သတင်းတုတင်သူတွေကို သက်သေအခိုင်အမာရရင် တရားစွဲမယ်လို့ သမ္မတရုံးပြော

အွန်လိုင်းပေါ်ကနေ သတင်းအမှားတွေ ဖြန့်ချိဖို့အတွက် အုပ်စုတစ်စုက ဆောင်ရွက်နေတယ်လို့ သမ္မတရုံးရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဒီကနေ့ ဇွန်လ ၂၆ ရက် နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
မကြာသေးခင်ရက်ပိုင်းကပဲ နိုင်ငံတော်အတိုင်ပင်ခံရုံး၀န်ကြီးဌာန ညွန်ကြားရေးမှူးချုပ်ဦးဇော်ဌေး အနားယူ သွားပြီးဆိုတဲ့ သတင်းအမှားတခု အင်တာနက်စာမျက်နှာတွေမှာ ရေးသားတာ တွေ့ခဲ့ရပါတယ်။
အဲဒီသတင်းကို Forword Media Group အွန်လိုင်းစာမျက်နှာက စတင်ရေးသားတာဖြစ်တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။
"အုပ်စုတစ်စုကနေ ငွေတွေပုံပေးပြီး ရွေးကောက်ပွဲအတွက် ရည်ရွယ်ချက်ရှိရှိ Group တွေဖွဲ့တယ်၊ Page တွေ လုပ်တယ်၊ မီဒီယာတွေ ထောင်တယ်၊ အဲဒီလူတွေ ပါဝင်ပတ်သက်နေတယ်ဆိုတာ ကျွန်တော်တို့သိတယ်၊
ကျွန်တော်တို့ သတိပေးပါတယ်။ ဒီထက်ပိုဆိုးလာရင် အရေးယူမှာ ဖြစ်တယ်။ တိတိကျကျ ဖော်ထုတ်ပြီး အရေးယူမယ်။
နိုင်ငံရေးအရ တရားမျှတသော ယှဥ်ပြိုင်ခြင်းတွေလုပ်ပါ။
အစိုးရမှာ အားနည်းချက်ရှိရင် ထောက်ပြပါ။
မှားယွင်းတဲ့သတင်းတွေကို ရည်ရွယ်ချက်ရှိရှိ ဖြန့်တယ်၊ အဲဒီပို့စ်ဆိုရင် ပိုက်ဆံသုံးပြီး Boost လုပ်တာဖြစ်တယ်" လို့ သူက ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံရုံး၀န်ကြီးဌာန ၀န်ကြီးရုံးက ဒုတိယညွန်ကြားရေးမှူးချုပ်တစ်ဦးကို ညွန်ကြားရေးမှူးချုပ်အဖြစ် ရာထိုးတိုးမြှင့်ပေးလိုက်တဲ့သတင်းကို ဇွန်လ ၂၄ ရက်က နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။
ဒီထုတ်ပြန်ချက်ထွက်တဲ့နေ့မှာပဲ သတင်းမီဒီယာတချို့နဲ့ အင်တာနက်စာမျက်နှာတချို့မှာ ဦးဇော်ဌေး အနားယူ သွားတယ်ဆိုတဲ့ သတင်းတွေ ရေးသားခဲ့တာ ဖြစ်ပါတယ်။
ဒီလိုမဟုတ်မမှန်သတင်းရေးသားတဲ့သူတွေဟာ နေပြည်တော် အသိုင်းအဝိုင်းနဲ့ ဆက်စပ်နေသူတွေဖြစ်တယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။
သတင်းအတုတင်တဲ့ စာမျက်နှာတွေကို လုပ်နေတဲ့သူတွေကို သိတယ်လို့လည်း ပြောပါတယ်။
ဒါပေမဲ့ အဲဒီသူတွေက ဘယ်သူတွေဆိုတာကိုတော့ သူက အတိအကျ ထုတ်ဖော်မပြောခဲ့ပါဘူး။
အဲဒါတွေနဲ့ ပတ်သက်ပြီး သက်သေ ခိုင်ခိုင်မာမာရအောင် လုပ်နေတယ်၊ သက်သေအခိုင်အမာရရင် တရားဥပဒေနဲ့အညီ တရားစွဲမယ်လို့ ပြောပါတယ်။
ဒါ့အပြင် တရား၀င်မဟုတ်တဲ့သတင်းစာမျက်နှာတွေက ရေးသားတဲ့သတင်းတွေကို တရား၀င်မီဒီယာကြီးတချို့က ထပ်မံသတင်း ရေးသားတဲ့အပေါ်စိတ်မကောင်းဖြစ်တယ်လို့လည်း ဦးဇော်ဌေးက ဆိုပါတယ်။
ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေး အနားယူသွားပြီဆိုတဲ့သတင်းအမှားကို တရား၀င်မီဒီယာ လေးခု ကရေးသားခဲ့ပြီး ၃ ခုက ပြန်လည်တောင်းပန်ခဲ့ပြီးတခုက အဲဒီသတင်းမှားကို ပြန်လည်ဖြုတ်ချသွားခဲ့ပါတယ်။
အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေကို ချပေးမယ့် မြေဧက အကျယ်အဝန်းနဲ့ ပတ်သက်လို့ ဆိုရှယ်မီဒီယာပေါ်မှာ ချဲ့ကားပြောဆိုမှုတွေ ရှိတယ်လို့လည်း ဦးဇော်ဌေးက ဇွန်လ ၁၉ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါသေးတယ်။
အစိုးရခေါင်းဆောင်တွေယူတဲ့ မြေအကျယ်အဝန်းကို အွန်လိုင်းမှာ မဖြစ်နိုင်တဲ့ အတိုင်းအတာတွေကို ဖော်ပြပြီး ရည်ရွယ်ချက်ရှိရှိ ချဲ့ကား ရေးထားတယ်လို့ သူက ပြောခဲ့ပါတယ်။
အဲဒီလို လုပ်တာဟာ ၂၀၂၀ ရွေးကောက်ပွဲနီးလာချိန်မှာ disinformation campaign လုပ်တဲ့သဘောဖြစ်ပြီး နိုင်ငံရေးရည်ရွယ်ချက်နဲ့ လုပ်တယ်လို့ မြင်တယ်လို့လည်း သူက ဆိုပါတယ်။








