လူနာ နံပါတ် ၁၆ ကျန်းမာရေးအကောင်းဘက် ရောက်လာ၊ အခြေခံလူတန်းစားအတွက် ဆန်ဆီဆား အစိုးရထောက်ပံ့မယ်၊ ပြင်သစ်မှာ ကိုရိုနာကြောင့် တစ်ရက်တည်း သေသူ စံချိန်တင် စတဲ့ ဧပြီ ၇ ရက်မနက်ခင်း ထိပ်တန်းသတင်းများ

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU
(၁) လူနာ နံပါတ် ၁၆ ကျန်းမာရေးအကောင်းဘက် ရောက်လာ၊နံပါတ် ၁၅ နဲ့ လူနာအားလုံး အခြေအနေကောင်းမွန်
အထူးကြပ်မတ် ကုသခန်းထဲမှာ ကုသမှုပေးနေရတဲ့ ကိုဗစ်၁၉ လူနာနံပါတ် ၁၆ ရဲ့ ကျန်းမာရေးအခြေအနေက အကောင်းဘက်ကို ရောက်လာပြီးတည်ငြိမ်နေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောခွင့်ရသူ ဒေါက်တာသာထွန်းကျော်က ဘီဘီစီကိုပြောပါတယ်။
မြောက်ဥက္ကလာပ ဆေးရုံကနေ ဝေဘာဂီကို လွှဲပြောင်းကုသခဲ့ရတဲ့ လူနာနံပါတ် ၁၆ ဟာ အထူးကြပ်မတ်ကုသခန်းမှာ ထားရှိကုသနေရတာ ဖြစ်ပါတယ်။
"လူနာအခြေအနေကတော့ stable ဖြစ်တယ်လို့ပြောလို့ရပါတယ်။ အခြေအနေလေး သိပ်ဆိုးဆိုးရွားရွားမဟုတ်တော့ဘူး။ ကျန်တစ်ယောက်(လူနာနံပါတ် ၁၅ ) ကတော့ သက်သာလာလို့ အိုင်စီယူထဲကနေ ပြန်ရွှေ့လိုက်ပါပြီ။ လူနာနံပါတ် ၈ ကို အိုင်စီယူထဲ ထားပြီး ကုသပေးခဲ့ရတဲ့အခြေအနေ မရှိပါဘူး။ လူနာအားလုံးရဲ့ ကျန်းမာရေးအခြေအနေကောင်းမွန်ပါတယ်" လို့ ဒေါက်တာသာထွန်းကျော်က ပြောပါတယ်။
လူနာနံပါတ် ၁၅ ဟာ ရန်ကုန်မြို့၊ ပုဂ္ဂလိက ဆေးခန်းတစ်ခုက သူနာပြုဝန်ထမ်းဖြစ်ပြီး သူကနေမှတစ်ဆင့် မိသားစုလိုက်ကူးစက်ခံရလို့ စိတ်ထိခိုက်တဲ့ အခြေအနေကိုလည်း ခံစားခဲ့ရတယ်လို့ ဆိုကြပါတယ်။
အခုတော့ သူ့ရဲ့ ကျန်းမာရေး အခြေအနေကောင်းမွန်လာတယ်လို့ ဒေါက်တာသာထွန်းကျော်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU
သူ့ရဲ့ ခင်ပွန်းဖြစ်သူနဲ့ သားသမီးနှစ်ဦး၊ တူမဖြစ်သူတို့က သူရှိတဲ့ ဝေဘာဂီဆေးရုံကို ပို့ဆောင်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ဝေဘာဂီမှာ လူနာများတဲ့အတွက် ပြည်ဆေးရုံကြီးမှာပဲ ထားရှိကုသပေးဖို့နဲ့ ပြည်ဆေးရုံမှာလည်း ကိုရိုနာ ဗိုင်းရပ်စ်အတွက် ကုသဖို့ ပစ္စည်းကိရိယာတွေစုံလင်တယ်လို့လူနာတွေကို နားလည်သဘောပေါက်အောင် ရှင်းပြပေးခဲ့တယ်လို့ ပေါက်ခေါင်းမြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာအေးငြိမ်းက မနေ့က ဒေါ်အောင်ဆန်း စုကြည်နဲ့ အွန်လိုင်းကတစ်ဆင့် ဆွေးနွေးတဲ့အခါမှာ တင်ပြခဲ့ပါတယ်။
