မြင်းခြံထောင်ဆူပူမှုဖြစ်၊ အကျဉ်းသားတွေဘက်က အချက် ၁၁ ချက်တောင်းဆို

ထောင်ပိုင် အလိုမရှိလို့ အော်ဟစ်ကာ ထောင်တွင်းဆူပူမှု ဖြစ်ပွား

ဓာတ်ပုံ ရင်းမြစ်, ACTIVIST'FACEBOOK

ဓာတ်ပုံ ပုံစာ, ထောင်ပိုင် အလိုမရှိလို့ အော်ဟစ်ကာ ထောင်တွင်းဆူပူမှု ဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံအကျဉ်းထောင်မှာ ဒီဇင်ဘာ ၃၀ ရက်နေ့မနက်၉နာရီခွဲဝန်းကျင်ကစပြီး ထောင်ပိုင် အလိုမရှိလို့ အော်ဟစ်ကာ ထောင်တွင်းဆူပူမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အကျဉ်းထောင်လုံခြုံရေးအရ အကျဉ်းသားအိပ်ဆောင်တွေရဲ့ တံခါးကို လူတစ်ယောက်သာထွက်နိုင်ရုံ သံကြိုးခတ်တဲ့အပေါ် မကျေနပ်တဲ့အတွက် အကျဉ်းသားအများစုကနေ အော်ဟစ်ဆန္ဒပြခဲ့ကြတာဖြစ်တယ်လို့ မြင်းခြံအကျဉ်းထောင်ကိုရောက်ရှိနေတဲ့ မြင်းခြံမြို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးချမ်းမြေ့က ဘီဘီစီကို ပြောပါတယ်။

ထောင်ဆူပူမှု ဘယ်လိုဖြစ်

' ' ဒီနေ့မနက်က အဆောင် ၁ မှာ တံခါးကို သံကြိုးတပ်ဖို့ လုပ်ရာက ဖြစ်တာပဲ။ ညပိုင်းပဲ တပ်ထားမယ်ဆိုတာကို ကြိုအသိမပေးဘဲလုပ်တော့ တစ်နေ့လုံး ပိတ်ထားမယ်ထင်ပြီး မကျေနပ်ရာကဖြစ်တာ။ ထောင်ပိုင် အလိုမရှိဆိုပြီး အော်ကြတာ''လို့ ဦးချမ်းမြေ့က ပြောပြပါတယ်။

မြင်းခြံအကျဉ်းထောင်မှာ အကျဉ်းသား ၁၈၀၄ဦးရှိပြီး ယခင်ထောင်ပိုင်လက်ထက်က အခုလို အိပ်ဆောင်တွေကို သံကြိုးခတ်တာမျိုးမရှိခဲ့ဘဲ အခုမှလုပ်ဆောင်တဲ့အတွက် ထောင်ပိုင်အသစ် ပြောင်းရွှေ့လာပြီးမှ တင်းကျပ်လာတာတွေရှိတဲ့အတွက် ထောင်ပိုင်အလိုမရှိကြောင်း အော်ဟစ်ဆူပူခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

''သံကြိုးခတ်တာက ထောင်တိုင်းတော့မရှိဘူး။ အရင်ကမရှိဘူးဆိုပေမယ့် ဒါကတော့ ထောင်ပိုင်ရဲ့ လုပ်ပိုင်ခွင့်ပဲ။ ထောင်ပိုင်တွေပေါ်မှာပဲမူတည်တယ်။ ဒါမျိုးလုပ်တာက လုပ်တဲ့ထောင်လုပ်တယ်၊ တချို့ထောင်တွေ မှာတော့မရှိဘူး။ လုံခြုံရေးအရ ထောင်လက်စွဲမှာတော့ ပါပြီးသား လုပ်ရမယ်ဆိုတာ။'' လို့လည်း လုံခြုံရေးအရ တံခါး တွကို သံကြိုးခတ်လုပ်ဆောင်တဲ့အခြေအနေကို အကျဉ်းဦးစီးဌာန ဒုတိယ ညွှန်ကြား ရေးမှူး ဦးမင်းထွန်းစိုး ကရှင်းပြပါတယ်။

နေ့လယ်ပိုင်းမှာ ထောင်ဆူပူမှုငြိမ်သက်၊ ဘယ်လိုညှိနှိုင်းခဲ့သလဲ

ထောင်အတွင်းဆူပူမှုဖြစ်ခဲ့တဲ့အတွက် နေ့လယ်ပိုင်းမှာမန္တလေးတိုင်းဒေသကြီး အကျဉ်းဦးစီး ညွှန်ကြား ရေးမှူး၊ မြို့နယ်/ ခရိုင် အုပ်ချုပ်ရေးမှူးတွေ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နဲ့ အတူ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တို့ပါ မြင်းခြံထောင်ကို သွားရောက်ညှိနှိုင်းပေးခဲ့တယ်လို့ သိရပါတယ်။

