ကိုရိုနာဗိုင်းရပ်စ် - အမေရိကန်မှာ ကိုရိုနာကြောင့် သေသူအရေအတွက် အီတလီကိုကျော်သွား

အမေရိကန်ဟာ ကမ္ဘာပေါ်မှာ ဗိုင်းရပ်စ် ကူးစက်သူရော သေဆုံးသူပါ အများဆုံးနံပါတ်တစ် နိုင်ငံဖြစ်နေပါပြီ။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမေရိကန်ဟာ ကမ္ဘာပေါ်မှာ ဗိုင်းရပ်စ် ကူးစက်သူရော သေဆုံးသူပါ အများဆုံးနံပါတ်တစ် နိုင်ငံဖြစ်နေပါပြီ။

အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်ဟာ အီတလီကို ကျော်တက်သွားပြီဖြစ်ပြီး ကမ္ဘာပေါ်မှာ ကိုဗစ်နိုင်တင်းကြောင့်အသက်ဆုံးရသူအများဆုံး နိုင်ငံ ဖြစ်လာပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ဂျွန်စ်ဟော့ပ်စ်ကင်းတက္ကသိုလ်ရဲ့ စစ်တမ်းအရ သေသူ နှစ်သောင်းကျော်သွားပြီ ဖြစ်တယ်လို့ သိရပါတယ်။

အမေရိကန်မှာ မနေ့က တစ်ရက်တည်း ဗိုင်းရပ်စ်ကြောင့်သေသူ နှစ်ထောင်ကျော်နဲ့ တစ်ရက်တည်းသေဆုံးမှုအများဆုံး ပထမဆုံး တိုင်းပြည်ဖြစ် လာခဲ့ပြီးတဲ့နောက် အချိန်တိုအတွင်းမှာပဲ ခုလို သေဆုံးမှုအများဆုံးတိုင်းပြည် ဖြစ်လာခဲ့ပါတယ်။

နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူး အင်ဒရူးကူမိုကတော့ သေဆုံးမှုနှုန်းဟာ တည်ငြိမ်စပြုလာပြီလို့ မနေ့က ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း သေဆုံးသူ ၇၈၃ ဦးရှိခဲ့ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာလည်း ဒီအရေအတွက်လောက်ပဲရှိခဲ့တာ တွေ့မြင်ခဲ့ရတယ်လို့ ဆိုပါတယ်။

နယူးယောက်ပြည်နယ်ဟာ အမေရိကန်တစ်နိုင်ငံလုံးမှာ ကိုဗစ်ကူးစက်ဖြစ်ပွားတဲ့ အချက်အခြာနေရာဖြစ်ပြီး ဗိုင်းရပ်စ် ဖြစ်ပွားသူ ၅၂၀,၀၀၀ ကျော်မှာ ၁၈၀,၀၀၀ ကျော်က နယူးယောက်က ဖြစ်ပါတယ်။

ကိုရိုနာ ဗိုင်းရပ်ဘေးဒဏ်ကြောင့် လူသေနှုန်း ဆက်တိုက်တက်နေတဲ့ နယူးယောက်မြို့မှာ အလောင်းတွေကို ကျင်းကြီးတွေ တူးပြီး မြှုပ်နှံတာကိုလည်း ဘီဘီစီက သတင်းရရှိခဲ့ပါတယ်။

ဒရုန်းနဲ့ ရိုက်ကူးတဲ့ ပုံတွေအရ ဟာ့တ်ကျွန်းပေါ်မှာ ကာကွယ်ရေး ဝတ်စုံတွေနဲ့ အလုပ်သမားတွေက အဲဒီကျင်းတွေ တူးနေတာကို တွေ့ခဲ့ရပါတယ်။

အလုပ်သမားတွေက ကျင်းကြီးထဲကို လှေကားနဲ့ ဆင်းပြီး သစ်ချသား ခေါင်းတွေနဲ့ ထည့်ထားတဲ့ အလောင်းတွေကို ကျင်းတိမ်တိမ်တွေမှာ အရှည်လိုက် တူးပြီး မြှုပ်နေကြတာဖြစ်ပါတယ်။

စနေနေ့ကစလို့ အမေရိကန်က ပြည်နယ်အားလုံးမှာ ကိုဗစ်နိုင်တင်း ကူးစက်ရောဂါကို အရေးပေါ်တုံ့ပြန်ရမယ့်ဘေးအန္တရာယ်တစ်ခုအဖြစ် ကြေညာခဲ့ပါတယ်။

တရုတ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာက စဖြစ်ခဲ့တဲ့ ကိုဗစ်နိုင်တင်းကပ်ရောဂါဟာ လေးလနီးပါးအကြာမှာတော့ သေဆုံးသူတစ်သိန်းကျော်သွားပြီဖြစ်ပြီး ကမ္ဘာတစ်ဝန်းကူးစက်ခံရသူ တစ်သန်းခုနစ်သိန်းကျော် ရှိသွားပါပြီ။

စနေနေ့နေ့လယ်ပိုင်းက ဂျွန်စ်ဟော့ပ်ကင်းစ်တက္ကသိုလ်မှတ်တမ်းတွေအရ အီတလီမှာ သေဆုံးသူ ၁၉,၄၆၈ ဦးရှိပြီး အမေရိကန်ကတော့ သေဆုံးသူ ၂၀,၅၀၆ ဦး ရှိနေတာဖြစ်ပါတယ်။

ဘရွတ်ကလင်းရပ်ကွက်က နာရေးပို့သူတယောက်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဘရွတ်ကလင်းရပ်ကွက်က နာရေးပို့သူတယောက်

အမေရိကန် ကူးစက်ရောဂါ ထိန်းချုပ်ရေးပညာရှင် ဒေါက်တာအန်တိုနီဖာစီက နိုင်ငံတွင်း ကူးစက်နှုန်းနဲ့သေဆုံးနှုန်းတွေ စပြီးပြန်ကျလာတယ်လို့ ဆိုနိုင်ပေမယ့် ဗိုင်းရပ်စ် ကို ကူးစက်မှုကို လျော့ပါးသက်သာစေရေး လူချင်းခပ်ခွာခွာနေကြဖို့ ဆိုတဲ့ ကြိုးပမ်းမှုမျိုးတွေကိုတော့ ပြန်ရုပ်သိမ်းဖို့ မလိုသေးဘူးလို့ ဆိုပါတယ်။

ဗဟိုအစိုးရက ဧပြီလ ၃၀ ရက်နေ့အထိ လူတွေခပ်ခွာခွာနေဖို့ အကြံပြုချက်တွေ ထုတ်ပြန်ထားပါတယ်။

သမ္မတဟာ ဒီကာလတွေမှာ ဗိုင်းရပ်စ်ပြဿနာအပြင် ဗိုင်းရပ်စ်ကိုထိန်းချုပ်နိုင်ဖို့ ပြုလုပ်တဲ့ကန့်သတ်ချက်တွေကြောင့် တိုင်းပြည်စီးပွားရေးကို ထိခိုက်လာနေပြီး အနည်းဆုံး လူ ၁၆ သန်းကျော် အလုပ်လက်မဲ့ ဖြစ်ခဲ့တဲ့အရေးနဲ့ ရင်ဆိုင်နေရပါတယ်။