လူနာနံပါတ် ၁၆ ဟာ ဒူဘိုင်းက ပြန်လာတဲ့သားဖြစ်သူကို လေဆိပ်မှာ သွားရောက်ကြိုဆိုခဲ့ပြီးတဲ့နောက် တစ်ပတ်အကြာမှာ နေမကောင်းဖြစ်ရာက ဆေးရုံကို ရောက်ရှိလာတဲ့သူ ဖြစ်ပါတယ်။ သူ့မှာ နဂိုရောဂါအခံတချို့လည်း ရှိနေပါတယ်။
လူနာ စုစုပေါင်း ၂၁ ဦးအနက် လူနာနံပါတ် ၁၆ အပြင် ပြည်မြို့ ပြည်သူ့ဆေးရုံမှာလည်း လူနာ တစ်ဦးကို အထူးကြပ်မတ်ခန်းမှာ သီးခြားထားရှိ ဆေးကုသပေးနေတယ်လို့ မနေ့က ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်က ဆိုပါတယ်။
ရန်ကုန်တိုင်းအစိုးရရဲ့ ဧပြီ ၃ ရက် နေ့စွဲနဲ့ ထုတ်ပြန်ချက်တစ်ခုမှာ ဝေဘာဂီမှာ တက်ရောက်ကုသနေတဲ့ ကိုဗစ် ၁၉ လူနာတစ်ဦးဟာ ကွာရန်တင်း လုပ်ဆောင်ဖို့ တိမ်းရှောင်နေတဲ့အပြင် တာဝန်ရှိသူတွေရဲ့ ညှိနှိုင်းမှုကို လိုက်နာဆောင်ရွက်ခြင်းမရှိတဲ့အတွက် နောင်အလားတူကိစ္စတွေဖြစ်လာရင် တည်ဆဲဥပဒေနဲ့အညီ စံပြအဖြစ်အရေးယူသွားမယ်လို့ ပါရှိပါတယ်။
ဒါနဲ့ပတ်သက်လို့ ဒေါက်တာသာထွန်းကျော်ကို မေးတဲ့အခါ ပေါ့စစ်တစ်လူနာဆိုတာ ကျန်းမာရေးဝန်ကြီးဌာနက စစ်ဆေးတာဖြစ်ပြီး ရန်ကုန်တိုင်းက အဲဒီဖြစ်စဉ်ကို အသေးစိတ်သိရှိထားခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။
ဝန်ကြီးဌာနက စစ်ဆေးပြီး ရောဂါပိုးရှိကြောင်း အဖြေထွက်တဲ့ ရန်ကုန်တိုင်းက လူနာအားလုံးကို ဝေဘာဂီဆေးရုံမှာ ကုသမှုပေးနေတယ်လို့ သူက ဆက်ပြောပါတယ်။
"လူနာတွေအနေနဲ့ကတော့ သူတို့စိတ်ခံစားချက်နဲ့ပတ်သက်လို့ ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်မှုရှိတယ်လို့ပဲပြောရမှာပေါ့။ အဲဒီထဲမှာ နိုင်ငံခြားသားတွေလည်းပါတယ်လေ"လို့ ဒေါက်တာသာထွန်းကျော်က ပြောပါတယ်။
လက်ရှိ ဝေဘာဂီမှာ ပြင်သစ်နိုင်ငံသား လူနာသုံးဦးနဲ့ နေပြည်တော်မှာ ဆွစ်ဇာလန်နိုင်ငံသူတစ်ဦးတို့ ရှိပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူး ၂ ဦးမိုးဟိန်းကို ဘီဘီစီကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
(၂) အခြေခံလူတန်းစားအတွက် ဆန်ဆီဆား အစိုးရထောက်ပံ့မယ်

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU
ကိုဗစ်၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသွားအလာကန့်သတ်ထားတဲ့ သင်္ကြန်ကာလရုံးပိတ်ရက်ရှည်တွေအတွင်း ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေကို ဆန်၊ ဆီ အပါအဝင် စားသောက်ကုန်ငါးမျိုး ထောက်ပံ့မယ်လို့ အစိုးရက မနေ့ကသတင်းထုတ်ပြန်ပါတယ်။
ဝင်ငွေနည်းအိမ်ထောင်စုတွေကို တစ်အိမ်ထောင် ဆန် ၈ ပြည်၊ ဆီနဲ့ ဆား ငါးဆယ်သား၊ ပဲ တစ်ပိဿာ၊ ကြက်သွန် တစ်ပိဿာတို့ကို ဧပြီ ၁၀ ရက်က စတင်ပြီး အခမဲ့ ဖြန့်ဖြူးထောက်ပံ့မယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည် ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတဲ့ ကိုဗစ်၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီက သတင်းထုတ်ပြန်တာဖြစ်ပါတယ်။
အဲဒီလိုဖြန့်ဖြူးတဲ့အခါ အလေအလွင့်မဖြစ်အောင်၊ မကြာအောင်နဲ့ အဂတိလိုက်စားမှုတွေမဖြစ်ဖို့ တိုင်းနဲ့ပြည်နယ်အစိုးရရဲ့ ကြီးကြပ်မှုနဲ့ စာရင်း ကောက်ယူ တာ၊ ထုပ်ပိုးပို့ဆောင်ဖြန့်ဖြူးတာတွေကို ကုန်သည်စက်မှုအသင်းချုပ်၊ ဌာနဆိုင်ရာအဖွဲ့အစည်းတွေ၊ ရပ်မိရပ်ဖတွေ၊ လူမှုရေးအသင်းအဖွဲ့တွေနဲ့ ပရဟိတ လူငယ်တွေ စတဲ့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
မန္တလေးတိုင်းမှာလည်း အခြေခံလူတန်းစားတွေအတွက် တိုင်းအစိုးရရန်ပုံငွေက ကျပ်တစ်ဘီလျံကျော် မတည်ထောက်ပံ့သွားမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် သံရုံးတွေ၊ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကလွဲလို့ ဒီဧပြီလကုန်အထိ အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အားသုံးစွဲခ ယူနစ် ၁၅၀ အထိကို အခမဲ့ သုံးခွင့်ပြုမှာဖြစ်ပါတယ်။
(၃) ပြင်သစ်မှာ ကိုရိုနာကြောင့် တစ်ရက်တည်း သေသူ စံချိန်တင်

ဓာတ်ပုံ ရင်းမြစ်, Reuters
ပြင်သစ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် မနေ့က ၈၃၃ ဦးသေဆုံးခဲ့ပြီး ဒါဟာ ဗိုင်းရပ်စ်ဖြစ်ပွားကတည်းက ခုထိ တစ်ရက်တည်း သေဆုံးသူ အမြင့်ဆုံးစံချိန် ကို ရောက်ခဲ့တာပါ။
ပြင်သစ်မှာ ဗိုင်းရပ်စ် ကူးစက်သူပေါင်း ၉၈,၀၀၀ ကျော်နဲ့ သေဆုံးသူက ၈,၉၁၁ ဦးရှိနေပါတယ်။
