ဝူဟန် နောက်ဆုံးလေယာဉ်မှာ အဆုတ်ရောင်သံသယလူနာ မတွေ့ဘူးလို့ပြော

ဓာတ်ပုံ ရင်းမြစ်, ပြည့်သူ့ကျန်းမာရေးဦးစီးဌာန
ကိုရိုနာဗိုင်းရပ်ကြောင့် ဖြစ်တဲ့ အဆုတ်ရောင်ရောဂါ ကူးစက်ပျံ့ပွားနေတဲ့ တရုတ်နိုင်ငံ ဝူဟန်ကနေ ရန်ကုန်မြို့ကို ထွက်ခွာလာတဲ့ လေယာဉ်တစ်စင်း ဇန်နဝါရီ ၂၃ရက်နေ့မှာ ရောက်လာခဲ့ပြီး အဲဒီလေယာဉ်ခရီးသည်တွေမှာ သံသယလူနာမတွေ့ရဘူးလို့ ကျန်းမာရေး ဝန်ကြီးဌာနက ပြောခွင့်ရသူက ပြောပါတယ်။
အဲဒီလေယာဉ်မှာ ခရီးသည် ၈၅ ယောက် လိုက်ပါလာပြီး သူတို့အားလုံးကို စောင့်ကြည့်ခဲ့ရာမှာ သံသယလူနာ မတွေ့ခဲ့ဘူးလို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ပြောခွင့်ရသူ ဒေါက်တာခင်ခင်ကြီးက ဘီဘီစီကို ပြောပါတယ်။
ဒါ့အပြင် "အခုထက်ထိကတော့ ကျွန်မတို့နိုင်ငံမှာ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ တစ်ယောက်မှ မတွေ့ရှိရသေးပါဘူး" လို့လည်း ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်ရောဂါပိုး ကူးစက်ပျံ့ပွားနေတဲ့ ဝူဟန်မြို့မှာ သယ်ယူပို့ဆောင်ရေး ခရီးစဉ်တွေကို ဇန်နဝါရီ ၂၃ ရက် တရုတ်နိုင်ငံ ဝူဟန် စံတော်ချိန် မနက် ၁၀နာရီ မြန်မာစံတော်ချိန် မနက် ၈ နာရီခွဲမှာ ရပ်ဆိုင်းလိုက်ပါပြီ။
ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့ပွားနေတာကြောင့် တရုတ်နိုင်ငံ ဝူဟန်ပြည်နယ်ကနေ မထွက်ခွာကြဖို့နဲ့ ဝူဟန်ကို မလာကြဖို့အတွက် တရုတ်ကျန်းမာရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌက ဇန်နဝါရီလ ၂၂ရက်နေ့မှာ တိုက်တွန်း ထားပါတယ်။
အဲဒီမတိုင်မီတုန်းကတော့ ဝူဟန်လေဆိပ်ကနေ ဇန်နဝါရီ ၂၂ရက် ည ၁၁ လောက်က ထွက်ခွာလာတဲ့ China Eastern Airlines က လေယာဉ် MU-2659, B738 က ဇန်နဝါရီ ၂၃ရက်၊ မနက်ပိုင်း ၁နာရီ ၅၃မိနစ် မှာ ရန်ကုန်လေဆိပ်ကို ဆိုက်ရောက်ခဲ့ပါတယ်။
အခုဆိုက်ရောက်တဲ့လေယာဉ်က ဝူဟန်အပြင်ဘက်ကို မထွက်ဖို့ မတားမြစ်ခင် ထွက်ခွာလာတဲ့ လေယာဉ် ဖြစ်ပါတယ်။
"ဒီနေ့မနက် အစောကြီး ၁ နာရီ ၄၅ မှာ China Eastern Airline MU-2659 မှာ ခရီးသည် ၈၅ ဦး လိုက်ပါလာတယ်။ ခရီးသည် ၈၅ ဦးလုံးကို စောင့်ကြပ်ကြည့်ရှု စစ်ဆေးခဲ့တယ်။ သံသယလူနာ မတွေ့ဘူး။ ဝူဟန်ကလာတဲ့ ခရီးသည်လို့ ပြောလို့ရတာက ငါးယောက်ပဲ ပါတယ်"

ဓာတ်ပုံ ရင်းမြစ်, ပြည့်သူ့ကျန်းမာရေးဦးစီးဌာန
