လူနာနံပါတ် ၂၆ ကို အထူးကြပ်မတ်ခန်းထဲ ထားရှိကုသ၊ တီးတိန်က လူနာသားအမိနှစ်ဦးအခြေအနေ၊ထိန်းချုပ်မှုတွေ အလျင်စလိုရုပ်သိမ်းရင် သေဆုံးနှုန်း ပြန်ခေါင်းထောင်နိုင် လို့ WHO သတိပေး အပါအဝင် မနက်ခင်း သတင်းများ

ဓာတ်ပုံ ရင်းမြစ်, SAI AUNG MAIN
(၁) လူနာနံပါတ် ၂၆ ကိုအထူးကြပ်မတ်ခန်းထဲ ထားရှိ ကုသပေးနေရ
ကိုဗစ်နိုင်တင်း ကူးစက်ခံရသူတွေထဲက လူနာနံပါတ် ၂၆ ကို ဝေဘာဂီအထူးကုဆေးရုံကြီးရဲ့ အထူးကြပ်မတ်ကုသခန်းထဲမှာ ထားရှိကုပေးနေတယ်လို့ အဲဒီဆေးရုံအုပ်ကြီး ဒေါက်တာအေးအေးအောင်က ဘီဘီစီကို ပြောပါတယ်။
"လူနာနံပါတ် ၂၆ က ရောဂါအခံရှိတယ်။ ဆီးချိုရှိတယ်။ အခု ဒီဗိုင်းရပ်စ် ပိုးရှိပြီးတော့ အဆုတ်မကောင်းဘူးပေါ့။ အောက်ဆီဂျင်နည်းနည်းကျလို့ သူ့ကိုအောက်ဆီဂျင် ရှူနေရတယ်။ စက်တော့မတပ်ရသေးဘူး။ ရိုးရိုးအောက်ဆီဂျင်ပဲရှူနေရတာပါ။ သူက လေဖြတ်ထားတဲ့အခံရှိတော့ မထနိုင်ဘူး။ အဲဒါကြောင့် အိုင်စီယူထဲထည့်ပြီး ကုပေးနေရတာပါ။ မနေ့က စပြီး ရွှေ့လိုက်တာပါ။ ventilator တော့မတပ်ရသေးပါဘူး။ အခုတော့အောက်ဆီဂျင်က ၉၈၊ ၉၉ လောက်ဆိုတော့ ကောင်းနေပါတယ်" လို့ သူက ပြောပါတယ်။
လူနာနံပါတ် ၂၆ ဟာ လှိုင်သာယာမြို့နယ်က တရုတ်နိုင်ငံသားပတ်ပို့စ် ကိုင်ဆောင်ထားသူ အသက် ၅၆ နှစ်အရွယ် အမျိုးသမီးဖြစ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့နှစ်ပတ်အတွင်း ပြည်ပနိုင်ငံကို ခရီးသွားရာဇဝင်မရှိဘဲ သူ့မှာ သွေးတိုးနဲ့ ဆီးချိုရောဂါအခံရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့ လူနာနံပါတ် ၂၆ ဟာ တရုတ်နိုင်ငံကနေ နိုဝင်ဘာလတုန်းက ပြန်လာခဲ့တာရှိတယ်လို့ လှိုှု်င်သာယာပြည်သူ့ဆေးရုံတာဝန်ရှိသူကပြောကြားထားပါတယ်။ သူ့ခင်ပွန်းဖြစ်သူကလည်း စင်ကာပူက ပြန်လာသူတစ်ဦးနဲ့ မတ်လ ၂၀ ရက်မှာတွေ့ဆုံထားတာရှိတယ်လို့လည်းဆိုပါတယ်။
ဝေဘာဂီမှာ လက်ခံကုသပေးနေတဲ့ လူနာ ၁၇ ဦးကို နောက်ထပ်ဆေးစစ်မှုတွေ ပြုလုပ်ထားပြီး အခုထိတော့ ပိုးမတွေ့အဖြေထွက်သူမရှိသေးဘူးလို့ ဒေါက်တာ အေးအေးအောင်က ပြောပါတယ်။
ဝေဘာဂီမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူတွေကိုတစ်ပြိုင်တည်း ၇၅ ယောက်ကနေ အယောက် ၉၀ ထိ လက်ခံကုသပေးနိုင်အောင်စီစဉ်ထားတယ်လို့ သူက ဆက်ပြောပါတယ်။
