မြန်မာစစ်တပ်ကို ကလေးစစ်သား စုဆောင်းသူစာရင်းက ဖယ်ရှားမယ်

၂၀၁၂ ခုနှစ်ကနေ စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၉ ခုနှစ်အထိ စစ်မှုထမ်းကလေးသူငယ်ပေါင်း ၉၈၄ ဦးကို မိဘတွေထံလွှဲ ပြောင်းပေးခဲ့တယ်လို့ပြော

ဓာတ်ပုံ ရင်းမြစ်, SOE THAN WIN / GETTY IMAGES

ဓာတ်ပုံ ပုံစာ, ၂၀၁၂ ခုနှစ်ကနေ စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၉ ခုနှစ်အထိ စစ်မှုထမ်းကလေးသူငယ်ပေါင်း ၉၈၄ ဦးကို မိဘတွေထံလွှဲ ပြောင်းပေးခဲ့တယ်လို့ပြော

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်ရဲ့ ကလေးသူငယ်များနဲ့ လက်နက်ကိုင် ပဋိပက္ခများဆိုင်ရာ ၂၀၂၀ ခုနှစ် အစီရင်ခံစာမှာ မြန်မာစစ်တပ်ကို ကလေးစစ်သား စုဆောင်းမှု ပြုလုပ်တဲ့ လက်နက်ကိုင်တပ်ဖွဲ့ စာရင်းထဲကနေ ဖယ်ရှားမယ်လို့ ဖော်ပြလိုက်ပါတယ်။

မြန်မာ့တပ်မတော်မှာ ကလေးစစ်သားစုဆောင်းမှု သိသိသာသာ လျော့နည်းသွားသလို ဒီကိစ္စကို အရေးယူ အပြစ်ပေးမှုတွေ ဆက်ပြုလုပ်နေပြီး ကလေးစစ်သား စုဆောင်းမှုနဲ့ ပတ်သက်တဲ့ ဖြစ်ရပ်တွေကို ခြေရာခံဖော်ထုတ်ပြီး အစီရင်ခံဖို့ သဘောတူညီတာကြောင့် အခုလို စာရင်းထဲက ဖယ်ရှားဖို့ ဖြစ်လာတယ်လို့ ကုလအတွင်းရေးမှူးချုပ်ရဲ့ အစီရင်ခံစာက ဆိုပါတယ်။

ဒါပေမဲ့ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ ကျူးလွန်တဲ့စာရင်းမှာတော့ ဆက်ထည့်ထားမယ်လို့ ဆိုပါတယ်။

တပ်မတော်အနေနဲ့ ကလေးသူငယ်များစစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေးကို ၂၀၁၂ ခုနှစ်ကနေ စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၉ ခုနှစ်အထိ စစ်မှုထမ်းကလေးသူငယ်ပေါင်း ၉၈၄ ဦးကို မိဘတွေထံလွှဲ ပြောင်းပေးခဲ့တယ်လို့ တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

မှားယွင်းစုဆောင်းခဲ့တဲ့ တပ်မတော်က အရာရှိအဆင့် ၉၆ဦးနဲ့ အခြားအဆင့် ၃၅၂ ဦးကိုလည်း အရေးယူခဲ့တယ်ပြော
ဓာတ်ပုံ ပုံစာ, မှားယွင်းစုဆောင်းခဲ့တဲ့ တပ်မတော်က အရာရှိအဆင့် ၉၆ဦးနဲ့ အခြားအဆင့် ၃၅၂ ဦးကိုလည်း အရေးယူခဲ့တယ်ပြော

တပ်မတော်ဟာ ကလေးစစ်သားစုဆောင်းခဲ့တာ မရှိဘဲ မှားယွင်းစုဆောင်းခဲ့တာသာ ဖြစ်တယ်လို့လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

အဲ့ဒီလို မှားယွင်းစုဆောင်းခဲ့တဲ့ အရာရှိအဆင့် ၉၆ဦးနဲ့ အခြားအဆင့် ၃၅၂ ဦးကိုလည်း အရေးယူခဲ့တယ်လို့ ဆိုပါတယ်။