"အဲဒါကို လေယာဉ်ကွင်းမှာ တာဝန်ခံ အရာရှိကိုယ်တိုင် စောင့်ကြပ်ကြည့်ရှုပြီးတော့ ရောဂါထိန်းချုပ်ရေးကိစ္စတွေကို ဆောင်ရွက်နေပါတယ်"
ဒါ့အပြင် ဇန်နဝါရီ ဒုတိယအပတ်ကစပြီး မြန်မာနိုင်ငံတဝှမ်း နိုဗယ်ဗိုင်းရပ်ပိုးကူးစက်မှုမရှိအောင် နယ်စပ်ဂိတ် တွေမှာပါ စစ်ဆေးမှုတွေ ပြုလုပ်နေတာရယ်၊ ကုသရေးအတွက် ပြင်ဆင်ထားတဲ့အပိုင်းတွေလုပ်နေတယ်လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။
"အခုကျွန်မတို့သုံးနေတဲ့စက်ဆိုတာက ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တရားဝင် အသိအမှတ်ပြုထားတဲ့ ကမ္ဘာ့နိုင်ငံ အသီးသီးမှာ သုံးနေတဲ့ စက်တွေနဲ့ အတူတူပါပဲ"
"နယ်စပ်မှာဆိုရင် မူဆယ်ရယ်၊ မြဝတီရယ်၊ တာချီလိတ်ရယ် သုံးနေရာမှာ Thermal Scanner တွေရယ်၊ Non-Contact Thermometer တွေနဲ့ ဝင်လာတဲ့ ခရီးသည်တွေရဲ့ ကျန်းမာရေး အခြေအနေ၊ အဖျားအနာ ရှိမရှိ စစ်ဆေးတဲ့ စောင့်ကြည်ကြည့်ရှုတဲ့ စနစ် ရှိပါတယ်"
"ဒီ့အပြင်မှာ ကျွန်မတို့မှာ တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်တဲ့ Sentinel Hospital ဆိုတာ ရှိပါတယ်။ အဲဒီ Sentinel Hospital တွေက ၂၀၁၈ ဧပြီ လကတည်းက ကျွန်မတို့တွေက တည်ဆောက်ထားတာ ဖြစ်ပါတယ်"
"အဲဒါ ဘာအတွက်လဲ ဆိုလို့ရှိရင် တုပ်ကွေးဆန်တဲ့ ရောဂါလက္ခဏာတွေကို စောင့်ကြပ်ကြည့်ရှုတဲ့ System ကြီး ရှိထားပြီးသား ဖြစ်ပါတယ်" လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။
၂၀၁၈ခုနှစ်ကတည်းက အခုလို တုပ်ကွေးဆန်တဲ့ ကူးစက်ရောဂါမျိုးတွေကို ကုသနိုင်ဖို့ ရန်ကုန်မှာ စံပြဆေးရုံနဲ့ ရန်ကုန်ဆေးရုံကြီး၊ မန္တလေး၊ နေပြည်တော်၊ မူဆယ်၊ မြစ်ကြီးနား အစရှိတဲ့ ဆေးရုံတွေမှာ ကုသရေးဌာန တွေကို ထားရှိထားတာအပြင်၊ ရောဂါရှာဖွေရေးကို ဆရာဝန်များအသင်းနဲ့ ပူးပေါင်းပြီး သတင်းရရှိနိုင်ရေး ဖြန့်ချက်ထားတယ်လို့လည်း ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။
ဒီဗိုင်းရပ်စ်ပိုးကူးစက်ခံရသူဟာ တရုတ်နိုင်ငံမှာဆိုရင် ၄၄၀အထိ ရှိရောက်လာပြီး၊ ဂျပန်၊ ထိုင်းနဲ့ အမေရိကန်က ဆီယက်တယ် မြို့တို့အထိ ပျံ့နံ့ှသွားပြီလို့ တရုတ်ကျန်းမာရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌက သတင်းစာရှင်းလင်းပွဲ မှာ အတည်ပြု ပြောဆိုထားပါတယ်။