မြန်မာမှာ ဧပြီလ ၁၁ ရက် မနက်ပိုင်းအထိ ကိုဗစ်နိုင်တင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၈ ဦး၊ သေဆုံးသူ ၃ ဦးနဲ့ စောင့်ကြည့်လူနာ အယောက် တစ်ထောင်ခန့် ရှိပါတယ်။
ပိုးတွေ့ရှိသူ ၂၈ ဦးထဲမှာ တီးတိန်မှာ နှစ်ဦး၊ ဝေဘာဂီအထူးကုဆေးရုံမှာ ၁၇ ဦး၊ လားရှိုးပြည်သူ့ဆေးရုံကြီးမှာ တစ်ဦး၊ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးမှာ တစ်ဦး၊ ဝေဘာဂီကို လွှဲပြောင်းဖို့ စီစဉ်နေသူတစ်ဦး စုစုပေါင်း ၂၂ ဦးရဲ့ ကျန်းမာရေးအခြေအနေက တည်ငြိမ်နေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, SAI AUNG MAIN
ဝေဘာဂီက အထူးကြပ်မတ်ကုသခန်းထဲမှာတော့ လူနာတစ်ဦးကို သီးခြားထားရှိ ဆေးကုသပေးနေတယ်လို့လည်း ပါရှိပြီး အဲဒီလူနာကတော့ လူနာနံပါတ် ၂၆ ဖြစ်တယ်လို့ ဒေါက်တာအေးအေးအောင်က အတည်ပြုပါတယ်။
မန္တလေး ကန်တော်နဒီဆေးရုံက လူနာတစ်ဦးနဲ့ နေပြည်တော်ခုတင်တစ်ထောင်ဆေးရုံက ဆွစ်ဇာလန်သူတို့မှာ ရောဂါပိုး ဆက်တိုက်နှစ်ကြိမ်မတွေ့တော့လို့ ဆေးရုံကဆင်းခွင့်ပြုလိုက်ပြီး နှစ်ဦးလုံးကို ဟိုတယ်တွေမှာ နောက်ထပ် ၁၄ ရက် သီးသန့်ခွဲနေထိုင်ဖို့ စီစဉ်ထားပါတယ်။
(၂) တီးတိန်က ပထမဆုံးကိုဗစ်နိုင်တင်းလူနာနဲ့ မိခင်တို့ရဲ့ ကျန်းမာရေးအခြေအနေ

ဓာတ်ပုံ ရင်းမြစ်, Anadolu Agency
မြန်မာနိုင်ငံမှာ ပထမဆုံးကိုဗစ်နိုင်းတင်း ပိုး တွေ့ရှိခဲ့တဲ့ လူနာနံပါတ် ၁ နဲ့ သူ့မိခင်တို့ကို တီးတိန်ပြည်သူ့ဆေးရုံမှာ ထားရှိ ကုသပေးနေပါတယ်။
လက်ရှိမှာ နှစ်ဦးလုံးရဲ့ ကျန်းမာရေးအခြေအနေက ထူးခြားမှုမရှိဘဲ ပုံမှန် ဖြစ် တယ်လို့ အဲဒီဆေးရုံက ဆေးရုံအုပ်ကြီး ဒေါက်တာဇော်မင်းနိုင်က ဘီဘီစီကိုပြောပါတယ်။
လူနာနံပါတ် တစ် ဖြစ်တဲ့ အမျိုးသားကို ဆေးထပ်မံစစ်ဖို့ နမူနာ ယူထားတာနဲ့ပတ်သက်ပြီးမေးမြန်းတဲ့အခါ ဝန်ကြီးဌာန ထုတ်ပြန်ချက်အတိုင်း ဖြစ်ကြောင်း သူက ဆက်ပြောပါတယ်။
လူနာရဲ့မိခင်ဖြစ်သူ လူနာနံပါတ် ၂၃ ဟာ သက်ကြီးပိုင်းဖြစ်တဲ့အတွက် သူ့ရဲ့ ကျန်းမာရေးအခြေအနေကို မေးမြန်းတဲ့အခါ
"လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေလုပ်ထားပါတယ်။ အဖြေရရင်တော့ ကျွန်တော်တို့ တိုင်ပင်မှာပါ" လို့ ဒေါက်တာဇော်မင်းနိုင်ကပြောပါတယ်။
လူနာမိခင်ကို အထူးကြပ်မတ်ကုသခန်းထဲ ထားရှိကုသပေးနေရသလားလို့ မေးမြန်းတဲ့အခါ ဒေါက်တာဇော်မင်းနိုင်က အိုင်စီယူထားတဲ့အဆင့်ဆို တီးတိန်ဆေးရုံမှာ ထားလို့မရနိုင်ဘူးလို့ ပြောပါတယ်။