ကလေးစစ်သားအရေး ဆောင်ရွက်သူတစ်ဦးဖြစ်တဲ့ ဒေါ်လေးလေးက တော့ တပ်မတော်ဟာ ကလေးစစ်သားစုဆောင်းမှုတွေ ရှိနေဆဲဖြစ်တယ်လို့ ပြောပါတယ်။

တပ်မတော်မှာ ကလေးစစ်သားလုံးဝမရှိတော့တဲ့အကြောင်းနဲ့ အရင်က စုဆောင်းခဲ့ပြီး ခုအခါ တပ်ထဲမှာ အရွယ်ရောက်လာတဲ့သူတွေကိုလည်း သူတို့သဘောဆန္ဒနဲ့အညီ နုတ်ထွက်ခွင့် ပေးထားတယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ကလေးစစ်သား

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, မြန်မာ့တပ်မတော် အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေမှာ ကလေးစစ်သားတွေ ရှိတယ်လို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ လုံခြုံရေးကောင်စီကို တင်သွင်းတဲ့ ၂၀၁၂ နှစ်ပတ်လည် အစီရင်ခံစာမှာဖော်ပြ

ဒါပေမဲ့ လူ့အခွင့်အရေးချိုးဖောက်တာကြောင့် ကလေးတွေအပေါ် ထိခိုက်နစ်နာမှုတွေ ရှိနေသေးတဲ့ အဖွဲ့အစည်းအဖြစ် တပ်မတော်နဲ့နယ်ခြားစောင့်တပ်တွေကို ဆက်လက် ထည့်သွင်းထားပါတယ်။

အဲဒီစာရင်းမှာ ဝ ပြည် သွေးစည်း ညီညွတ်ရေးတပ်လည်း ပါဝင်ပါတယ်။

"ဝပြည်နယ်အတွင်းမှာရှိတဲ့ အလယ်တန်း၊အထက်တန်းကျောင်းတွေမှာ စစ်ရေးအသိပညာ၊ အတတ်ပညာ ဗဟုသုတရှိအောင်လို့ သူတို့ကို ပုံမှန်လေ့ကျင့်ပေးနေတဲ့ အစီစဥ်တွေရှိပြီးတော့ သူတို့လေ့ကျင့်နေတဲ့ အချိန်မှာ တပ်တံဆိပ်မပါတဲ့ ယူနီဖောင်းတွေ ပေးဝတ်တာလည်း ရှိပါတယ်။

အဲဒါကိုကြည့်ပြီး ဝစစ်သားတွေပါလို့ ကောက်ချက်ချရင် မှားပါလိမ့်မယ်"လို့လည်း ဝအဖွဲ့ရဲ့ ပြောခွင့်ရသူ ဦးညီရန်းက ဘီဘီစီကို ပြောပါတယ်။

ပဋိပက္ခတွင်း လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေ၊ အင်အားသုံးဆောင်ရွက်နေတဲ့စာရင်းမှာ တပ်မတော် ဆက်လက်ပါဝင်နေတာနဲ့ ပတ်သက်ပြီး တစ်ဦးချင်းရဲ့ ကျူးလွန်ဆောင်ရွက်မှုတွေသာဖြစ်ပြီး ဒါတွေကိုလည်း ဆက်လက်အရေးယူနေတယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ကလေး စစ်သား စုဆောင်းတဲ့ လုပ်ရပ် လုံးဝ ပပျောက်ဖို့ ဆွေးနွေး
ဓာတ်ပုံ ပုံစာ, ကလေးစစ်သား စုဆောင်းတဲ့ လုပ်ရပ် လုံးဝ ပပျောက်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၂၀၁၈ ခုနှစ် မှာ ကုလသမဂ္ဂကဆွေးနွေး

မြန်မာနိုင်ငံမှာ ကလေးစစ်သား အသုံးပြုမှုတွေ ပပျောက်ရေးအတွက် ဆောင်ရွက်ဖို့ မြန်မာ အစိုးရနဲ့ ကုလသမဂ္ဂတို့ ကြားမှာ သဘော တူညီချက် တစ်ရပ်ကို ၂၀၁၂ ခုနှစ်က လက်မှတ်ရေးထိုးခဲ့ပါတယ်။

