သံဃာတွေကို အွန်လိုင်းက ဝေဖန်သူကို ဖမ်းပြီး မိတ္တီလာ ကနေ မန္တလေးကိုလွှဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဗုဒ္ဓ ဘာသာ သံဃာတော်တွေကို ပြင်းပြင်းထန် ပုတ်ခတ်ရေးသားခဲ့သူ မိတ္တီလာမှာ လာရောက်တောင်းပန် ဖြေရှင်းတဲ့ပွဲဟာ လူအုပ်ကို မထိန်းနိုင်ဖြစ်ပြီး ရဲက အဲဒီလူကို ဖမ်းပြီး ခေါ်ထုတ်သွားခဲ့ရတယ်လို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစိုးသန်းက ဘီဘီစီကို ပြောပါတယ်။
ဒါပေမယ့်လည်း ဒေသခံတချို့က ရဲစခန်းထိ လိုက်လာတဲ့အတွက် အခုအခါမှာ သူ့ကို မန္တလေးမြို့ကို လွှဲပြောင်းပေးလိုက်ပြီး သာသနာညှိုးနွမ်းစေမှုနဲ့ အမှုဖွင့်ဆောင်ရွက်ဖို့ စီစဉ်ထားတယ်လို့ သိရှိထားကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသန်းက ပြောပါတယ်။
အခြေခံပညာ ဒသမတန်း သင်ရိုးသစ်မှာပါတဲ့ Sex Education အကြောင်းနဲ့ ဆက်စပ်ပြီး လူမှုကွန်ရက်မှာ ဝေဖန်ရင်း သူက ဗုဒ္ဓသာသာ သံဃာတော်ကို ဆဲဆိုခဲ့သလို အလုပ်မလုပ်သူတွေလို့လည်း ဝေဖန်ခဲ့ပါတယ်။
မိတ္တီလာမြို့က ဆရာတော်တွေကတော့ လူကိုယ်တိုင်လာ တောင်းပန်ပေမယ့် မလိုလားအပ်တဲ့ ပြဿနာတွေ ထပ်မဖြစ်ရေးအတွက် ဥပဒေကြောင်းအရပဲ ရှင်းဖို့ပြောခဲ့တဲ့အတွက် ပုတ်ခတ်ရေးသားခဲ့သူဟာ ဥပဒေကြောင်းအရ ရှင်းဖို့ ဖြစ်လာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Khin Ko Lat
မိတ္တီလာမြို့ သံဃနာယက ရုံးခန်းမှာ မေလ၁၉ရက်နေ့က ရှင်းနေကြရင်း အပြင်ဘက် က လူအုပ်က များလာတဲ့ အတွက် ရဲတပ်ဖွဲ့က သူ့ကို ကားနဲ့ ခေါ်ထုတ်ခဲ့ရတယ်လို့ မိတ္တီလာ မြို့ခံတွေက ပြောပါတယ်။
Sex Education အကြောင်း လူမှုကွန်ရက်မှာရေးသားရင်း သံဃာတော်တွေကို ပုတ်ခတ်ရေးသားခဲ့သူဟာ မိတ္တီလာမှာ နေထိုင်ခဲ့တဲ့ ဆရာဝန်တစ်ဦးဖြစ်ပြီး အခု ရန်ကုန်မြို့ မှာ နေထိုင်သူဖြစ်ကြောင်း သူ့မိဘတွေကတော့ မိတ္တီလာမှာ နေထိုင်သူတွေဖြစ်တယ်လို့လည်း မိတ္တီလာမြို့ခံ ကိုကျော်စိုးမိုးက ဘီဘီစီကို ပြောပါတယ်။
မိတ္တီလာမြို့ခံတွေဟာ သူ့ကို ဘုန်းကြီးကျောင်းကနေ ရဲတပ်ဖွဲ့ကခေါ်ထုတ်သွားစဥ်မှာ စိတ်ဆိုးဒေါသထွက်ကြပြီးတော့ ရဲကားကို လည်း ခဲတွေနဲ့ ပစ်ပေါက်တိုက်ခိုက်တာတွေ ရှိခဲ့တယ်လို့လည်း ကိုကျော်စိုးမိုးက ပြောပါတယ်။
လွန်ခဲ့တဲ့ ရက်ပိုင်းတွေ ကတည်းက ဆက်တိုက်ဆိုသလို ဗုဒ္ဓဘာသာ သံဃာတော်တွေကို သူက ဝေဖန်ဆဲဆို တိုက်ခိုက်ရေးသားနေတဲ့အတွက် မြို့မိမြို့ဖနဲ့ ဗုဒ္ဓသာသာသံဃာတော်တွေက သံဃမဟာနာယက နဲ့ သာသနာရေးကို တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

Kyaw Win Thant အကောင့်ပိုင်ရှင်ဟာ ဒသမတန်း သင်ရိုးပါ Sex Education အကြောင်း ဝေဖန်ပြောကြားရင်း မိတ္တီလာမြို့ နဂါးရုံကျောင်းတိုက်က ကိုယ်တော်တွေဟာ မြို့လယ်က ဗီဒီယိုရုံမှာ လာကြည့်ကြတဲ့ အကြောင်း၊ ဘောပွဲလောင်းတဲ့အကြောင်း၊ လူတွေလုပ်တဲ့ အတိုင်း အကုန်လုပ်ပြီး၊ ကိုယ်တော်တွေက အလုပ်မလုပ်ကြကြောင်း စတာတွေကို ရေးသားခဲ့တာ တွေ့ရပါတယ်။
