ကိုဗစ်၁၉ ပြည်တွင်းကူးစက်မှု နောက်တစ်ဦး ထပ်တွေ့၊၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် ၃၇ သန်းကျော်ရှိ၊ နိုင်ဂျီးရီးယားမှာ မုဒိမ်းမှု ၄၀ ကျော်ကျူးလွန်သူကို လူထုက ဝိုင်းဖမ်း

မြန်မာမှာ ကိုဗစ်လူနာအများစုက ပြည်ပကပြန်လာသူတွေဖြစ်ပြီး ပြည်တွင်းကူးစက်မှုတချို့ ထပ်တွေ့လာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU

ဓာတ်ပုံ ပုံစာ, မြန်မာမှာ ကိုဗစ်လူနာအများစုက ပြည်ပကပြန်လာသူတွေဖြစ်ပြီး ပြည်တွင်းကူးစက်မှုတချို့ ထပ်တွေ့လာပါတယ်။

(၁)ကိုဗစ်၁၉ ပြည်တွင်းကူးစက်မှု နောက်တစ်ဦး ထပ်တွေ့

ကိုဗစ် ၁၉ ပြည်တွင်းကူးစက်မှုလို့ ဆိုနိုင်တဲ့ နောက်ထပ် လူနာတစ်ဦးကို ကချင်ပြည်နယ်၊ မိုးမောက်မြို့မှာ တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ဇွန် ၁၁ ရက်မနက် ထုတ်ပြန်ချက်အရ သိရပါတယ်။

လူနာနံပါတ် ၂၄၉ ဖြစ်တဲ့ အသက် ၂၄ နှစ်အရွယ်အမျိုးသမီးဟာ ပြည်ပခရီးသွားရာဇဝင်မရှိသလို ကိုဗစ်၁၉ အတည်ပြုလူနာနဲ့ထိတွေ့မှုလည်းမရှိဘူးလို့ ဖော်ပြထားပါတယ်။

သူဟာ အသွားအလာကန့်သတ်ထားရှိသူ တစ်ဦးဖြစ်ပြီး ကိုဗစ်၁၉ ရှိကြောင်း ဓာတ်ခွဲအဖြေတွေ့ရှိပြီးတဲ့နောက် ဗန်းမော်မြို့ပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသဖို့စီစဉ်နေပါတယ်။

လူနာကို ဗန်းမော်ပြည်သူ့ဆေးရုံမှာထားရှိကုသပေးမှာပါ။

ဓာတ်ပုံ ရင်းမြစ်, MOHS

ဓာတ်ပုံ ပုံစာ, လူနာကို ဗန်းမော်ပြည်သူ့ဆေးရုံမှာထားရှိကုသပေးမှာပါ။

မေ ၁၇ ရက်နောက်ပိုင်း ပြည်တွင်းမှာ ကူးစက်သူမရှိတော့တာ သီတင်းနှစ်ပတ်ကျော်ကြာအပြီးမှာ ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့မှာ ဇွန်လ ၉ ရက်က တွေ့ရှိခဲ့တဲ့အတည်ပြုလူနာ ၂၄၅ ဟာ ပြည်တွင်းကူးစက်မှုတစ်ခုဖြစ်ပါတယ်။

သူဟာ မြစ်ကြီးနားက ကျောက်ထုတ်ရေးလုပ်ငန်းခွင်မှာ လမ်းလုပ်သားအဖြစ် လုပ်ကိုင်ပြီး ကချင်ပြည်နယ် မြစ်ကြီးနား (မြစ်ဆုံ) ကနေ ပခုက္ကူ-တောင်သာ-မိတ္ထီလာ-တောင်ကြီး လမ်းကြောင်းအတိုင်း အငှားယာဉ်နဲ့ ရှမ်းပြည်နယ် ဆီဆိုင်မြို့နယ် ပါလောပါကယ်ကျေးရွာအုပ်စု ဆိုက်ခေါက်ကျေးရွာကို ပြန်လာခဲ့သူဖြစ်ပါတယ်။ သူ့ကိုလည်း အသွားအလာကန့်သတ်ထားရာကနေ ဓာတ်ခွဲစစ်ဆေးတဲ့အခါ ကိုဗစ်-၁၉ ပိုးတွေ့ရတာဖြစ်ပါတယ်။