နေပြည်တော် မှာ ကျင်းပခဲ့တဲ့ လက်မှတ် ရေးထိုးပွဲကို မြန်မာ အစိုးရဘက်က ကာကွယ်ရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းနဲ့ ကုလသမဂ္ဂ ဘက်က အထွေထွေ အတွင်းရေးမှူးချုပ် ရဲ့ ကလေးသူငယ်နဲ့ လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စရာဒီကာ ကုမာရဆွာမိ တို့က ဦးဆောင် တက်ရောက် ခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရ တပ်မတော် ဘက်ကရော၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ဘက်ကပါ ကလေးစစ်သား တွေအသုံးပြု နေကြပြီး အဲဒီလိုကလေးစစ်သားအသုံးပြုတဲ့ လက်နက်ကိုင်အဖွဲ့ အစည်း ၈ ဖွဲ့ ရှိတယ်လို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ရဲ့ လုံခြုံရေးကောင်စီ ကိုတင်သွင်းတဲ့ ၂၀၁၂ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

ကလေးစစ်သား တွေကို အသုံးပြုတဲ့ အတွက် ဆယ်စုနှစ်နဲ့ ချီပြီး စွပ်စွဲခံနေရတဲ့ မြန်မာ့ တပ်မတော်ဟာ ကလေး စစ်သား ပပျောက်ရေးအတွက် လုပ်တော့မယ် လို့ ကုလသမဂ္ဂ ကို ကတိပြု ပြီး ၈နှစ်အတွင်းမှာ အခုလိုစာရင်းကဖယ်ရှားဖို့ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

၂၀၁၇ ဇွန်လ ၂၃ ရက်က တပ်မတော်ကနေ နုတ်ထွက်ခွင့်ပေးတဲ့ ကလေးစစ်သားများ

ဓာတ်ပုံ ရင်းမြစ်, OFFICE OF THE COMMANDER-IN-CHIEF

ဓာတ်ပုံ ပုံစာ, ၂၀၁၇ ဇွန်လ ၂၃ ရက်က တပ်မတော်ကနေ နုတ်ထွက်ခွင့်ပေးတဲ့ ကလေးစစ်သားများ

မြန်မာနိုင်ငံဟာ ကုလသမဂ္ဂ အတွင်းရေးမှူးက ထုတ်ပြန်ထားတဲ့ ကလေးသူငယ်များကို စစ်မှုထမ်းစေခြင်းဆိုင်ရာ အစီရင်ခံစာထဲမှာ ဆိုးဆိုးဝါးဝါးလုပ်ဆောင်နေတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ၂၀၁၃ ခုနှစ်ကတည်းက ပါဝင်ခဲ့ပါတယ်။

စစ်ပွဲတွေ၊ ပဋိပက္ခတွေ ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေဟာ ကလေးစစ်သားအဖြစ် စုဆောင်းခံရတာ၊ မိသားစုလိုက် တိုက်ပွဲအတွင်း အသတ်ခံရတာတွေနဲ့ အရွယ်မရောက်သေးတဲ့ မိန်းကလေးတွေဟာ အဓမ္မပြုကျင့်ခံခဲ့ရတာတွေအထိ ရှိခဲ့တယ်လို့ ညီမျှခြင်းမြန်မာအဖွဲ့(Equality Myanmar) ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဘီဘီစီကို ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေကို ၂၀၁၉ ဇူလိုင်လ ၂၃ ရက်နေ့မှာ ပြဋ္ဌာန်းခဲ့ပါတယ်။

အသက်မပြည့်သေးတဲ့ ကလေးစစ်သားတွေနဲ့ ပတ်သက်လို့ အင်းစိန်အကျဉ်းထောင်ကနေ လွတ်မြောက်သွားခဲ့တဲ့ ကလေးစစ်သား ကိုအောင်ကိုထွေးရဲ့ အမှုကတော့ ထင်ရှားပါတယ်။