဲ့တပြေးညီတင်ပြနိုင်နေတာကြောင့် သတင်း အမှောင်ချဖို့ဆိုတာကမလွယ်လှဘူးလို့လည်း မှတ်ချက်ပြုကြပါတယ်။

' ' တခုတော့ရှိတာပေါ့လေ။ နိုင်ငံတကာအစိုးရတွေနဲ့ အဖွဲ့အစည်းတွေကတော့ ခိုင်ခိုင်မာမာရပ်တည်နေတဲ့ ပြည်တွင်းသတင်းဌာနတွေရဲ့အရင်းအမြစ်ကိုသုံးလေ့ရှိတာ။ အဲဒါကတော့ အင်မတန်နစ်နာတာပေါ့လေ။''လို့ မအေးအေးဝင်းက မှတ်ချက်ပြုပြောဆိုပါတယ်။

အဆိုးရွားဆုံးဖြစ်လာနိုင်ခြေအနေနဲ့ ပြည်တွင်းကသတင်းဌာနတွေဟာ လိုင်စင်ပြန်လည်ရုပ်သိမ်းခြင်းမခံရသည့်တိုင် လွတ်လပ်စာရေးသားထုတ်ဝေခွင့်ထက်

' ' ကျွန်တော်ထင်တယ်။ လုပ်ချင်ရင်သူတို့ခွင့်ပြုတဲ့ သူတို့သတင်းကိုပဲပေးလိမ့်မယ်။ တော်တော်ကြပ်ကြပ် တည်းတည်းပြန်ဖြစ်လာလိမ့်မယ်။ အဲဒီသံသရာကတော့ တစ်ပတ်ပြန်လည် လာဦးမယ်လို့ ထင်ပါတယ်''' လို့ ဦးတိုးဇော်လတ်ကမှတ်ချက်ပြုပါတယ်။