မြန်မာမှာ ဇွန် ၁၁ ရက်မနက်ထိ ကိုဗစ်၁၉ အတည်ပြုလူနာ ၂၄၉ ဦးရှိပြီး ရောဂါပိုးကင်းစင်သူက ၁၆၅ ဦးရှိပါတယ်။ အဲဒီထဲက ၁၄၈ ဦး ဆေးရုံက ဆင်းခွင့်ရခဲ့ပြီး သူတို့ကို အသွားအလာဆက်ကန့်သတ်ထားပါတယ်။ သေဆုံးသူက ၆ ဦးရှိပါတယ်။

() ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် ၃၇ သန်းကျော်ရှိ၊ မဲရုံပေါင်း လေးသောင်းကျော် လျာထား

ကိုဗစ်ကြောင့်လူစုလူဝေးမဖြစ်စေဖို့ မဲစာရင်းကို အွန်လိုင်းက ကြည့်ဖို့ စီစဉ်ပေးမှာပါ။

ဓာတ်ပုံ ရင်းမြစ်, Lauren DeCicca

ဓာတ်ပုံ ပုံစာ, ကိုဗစ်ကြောင့်လူစုလူဝေးမဖြစ်စေဖို့ မဲစာရင်းကို အွန်လိုင်းက ကြည့်ဖို့ စီစဉ်ပေးမှာပါ။

၂၀၂၀ ရွေးကောက်ပွဲကို အခုနှစ်နှောင်းပိုင်းမှာ ကျင်းပမှာဖြစ်ပြီး မဲရုံပေါင်းလေးသောင်းကျော်လျာထားတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။

မဲဆန္ဒရှင်ပေါင်း ၃၇ သန်းကျော်ရှိပြီး ရွေးကောက်ပွဲကို ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာညွှန်ကြားချက်တွေနဲ့အညီ ဆောင်ရွက်ဖို့လိုအပ်တယ်လို့ ကော်မရှင်က ဇွန် ၁၀ ရက်က ပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

ကိုဗစ်ကာလဖြစ်တဲ့အတွက်မဲစာရင်းကပ်ထားကြေညာတဲ့ကာလ၊ မဲဆွယ်စည်းရုံးရေးကာလနဲ့ မဲပေးတဲ့နေ့တွေမှာ ပြည်သူလူထု စုဝေးတာဖြစ်ပေါ်လာနိုင်ကြောင်း၊ဒါကြောင့် မဲစာရင်းတွေကို အွန်လိုင်းကနေ ကြည့်နိုင်ဖို့ မိုဘိုင်းအက်ပလီကေးရှင်းတွေစီစဉ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် မဲပေးမယ့်နေ့မှာလည်း မဲစာရင်းကြည့်တဲ့အချိန်နဲ့ မဲပေးမယ့်အချိန်မှာ ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေးလမ်းညွှန်ချက်တွေနဲ့အညီ ဘယ်လိုမဲပေးရမယ်ဆိုတာ သရုပ်ပြမဲရုံတွေပြသဆောင်ရွက်မယ်လို့ ကော်မရှင်ကပြောပါတယ်။

အဲဒီလို ဆောင်ရွက်မှ မဲရုံတွေမှာ ကိုဗစ်ရောဂါကာကွယ်ရေးအတွက်လိုအပ်ချက်တွေကို သိနိုင်ပြီး ပြင်ဆင်စရာရှိတာကို ကြိုတင်ပြင်ဆင်နိုင်မယ်လို့ ဆိုပါတယ်။