လူနာနံပါတ်တစ်မှာ ပိုးရှိကြောင်း မတ် ၂၃ ရက်က စစ်ဆေးတွေ့ရှိပြီးတဲ့နောက် ၂၄ ရက်ကစလို့ သူ့မိခင်ကို နေအိမ်မှာ တစ်ဦးတည်းသီးသန့်ထား စောင့်ကြပ်ကြည့်ရှုခဲ့ပါတယ်။
လူနာနံပါတ် တစ်ကို ပထမဆုံး ဆေးကုပေးခဲ့တဲ့ ထိတွေ့ခဲ့သူ ဆရာဝန်က လူမှုကွန်ရက်မှာ ရေးသားချက်တချို့ကြောင့် ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဧပြီ ၆ ရက်က သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြန်လည်တုံ့ပြန်ရေးသားခဲ့ပါတယ်။
သူက လူနာနံပါတ် တစ်ရဲ့ မိခင်အပါအဝင်လူနာနဲ့ထိတွေ့ခဲ့သူအားလုံးကို ဓာတ်ခွဲနမူနာယူခဲ့ခြင်းမရှိခဲ့ပေမယ့် အခုတော့ အဲဒီဆရာဝန်အပါအဝင် ထိတွေ့ခဲ့သူအားလုံးရဲ့ ဓာတ်ခွဲနမူနာယူပြီး စစ်ဆေးဖို့ ဆောင်ရွက်နေတယ်လို့ ဒေါက်တာခင်ခင်ကြီးက သူ့ဖေ့စ်ဘွတ်မှာရေးခဲ့တာပါ။
လူနာနံပါတ်တစ်ကို မတ်လ ၃၁ ရက်မှာ ဆေးစစ်မှုတစ်ကြိမ်ထပ်လုပ်ခဲ့ရာမှာ ပိုးရှိနေဆဲဖြစ်ပြီး ဧပြီ ၉ ရက်မှာ တတိယအကြိမ်ဆေးထပ်စစ်ဖို့ နမူနာ ယူဖို့လျာထားပေမယ့် လေယာဉ်အခြေအနေကြောင့် စောယူဖို့ဆောင်ရွက်နေတယ်လို့ ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဧပြီ ရက်က ရေးသားထားပါတယ်။
လူနာနံပါတ် ၂၃ မှာ ပိုးရှိကြောင်း ဧပြီ ၉ ရက်မှာ အစိုးရက ထုတ်ပြန်ခဲ့တာကြောင့် သားဖြစ်သူရဲ့ ဆေးစစ်ချက်အဖြေ ထွက်ခဲ့တဲ့မတ်လ ၂၃ ရက်ကနေ စရေတွက်ရင် ၁၄ ကျော်ခဲ့ပြီးဖြစ်ပြီး လူနာမှာလည်း ရောဂါလက္ခဏာမပြတဲ့အတွက် လူထုကြား စိုးရိမ်မှုတွေရှိလာပါတယ်။
(၃) ထိန်းချုပ်မှုတွေကိုအလျင်စလိုရုပ်သိမ်းရင် သေဆုံးနှုန်း ပြန်ခေါင်းထောင်နိုင်တယ်လို့ WHO သတိပေး

ဓာတ်ပုံ ရင်းမြစ်, EPA
ကိုရိုနာဗိုင်းရပ်စ်မပြန့်ပွားရေး ပိတ်ဆို့ကန့်သတ်ထားတာတွေကို အလျင်စလို ရုပ်သိမ်းမယ်ဆိုရင် သေဆုံးနှုန်းတွေ ပြန်လည်ခေါင်းထောင်လာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကသတိပေးလိုက်ပါတယ်။
WHO အကြီးအကဲ ဒေါက်တာ တက်ဒရို့က စီးပွားရေးအရ သက်ရောက်မှုတွေနဲ့ ရုန်းကန်နေရတဲ့တချို့တိုင်းပြည်တွေမှာ ဒီလို ကန့်သတ်မှုတွေကို ဖြေလျှော့တဲ့အခါ သတိကြီးကြီးထားသင့်တယ်လို့လည်း ဆိုပါတယ်။
ဥရောပမှာ ဗိုင်းရပ်စ်ဒဏ်ဆိုးဆိုးရွားရွားခံခဲ့ရတဲ့ စပိန်နဲ့ အီတလီတို့မှာ ကန့်ဘသတ်မှုတွေကို ဖြေလျှော့စပြုလာပြီဖြစ်ပါတယ်။
ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူပေါင်း ၁ ဒသမ ၆ သန်းကျော် ရှိပြီး သေဆုံးသူ တစ်သိန်းကျော်သွားပါပြီ။