ဒါ့အပြင် ပါမောက္ခချုပ် ဆရာတော်က အစ ကိုရင်တွေထိ အားလုံးကို လည်း ဆဲဆိုတာကိုလည်း ရေးသားတာ တွေ့ရတယ်လို့ မိတ္တီလာမြို့ခံတွေက ပြောပါတယ်။
သူဟာ ဗုဒ္ဓသာသာဝင် တစ်ဦးဖြစ်ပြီး အခုလို ရေးသားမိတာတွေဟာ အရက်မူးနေတဲ့ အချိန်မှာရေး မိတာဖြစ်တယ်လို့ ဖြေရှင်းတာတွေ ရှိတယ်လို့လည်း မိတ္တီလာမြို့က သတင်းထောက်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။
အဲ့ဒီ Kyaw Win Thant အကောင့် ပိုင်ရှင်အနေနဲ့ လွန်ခဲ့တဲ့ ရက်ပိုင်းတွေ ကတည်းက စပြီး သံဃာတော်တွေကို ဝေဖန်တဲ့ စာသားတွေ ဆက်တိုက်ရေးသားခဲ့တာလို့လည်း တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစိုးသန်းက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Khin Ko lat
မေလ ၁၈ရက် နေ့လယ်ပိုင်းက Kyaw Win Thant ဖေစ့်ဘုတ် အကောင်ပိုင်ရှင် မိဘတွေက မိတ္တီလာမြို့နယ် သံဃနာယက ဆရာတော်ထံ လာရောက်တောင်းပန်ခဲ့ပေမယ့် ကာယကံရှင်ကိုယ်တိုင် တောင်းပန်ဖို့ သံဃာတချို့နဲ့ မြို့ခံတချို့က တောင်းဆိုတဲ့အတွက် ကာယကံရှင်ကိုယ်တိုင် တောင်းပန်ဖို့ မေလ၁၉ ရက် မနက် သံဃနာယက ဥက္ကဋ္ဌ ကျောင်းဖြစ်တဲ့ ကိုးနဝင်းကျောင်းကို လာရောက်ခဲ့တာ ဖြစ်တယ်လို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစိုးသန်းက ဘီဘီစီကိုပြောပါတယ်။
မိတ္တီလာမြို့တောင်းပန်ပွဲမှာ လူစုလူဝေး ဖြစ်လာရတာဟာ မေလ ၁၉ ရက်နေ့ မှာKyaw Win Thant ဖေစ်ဘုတ်အကောင်ပိုင်ရှင် ကိုယ်တိုင်လာတောင်းပန်ဖို့ရှိတယ်ဆိုတာကို လူမှုကွန်ရက် မှာ ဖြန့်ချိခဲ့ ကြတဲ့အတွက်ဖြစ်တယ်လို့လည်း မိတ္တီလာမြို့ခံတွေက ပြောပါတယ်။
သံဃာတော်တွေကတော့ ဥပဒေကြောင်းအရ ဖြေရှင်းတာဟာ ရေးသားတဲ့သူနဲ့ မိတ္တီလာမြို့က သူ့မိဘတွေ လုံခြုံရေးအတွက်ပါ ကောင်းတယ်လို့ ယူဆပြီး ဥပဒေကြောင်းအရ အရေးယူပေးဖို့ ဆုံးဖြတ်ခဲ့ကြကာ သက်ဆိုင်ရာ အာဏာပိုင်တွေကလည်း ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်ဖို့ ရဲစခန်းကို ခေါ်ဆောင်သွားခဲ့ပါတယ်။
ဒါပေမဲ့လည်း ဒေသခံတချို့ကရဲစခန်းအထိ လိုက်လာတဲ့အတွက် Kyaw Win Thant အကောင့်ပိုင်ရှင်ကို မန္တလေးမြို့ကို လွှဲပြောင်းပေးလိုက်ပြီး သာသနာညှိုးနွမ်းစေမှုနဲ့ အမှုဖွင့်ဆောင်ရွက်ဖို့ စီစဉ်ထားတယ်လို့ သိရှိထားကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသန်းက ပြောပါတယ်။
သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ (က) ကတော့ ထောင်ဒဏ် ၂ နှစ်အထိ ကျခံနိုင်ပြီး ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ် နှစ် ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်းဖော်ပြထားပြီး အာမခံမပေးတဲ့ ပုဒ်မဖြစ်ပါတယ်။