၂၀၂၀ ရွေးကောက်ပွဲကို နိုဝင်ဘာမှာကျင်းပမယ်လို့ ကော်မရှင်က ပြောကြားထားပြီး ရွေးကောက်ပွဲနေ့ကိုတော့ မသတ်မှတ်ရသေးပါဘူး။ နိုင်ငံရေးပါတီတွေဘက်ကတော့ ကော်မရှင်အနေနဲ့ ကိုဗစ်ကာလမှာ ဗီဒီယိုကွန်ဖရန်းဇင်းနဲ့ တွေ့ဆုံအစည်းအဝေးပြုလုပ်ပြီး ရွေးကောက်ပွဲကျင်းပရေး ညှိနှိုင်းသင့်တယ်လို့ အကြံပြုထားပါတယ်။

ကိုဗစ်၁၉ ကပ်ရောဂါကြောင့် ကျောင်းဖွင့်ချိန်တွေကို နောက်ဆုတ်ထားရပြီး အထက်တန်းအဆင့်ကနေ ပြန်စဖွင့်မှာဖြစ်ပါတယ်။ အဲဒီလိုပြန်ဖွင့်တဲ့အခါ စာသင်ခန်းတစ်ခန်းကို ကျောင်းသားအယောက် ၂၀ အများဆုံး ထားရှိမှာဖြစ်ပြီး ဆရာ၊မိဘ၊ ကျောင်းသား လိုက်နာရမယ့်စည်းကမ်းတွေကို အစိုးရပိုင်သတင်းစာတွေက နေ့စဉ်ထုတ်ပြန်ပေးနေပါတယ်။

မြန်မာနိုင်ငံမှာ ကျောင်းသားကျောင်းသူပေါင်း ၁၀ သန်းနီးပါးရှိပြီး ဆရာဆရာမနဲ့ ပညာရေးဝန်ထမ်းအင်အားက ငါးသိန်းခန့်ရှိပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးပါတီပေါင်း ၉၇ ပါတီရှိပြီး ရွေးကောက်ပွဲအတွက် အာဏာရပါတီ အန်အယ်လ်ဒီအပါအဝင် နိုင်ငံရေးပါတီတချို့ စတင်ပြင်ဆင်နေပြီဖြစ်ပါတယ်။

အန်အယ်လ်ဒီကတော့ ကိုယ်စားလှယ်လောင်းလျှောက်လွှာတွေကို ဇွန် ၈ ရက်က စတင်လက်ခံနေပြီး ဒီလထဲမှာ ကိုယ်စားလှယ်လောင်းတွေကို အပြီးရွေးချယ်သွားမှာဖြစ်ပါတယ်။

() စာသင်ကျောင်းတွေမှာ ကျောင်းသားနဲ့ ဆရာ ၆ ပေခွာ သင်ကြားဖို့ စီစဉ်

တစ်ပြည်လုံးအတိုင်းအတာနဲ့ အခြေခံပညာကျောင်းတွေကို ဇူလိုင်လမှာ အထက်တန်းကနေ စတင်ဖွင့်လှစ်ဖို့ ပြင်ဆင်နေပါပြီ။

ကျောင်းတွေပြန်ဖွင့်တဲ့အခါ စာသင်ခန်းတွေမှာ ကျောင်းသားနဲ့ ဆရာ တစ်ဦးနဲ့တစ်ဦး ခြောက်ပေခွာပြီး သင်ကြားရေးနဲ့ လူအုပ်စုမဖြစ်ပေါ်စေရေး စီစဉ်ဆောင်ရွက်နေတယ်လို့ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဇွန်လ ၁၀ ရက်က ပြုလုပ်တဲ့ ပညာရေးဝန်ကြီးဌာန အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

ကျောင်းထွက်နှုန်းလျော့ကျရေး ဆောင်ရွက်ဖို့ ပညာရေးဝန်ကြီးက တိုက်တွန်းပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Tun Lin Mg