ဒီအချိန်မှာ ဗိုင်းရပ်စ် ဗဟိုချက်မဖြစ်ခဲ့တဲ့ ဥရောပ တိုင်းပြည်တချို့မှာ သေဆုံးနှုန်းနှေးကွေးလာတယ်လို့ ဒေါက်တာတက်ဒရို့က ပြောပါတယ်။
"ထိန်းချုပ်ကန့်သတ်မှုတွေကို မြန်မြန်ဆန်ဆန်ဖြေလျှော့ပေးတာက သေဆုံးနှုန်းတွေကို ပြန်လည်ခေါင်းထောင်သွားဖို့ ဦးတည်စေနိုင်တယ်။ စနစ်တကျ မစီမံနိုင်ဘူးဆိုရင် ဒီနည်းလမ်းက အန္တရာယ်များပါတယ်" လို့ သူကဆိုပါတယ်။
WHOအနေနဲ့ ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးနိုင်တဲ့ နည်းလမ်းတွေနဲ့ပတ်သက်ပြီး အစိုးရတွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပေမယ့် ဒါတွေကို သိပ်မကြာခင်မှာ လုပ်သင့်တယ်လို့တော့ မထင်ကြောင်း သူက ဆက်ပြောပါတယ်။
စပိန်အစိုးရဟာ လာမယ့်တနင်္လာနေ့ကစပြီး ဆောက်လုပ်ရေးနဲ့ စက်ရုံအလုပ်ရုံ လို မဖြစ်မနေ အရေးပါတဲ့ လုပ်ငန်းအမျိုးအစားမဟုတ်တဲ့ တချို့ အလုပ်သမားတွေကို လုပ်ငန်းခွင်ပြန်ဝင်ရေး ခွင့်ပြုဖို့ လုပ်ဆောင်နေပါတယ်။
စပိန်ဟာ မနေ့က ၁၇ ရက်အတွင်း လူသေဆုံးမှုအနိမ့်ဆုံးဖြစ်ခဲ့ပြီး တစ်ရက်တည်းသေဆုံးသူ ၆၀၅ ဦး ရှိခဲ့ပါတယ်။ နောက်ဆုံးရရှိထားတဲ့ စာရင်းတွေအရ စပိန်မှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူပေါင်း ၁၅,၈၄၃ ဦး ရှိထားပါတယ်။
လာမယ့်သီတင်းပတ်ကုန် အီစတာပွဲတော် အားလပ်ရက်အတွင်း လူတွေ ခပ်ခွာခွာနေကြဖို့ စည်းကမ်းကို ဆက်လိုက်နာကြဖို့ အစိုးရက တိုက်တွန်းထားပါတယ်။
အီတလီမှာ ဝန်ကြီးချုပ်က လာမယ့် မေ ၃ ရက်အထိ ကန့်သတ်ပိတ်ပင်ထားတာတွေကို ထပ်တိုးသွားဖို့ရှိပြီး အဲဒီလို အသွားအလာကန့်သတ်ထားတာကြောင့် ရောဂါထိန်းချုပ်နိုင်ခဲ့တဲ့အခြေအနေတွေကို မဆုံးရှုံးဖို့လည်း သတိပေးခဲ့ပါတယ်။
ဒါပေမဲ့ မတ် ၁၂ ကစပြီး ပိတ်ထားခဲ့တဲ့ တချို့စီးပွားရေးလုပ်ငန်းတွေ စာအုပ်ဆိုင်နဲ့ ကလေးအင်္ကျီဆိုင်လို လုပ်ငန်းတွေကို ပြန်ဖွင့်ခွင့်ပြုတော့မှာ ဖြစ်ပါတယ်။
အီတလီမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၈,၈၄၉ ဦးနဲ့ ကမ္ဘာအပေါ်မှာ သေဆုံးနှုန်းအများဆုံး ဖြစ်ပါတယ်။ ဒုတိယအများဆုံးကတော့ အမေရိကန်ပြည်ထောင်စုဖြစ်ပြီး သေသူ ၁၈,၆၇၉ ဖြစ်ပါတယ်။ တတိယကတော့ စပိန်ဖြစ်ပြီး သေဆုံးသူ ၁၆,၀၈၁ ဦးနဲ့ သူ့နောက်မှာ ပြင်သစ်က သေဆုံးသူ ၁၃,၁၉၇ ဦး နဲ့ ရှိနေပါတယ်။