ဒီကပ်ရောဂါကို အဆုံးသတ်မယ့်အခြေအနေကို မရောက်နိုင်သေးဘူးလို့ ပြင်သစ်ကျန်းမာရေးဝန်ကြီး အိုလီဗီယာ ဗာရန်က ပြောပါတယ်။
ပြင်သစ်ကျန်းမာရေးဝန်ကြီးဌာနရဲ့ တနင်္လာနေ့ ညနေပိုင်း ထုတ်ပြန်ချက်အရ တစ်ရက်အတွင်း လူ ၆၀၅ ဦး ဆေးရုံတွေမှာ သေဆုံးခဲ့ပြီး ကျန် ၂၂၈ ဦးကတော့ နေအိမ်တွေမှာ ပြုစုစောင့်ရှောက်ရေးစင်တာတွေမှာ သေဆုံးခဲ့ရတာဖြစ်ပြီး ဒါဟာ သေဆုံးမှု ၁၀ ရာခိုင်နှုန်းတိုးလာတာလည်း ဖြစ်ပါတယ်။ ဒီတိုက်ပွဲမပြီးဆုံးသေးကြောင်းနဲ့ ခရီးလမ်းကရှည်လျားကြောင်းကို အခုထုတ်ပြန်တဲ့ကိန်းဂဏန်းတွေက ပြသနေကြောင်းနဲ့ လူတွေအနေနဲ့ အိမ်မှာပဲနေကြဖို့နဲ့ ဒီကန့်သတ်မှုတွေကို ဆက်လက်ထားရှိမယ်လို့ ကျန်းမာရေးဝန်ကြီးကပြောပါတယ်။
ဒါပေမဲ့ သတင်းကောင်းတချို့လည်း ပြင်သစ်မှာရှိခဲ့ပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံရပြီး အထူးကြပ်မတ်ကုသဆောင်မှာ ကုသမှုပေးရသူအရေအတွက်ဟာ ၁ ဒသမ ၃ ရာခိုင်နှုန်းသာ တိုးလာခဲ့ပြီး လူ ၇,၀၀၀ ကျော် ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
မစ္စတာ ဗာရန်က အစိုးရအနေနဲ့ ပြည်သူတွေကို ပိုပြီးကောင်းမွန်တဲ့ ရောဂါ ကာကွယ်ရေးတွေပြုလုပ်ပေးနိုင်ဖို့ ပြုစုစောင့်ရှောက်ရေးစင်တာတွေမှာ ရောဂါစမ်းသပ်ရှာဖွေစစ်ဆေးမှုတွေကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်လုပ်သွားမယ်လို့ ဆိုပါတယ်။
အဲဒီပြုစုစောင့်ရှောက်ရေးဂေဟာတွေမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူဟာ ၂၇ ရာခိုင်နှုန်း ရှိပါတယ်။
အီတလီမှာလည်း ရက်အတန်ကြာ သေဆုံးနှုန်းတွေ နှေးကွေးသွားတဲ့နောက် တနင်္လာနေ့မှာတော့ ပြန်တက်လာခဲ့ပါတယ်။ ဒါပေမဲ့ စပိန်မှာတော့ သေဆုံးနှုန်းကျဆင်းခဲ့ပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပြီး ရောဂါလက္ခဏာအခြေအနေဆိုးရွားတဲ့အတွက် အထူးကြပ်မတ်ကုသခန်းကို ပို့ဆောင်ထားရပါတယ်။
ဗြိတိန်မှာ ကိုရိုနာကြောင့် သေဆုံးသူ ၅,၀၀၀ ကျော်နဲ့ ကူးစက်ခံရသူ ၅၁,၀၀၀ ကျော် ရှိနေပါတယ်။
ကပ်ရောဂါဟာ ဥရောပသမဂ္ဂ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး စိန်ခေါ်မှုကြီး ဖြစ်ပြီး သူ့အစိုးရအနေနဲ့ စီးပွားရေးကို ကူညီသွားဖို့ အသင့်ရှိတယ်လို့ ဂျာမနီဝန်ကြီးချုပ် အန်ဂလာမာကယ်ကပြောပါတယ်။