ဓာတ်ပုံ ပုံစာ, ကျောင်းထွက်နှုန်းလျော့ကျရေး ဆောင်ရွက်ဖို့ ပညာရေးဝန်ကြီးက တိုက်တွန်းပါတယ်။

ဒါ့အပြင် အတန်းလိုက် ကျောင်းတက်ချိန် ကျောင်းဆင်းချိန်တွေ လုံလောက်စွာ သတ်မှတ်ပေးရေး၊ အထူး သဖြင့် ကျောင်းသူတွေနဲ ဆရာမတွေအတွက် လူမှုကာကွယ် စောင့်ရှောက်ပေးရေး၊ ကျောင်းထွက်မှု အနည်း ဆုံးဖြစ်ရေး၊ သင်ယူတတ်မြောက်မှု ပြန်လည် ကောင်းမွန်လာရေး၊ သင်ယူမှုအခွင့် အလမ်းများ ပိုမိုမျှတစွာ တိုးတက်ကောင်းမွန် လာရေးနဲ့ အရည်အသွေး ပိုမိုကောင်းမွန် လာစေရေး ဝိုင်းဝန်းဆောင်ရွက်ပေးဖို့ ဝန်ကြီးက တိုက်တွန်းခဲ့ ပါတယ်။

အထက်တန်းကျောင်းတွေကို တစ်သုတ်တက်ကျောင်း ၆၁၇ ကျောင်း၊ တစ်ပတ်ခြားကျောင်း ၂၄၇၁ ကျောင်း၊ တစ်ပတ်ခြားနှစ်သုတ်တက်ကျောင်း ၂၄၀၁ ကျောင်း၊ တစ်ပတ်ခြား နှစ်သုတ် သုံးရက်တက်ကျောင်း ၁၄၄ ကျောင်း ဖွင့်နိုင်ဖို့ ခန့်မှန်းထားတယ်လို့ ဝန်ကြီးက ဆိုပါတယ်။

() နိုင်ဂျီးရီးယားမှာ မုဒိမ်းမှု ၄၀ ကျော်ကျူးလွန်သူကို လူထုက ဝိုင်းဖမ်း

နိုင်ဂျီးရီးယားနိုင်ငံက မြို့တစ်မြို့မှာ တစ်နှစ်အတွင်း လူအယောက် ၄၀ ကို မုဒိမ်းမှုကျူးလွန်ခဲ့သူကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ နိုင်ဂျီးရီးယားရဲတွေကပြောပါတယ်။

မုဒိမ်းသမားကို ဖမ်းမိသွားလို့ အိပ်ရေး၀၀ စိတ်ချလက်ချအိပ်နိုင်ပြီလို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဓာတ်ပုံ ပုံစာ, မုဒိမ်းသမားကို ဖမ်းမိသွားလို့ အိပ်ရေး၀၀ စိတ်ချလက်ချအိပ်နိုင်ပြီလို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

နိုင်ဂျီးရီးယားမှာ လတ်တလော ဖြစ်ပေါ်နေတဲ့ အမျိုးသမီးတွေ အဓမ္မပြုကျင့်သတ်ဖြတ်ခံရမှုတွေကြောင့် နိုင်ငံတစ်ဝန်း လူထုအုံကြွမှုကြီး ဖြစ်လာသလို လူမှုကွန်ရက်မှာ နိုင်ဂျီးရီးယားအမျိုးသမီးထောင်ပေါင်းများစွာက #WeAreTired ဆိုတဲ့ ဟက်တပ်ချ်နဲ့ အသနားခံစာလက်မှတ်တွေထိုးပြီး တောင်းဆိုမှုတွေ ရှိနေတာပါ။ အဲဒီလိုအချိန်မှာ မုဒိမ်းမှုတွေ ဆက်တိုက်ကျူးလွန်ထားသူတစ်ဦးကို လူထုက ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့(ဇွန် ၉ ရက်) က နိုင်ငံမြောက်ပိုင်း၊ ဒန်ဂိုရာမြို့မှာ ကလေးငယ်တစ်ဦးရဲ့အိပ်ခန်းအတွင်း ဒီမုဒိမ်းသမားကို ကလေးမိခင်က တွေ့ရှိခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ပြောခွင့်ရသူကပြောပါတယ်။ မုဒိမ်းသမားဟာ ထွက်ပြေးခဲ့ပေမယ့် အိမ်နီးချင်းတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့တာလို့ သူက ဆက်ပြောပါတယ်။

