ရန်ကုန်မှာ Mask မတပ်ဘဲအပြင်ထွက်ရင်အရေးယူတော့မယ်လို့ထုတ်ပြန်ထားပေမယ့် လိုက်နာမှုအားနည်း

ဓာတ်ပုံ ရင်းမြစ်, Ko Zay KoKo
ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ မေ ၁၃ ရက်နေ့ကစပြီး အပြင်ထွက်သူတွေအနေနဲ့ Mask မတပ်ပါက ဥပဒေနဲ့အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပေမယ့်လည်း လိုက်နာမှုအားနည်း နေသေးတာကိုတွေ့ရတယ်လို့ ရန်ကုန်တိုင်းအတွင်းမှာ လူဦးရေအများဆုံးနေထိုင်ရာမြို့ဖြစ်တဲ့ လှိုင်သာယာမြို့နယ် COVID-19 ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေး ကော်မတီရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဇေကိုကိုက ဘီဘီစီကိုပြောပါတယ်။
' ' ကျွန်တော်တို့ လှိုင်သာယာမှာ ဈေးတွေကို စေတနာ့ဝန်ထမ်း ဆရာဝန်တွေရယ် စည်ပင်ရယ်နဲ့ အတူ လိုက်ပြီး Mask တပ်ဖို့ ပညာလိုက်ပေးတာတွေလုပ်တယ်။ ဒီနေ့ဆို လှိုင်သာယာက ပျံကျဈေးတစ်ခုဖြစ်တဲ့ ၁၅ ဈေးကို သွားတယ်။ ဈေးသည်တွေကအစ Mask တပ်တဲ့သူကနည်းတယ်။ လာတဲ့သူအများစုကလည်း မတပ်ကြဘူး။ အရေးယူမယ်လို့ ပြောပေမယ့် တကယ်အရေးယူတဲ့အပိုင်းက အားနည်းတော့ လူတွေက မကြောက်ကြတော့ဘူး။ ဈေးသည်တွေကဆို တကယ်အရေးယူမှာ ဟုတ်လို့လားလို့ ပြန်မေးတာတောင် ရှိတယ်'' လို့ ကိုဇေကိုကိုက ဒီကနေ့ မေ ၁၃ ရက်နေ့က အတွေ့အကြုံကိုပြောပြပါတယ်။
ဒီကနေ့ မေ ၁၃ ရက်နေ့မှာ Mask မတပ်ဘဲ အပြင်ထွက်ပါက ကူးစက်ရောဂါကာနှိမ်နင်းရေးဥပဒေနဲ့ စတင်အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပေမယ့်လည်း မြို့နယ်အများစုမှာတော့ Mask မတပ်ဆင်ဘဲ အပြင်ထွက်သူတွေ အများအပြားရှိနေဆဲဖြစ်ပါတယ်။
' ' ဒီနေ့ကတော့ Mask မတပ်လာတဲ့သူတွေကို တစ်ခုကို ၂၀၀ နဲ့ရောင်းပေးတယ်။ ဟန်းဂျယ်တွေ ပေးတယ်။ Maskတပ်ဖို့ ပညာပေးဟောပြောတယ်။ စည်ပင်ကလည်းပါပေမယ့် ခက်တာက ရဲမပါရင် အရေးယူလို့ မရဘူး။ ဒါကြောင့် နောက်နေ့တွေမှာတော့ ရဲကိုပါ လိုက်ပေးဖို့ အကူညီတောင်းထားတယ်။ အဓိကက အရေးယူမှုမရှိတော့ လူတွေက လိုက်နာမှုအားနည်းနေတာ။ စံပြအနေနဲ့ အရေးယူပြလိုက်ရင်တော့ တကယ်လိုက်နာကြလိမ့်မယ်လို့ ထင်တယ်''လို့ ကိုဇေကိုကိုက ထပ်မံပြောပြပါတယ်။
ဒီလိုအရေးယူမှုမရှိသေးတဲ့မြို့နယ်တွေရှိနေသလို ပုဇွန်တောင်မြို့နယ်အတွင်းမှာတော့ Mask မတပ်ဆင်ဘဲ အပြင်ထွက်သူတွေကို မြို့နယ်စည်ပင်၊ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တွေက ကားနဲ့ခေါ် ယူကာ အရေးယူထိန်းသိမ်းတာတွေရှိနေတာကိုလည်း တွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myint Myat Thu
ရန်ကုန်တိုင်းအတွင်းမြို့နယ်တွေမှာ နေထိုင်သူတွေအနေနဲ့ ထုတ်ပြန်ထားတဲ့အမိန့်ကို မလိုက်နာပါက ဥပဒေအရအရေးယူမယ်လို့ဆိုပေမယ့် မြို့နယ်အများစုမှာတော့ ဘယ်လိုပြစ်ဒဏ်မျိုး ချမှတ်မှာလဲဆိုတာကိုရှင်းရှင်းလင်းလင်းအသိပေးကြေညာတာမျိုးမရှိသေးပါဘူး။
' ' ညပိုင်းကတည်းက ရပ်ကျေးက Maskတပ်ကြဖို့ မတပ်ရင်အရေးယူမယ်ပေါ့ လိုက်ကြေညာပေး တာရှိ တယ်။ ဒါပေမယ့် ဘယ်လိုအရေးယူမှာလဲ အတိအကျမပါဘူး။ ဒဏ်ငွေ ၅ ထောင်၊ ၁သောင်း ဒါမျိုး ဒဏ်တပ်မယ်လို့ပဲ ပါတယ်။ ဒါကလည်း မန္တလေးကထုတ်တာကို တုထားတဲ့သဘောပဲ။''လို့ ဘယ်လို ပြစ်ဒဏ်မျိုးနဲ့အရေးယူမှာလည်းဆိုတာ အတိအကျမသိရတဲ့အပေါ် ကိုဇေကိုကိုကပြောပြပါတယ်။
အရေးယူမှုတွေစတင်လုပ်ဆောင်နေတဲ့ ပုဇွန်တောင်မြို့နယ်အတွင်းက ဈေးတွေမှာတော့ Mask မတပ်ဆင် ပါက ဒဏ်ငွေ ၅ထောင်ပေးဆောင်ရမယ်လို့ မြို့နယ်စည်ပင်က ဈေးအတွင်းလိုက်လံ ကြေညာနေတယ်လို့လည်း ဈေးသူဈေးသားတွေထံကသိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AungSanSuuKyi'Facebook
ကိုဗစ်-၁၉ ကပ်ရောဂါကို ကာကွယ်နိုင်ဖို့ Mask တွေတပ်ဆင်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံကိုယ်တိုင် မကြာခဏထုတ်ဖော်ပြောဆိုထားသလို ကမ်ပိန်းတွေပြုလုပ်နေကြသလို လိုက်လံဝေငှတာ တွေလည်းရှိနေပါတယ်။
' ' အဓိကက Mask ဝေတာလည်းလုပ်ဖို့လိုသလို တပ်ဖို့ကိုလည်း လုပ်မှရမယ်။ ကျွန်တော့်တို့ဆီမှာဆို Mask ဝေရင်လာယူကြတယ်။ ပြီးရင်ပြန်ရောင်းစားကြတာတွေလည်းရှိတယ်။ ဝေရုံနဲ့မပြီးဘူး။ Mask တပ်ကြဖို့ကိုလည်း သေချာလုပ်ဖို့လိုတယ်။''လို့ သူက Mask တပ်ဆင်မှုအားနည်းနေတဲ့အခြေအနေကို ပြောပြပါတယ်။








