ပင်စင်အတွက် ဝန်ထမ်းလစာထဲက အချိုးကျထည့်ရမယ့် စနစ် စီစဥ်

ပြည်ထောင်စုလွှတ်တော်

ဓာတ်ပုံ ရင်းမြစ်, Pyidaungsu Hluttaw

ဓာတ်ပုံ ပုံစာ, ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေကို ကျပ် ဘီလျံ ၁၀၀ နဲ့ စတင်မတည်ဖို့ လျာထားမယ်

ပင်စင်စားတွေရဲ့အကျိုးခံစားခွင့်ကို အစိုးရနဲ့ ဝန်ထမ်းတွေရဲ့ လစဉ် အချိုးကျ ထည့်ဝင်ငွေကနေ ချီးမြှင့်ဖို့ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေဥပဒေကြမ်း မကြာခင် လွှတ်တော်ကို ရောက်လာဖို့ရှိပါတယ်။

ဒါ့အပြင် ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေကို ကျပ် ဘီလျံ ၁၀၀ နဲ့ စတင်မတည်ဖို့ လျာထားတယ်လို့ စီမံကိန်းဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာန ဒုဝန်ကြီးဦးမောင်မောင်ဝင်းက ဇူလိုင် ၁၃ ရက်က ကျင်းပတဲ့ပြည်ထောင်စုလွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

အဲဒီဥပဒေကြမ်းအရ ဝန်ထမ်းတစ်ဦးဟာ ပင်စင်အပြည့်အဝရရှိဖို့ ဝန်ထမ်းထည့်ဝင်ကြေးကို အနည်းဆုံး ၁၅ နှစ်ဆက်တိုက် လစဉ် ထည့်ဝင်ရမှာ ဖြစ်ပါတယ်။

တကယ်လို့ ဝန်ထမ်းက ကိုယ့်ဆန္ဒအရ အလုပ်ထွက်တာ၊ ဒါမှမဟုတ် ရာထူးက ထုတ်ခံရတာ၊ ဝန်ထမ်း အဖြစ်က ထုတ်ပယ်ခံရတယ်ဆိုရင် ထည့်ဝင်ထားတဲ့ ဝန်ထမ်းထည့်ဝင်ကြေးကို သတ်မှတ်ချက်နဲ့အညီ ပြန်လည်တောင်းခံခွင့်ရှိတယ်လို့လည်း ပါရှိပါတယ်။

ပြစ်မှုပြစ်ဒဏ်တွေကတော့ ပင်စင်ခံစားခွင့်ကို ခွင့်ပြုချက်မရဘဲ လက်ခံ၊ပေါင်နှံ၊ ရောင်းချတာမျိုး လုပ်ခဲ့ရင် ထောင် ခြောက်လ အထိပြစ်ဒဏ်ချမှတ်နိုင်သလို ငွေဒဏ်လည်း ချမှတ်နိုင်ပြီး ဒဏ်နှစ်ရပ်လုံးလည်း ချမှတ် နိုင်တယ်လို့ ဖော်ပြထားပါတယ်။

လစဉ် စုဆောင်းငွေတွေကို အငြိမ်းစား ယူချိန်မှာ အတိုးအပွားများ၊ အကျိုးအမြတ်များနှင့်အတူ လုပ်သက်ဆုငွေ၊ လစဉ် ပင်စင်လစာတွေ ထုတ်ယူနိုင်မှာဖြစ်တယ်လို့ ပင်စင်ဦးစီးဌာနက ပြောကြားထားပါတယ်။

မြန်မာနိုင်ငံမှာလူမှုဘဝလုံခြုံရေးအထောက်အပံ့အားနည်းနေတဲ့အတွက် ပင်စင်ရန်ပုံငွေဟာ လိုအပ်တယ်လို့ ပြည်သူ့ရေးရာမူဝါဒစီမံခန့်ခွဲမှုအရေး ကျွမ်းကျင်သူ ဦးခိုင်ဝင်းက ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် ဒီစနစ်က စင်ကာပူနိုင်ငံက CPF - Central Provident Fund လို လုပ်တယ်လို့ ကြားရတဲ့အကြောင်း သူက ပြောပါတယ်။

တစ်ဖက်မှာလည်း အခြေခံလစာနည်းပါးရတဲ့အထဲ လစာထဲက ရာခိုင်နှုန်းတစ်ခု လစဉ်ထည့်ဝင် ပေးရမယ့်အပေါ် စိုးရိမ်နေတဲ့ ဝန်ထမ်းတချို့လည်း ရှိနေပါတယ်။

လစာနည်း ဝန်ထမ်းတွေဆီက ပေးရမယ့် အချိုးကျငွေ များနေရင် ဝန်ထမ်းတွေ ဝန်ထုပ်ဝန်ပိုး ဖြစ်မှာစိုးရိမ်ရလို့ အောက်ခြေက ဝန်ထမ်းတွေဆီက သဘောထားနားထောင်ပြီး စဥ်းစားပြီးလုပ်ရင် အားလုံးအတွက် အကျိုးရှိမယ်လို့ အစိုးရဝန်ထမ်းတစ်ဦးက ပြောပါတယ်။

အစိုးရက ကောက်ခံရရှိတဲ့ အခွန်ငွေစုစုပေါင်းရဲ့ ခြောက်ပုံတစ်ပုံကို ဝန်ထမ်းပင်စင်အတွက် အသုံးပြုနေရပြီး ပင်စင်အသုံးစရိတ်ဟာ နိုင်ငံစုစုပေါင်းအသုံးစရိတ်ရဲ့ ၁၀ ရာခိုင်နှုန်းနီးပါးရှိတယ်လို့ စီမံဘဏ္ဍာနဲ့ စက်မှု ဝန်ကြီး ဦးစိုးဝင်းက ပြောကြားထားပါတယ်။

လက်ရှိမှာ ပင်စင်စား ဦးရေဟာ တစ်သန်းနီးပါးရှိပြီး နိုင်ငံ့ ဝန်ထမ်းဦးရေက စုစုပေါင်း ၁ ဒသမ၂ သန်းရှိကြောင်း ပင်စင်ဦးစီးဌာန စာရင်းဇယားတွေအရ သိရပါတယ်။