ရဲတပ်ဖွဲ့ပြောကြားချက်အရ မုဒိမ်းမှုကျူးလွန်ခံရတဲ့အထဲ အသက် ရှစ်ဆယ်အရွယ်တစ်ဦးနဲ့ အသက် ၁၀ နှစ်အရွယ် ကလေးငယ်တွေ ပါဝင်တယ်လို့ သိရပါတယ်။

ဒန်ဂိုရာမြို့ဟာ ကာနိုမြို့တော်ရဲ့ အနောက်တော်ငဘက် ၅၅ မိုင်အကွာမှာရှိပြီး ရဲတပ်ဖွဲ့လက်လှမ်းမီလာရောက်ဖို့ ခဲယဉ်းတယ်လို့ ဆိုပါတယ်။

ဒန်ဂိုရာမြို့တော်ဝန်က ဒီဖမ်းဆီးမှုကို ကြိုဆိုတယ်လို့ပြောကြားခဲ့ပါတယ်။

ဒန်ဂိုရာမြို့က လူတွေဟာ အလွန်ပျော်ရွှင်နေကြသလို တရားမျှတမှုရှိရှိစီရင်နိုင်ဖို့လည်း မျှော်လင့်တယ်လို့ သူကဆိုပါတယ်။

ဒေသခံတွေကတော့ ပြီးခဲ့တဲ့နှစ်အတွင်း သူတို့အိမ်တွေမှာ ကြောက်ကြောက်လန့်လန့်နဲ့နေခဲ့ရတယ်လို့ဘီဘီစီကိုပြောပါတယ်။ ဘာကြောင့်လဲဆိုရင် မုဒိမ်းသမားဟာ ခြံစည်းရိုးတွေကို ကျော်ခွပြီး အမျိုးသမီးတွေကို အိမ်ထဲထိဝင်ရောက်မုဒိမ်းကျင့်တာကြောင့်လိ့ု ဆိုပါတယ်။

ခုတော့ ငါတို့ မျက်လုံးတွေကို စိတ်ချလက်လက်ပိတ်ပြီး အိပ်နိုင်ပြီလို့ ဒေသခံအမျိုးသမီးတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ဇူလိုင်လက ထုတ်ပြန်ခဲ့တဲ့ စစ်တမ်းတစ်ခုအရ နိုင်ဂျီးရီးယားမိန်းကလေး သုံးဦးမှာ အနည်းဆုံးတစ်ဦးဟာ လိင်ပိုင်းဆိုင်ရာစော်ကာခံရမှုကြုံတွေ့နေရတယ်လို့ ဖော်ပြထားပါတယ်။

အဓမ္မပြုကျင့်မှုတွေကို ရဲမတိုင်တာလည်းအဆန်းတော့မဟုတ်ဘူးလို့ အဲဒီစစ်တမ်းက ဆိုပါတယ်။ ပြုကျင့်ခံရတဲ့သူတွေနဲ့ သူတို့ရဲ့မိသားစုတွေဟာ အရှက်တကွဲအကျိုးနည်းဖြစ်ရခြင်း၊ ရဲတွေရဲ့ ငွေညှစ်ခြင်း၊ တရားစီရင်ရေးအပေါ် ယုံကြည်မှုကင်းမဲ့ခြင်းနဲ့ အာဏာပိုင်တွေထံ သတင်းပေးတိုင်ကြားဖို့ မရွေးချယ်တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။