'' အဓိကဖြစ်တာ အဆောင် ၁ နဲ့အဆောင် ၂ ဆိုတော့ အဲဒီက တန်းစီတွေကို ခေါ်ပြီး ထောင်ပိုင်ပါ ပါတယ်။ ညှိနှိုင်းပေးတာပါ။ အကျဉ်းသားတွေဘက်ကတော့ စောင်တွေ၊ နောက်ပြီး ထောင်ထဲမှာ ဝယ်ရတဲ့ပစ္စည်းတွေ ရဲ့ဈေးပေါ့လေ ဒါတွေကို လျှော့ချပေးဖို့ စတာတွေအပါဝင် စုစုပေါင်း ၁၁ ချက်တောင်းဆိုပါတယ်။ ညွှန်မှူးကတော်တော်များများကို လိုက်လျောပေးလိုက်တော့ အဆင်ပြေသွားပါတယ်''လို့ ညှိနှိုင်းပေးရာမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ ဦးချမ်းမြေ့ကဘီဘီစီကိုပြောပြပါတယ်။

အခုလို ထောင်ဆူပူမှုဖြစ်ပွားခဲ့တဲ့အပေါ် စုံစမ်းရေးအဖွဲ့ဖွဲ့ပြီး စုံစမ်းစစ်ဆေးသွားဖို့ရှိတယ်လို့လည်း အကျဉ်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးကပြောပါတယ်။

' ' ဘယ်လိုပဲဖြစ်ဖြစ် သံကြိုးတပ်တာကတော့ ဆက်လုပ်မှာပဲ။ ပြီးတော့ ဖြစ်စဉ်ကို စုံစမ်းရေးအဖွဲ့ဖွဲ့ပြီး စစ်သွားမယ်။ ဆူပူတာက အကျိုးအကြောင်းခိုင်လုံမှုရှိလားမရှိဘူးလား။ အပြစ်ရှိတယ်ဆိုရင်တော့ စစ်ဆေး တွေ့ရှိချက်အပေါ် မူတည်ပြီးအရေးယူသွားမယ်''လို့ ဦးမင်းထွန်းစိုးကပြောပါတယ်။

မေလကဖြစ်ခဲ့တဲ့ထောင်ဆူမှုအတွင်း ရွှေဘိုအကျဉ်းထောင်မှာ အကျဉ်းသား ၄ဦးသေဆုံးခဲ့ရ

ဓာတ်ပုံ ရင်းမြစ်, ST

ဓာတ်ပုံ ပုံစာ, မေလကဖြစ်ခဲ့တဲ့ထောင်ဆူမှုအတွင်း ရွှေဘိုအကျဉ်းထောင်မှာ အကျဉ်းသား ၄ဦးသေဆုံးခဲ့ရ

စံချိန်တင်ထောင်ဆူပူမှု

ပြီးခဲ့တဲ့မေလအတွင်း အကျဉ်းသား ၂၃၀၀၀ ကျော်ကို နိုင်ငံတော် သမ္မတရဲ့လွတ်ငြိမ်းသက်သာခွင့်ပေးပြီး နောက် လွတ်ငြိမ်းသက်သာခွင့်ဟာ တန်းတူညီမျှမှုမရှိဘူးဆိုကာ ရွှေဘို၊ သာယာဝတီ၊ မြစ်ကြီးနား၊ ပုသိမ်စတဲ့ အကျဉ်းထောင် ၆ခုမှာ ဆက်တိုက်ဆိုသလို ထောင်ဆူမှုတွေဖြစ်ခဲ့ပါတယ်။

ဆူပူမှုတွေအတွင်းနှိမ်နင်းမှုကြောင့် ရွှေဘိုအကျဉ်းထောင်မှာ အကျဉ်းသားသေဆုံးတာတွေလည်းရှိခဲ့ပါတယ်။

မြန်မာနိုင်ငံက အကျဉ်းထောင်တွေရဲ့ အခြေအနေ

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အကျဉ်းထောင်ပေါင်း ၄၀ ကျော်ရှိပြီး ယခင်က အကျဉ်းသားဦးရေ တစ်သိန်း သုံးသောင်းကျော်ရှိခဲ့ပါတယ်။

အခုနှစ်အတွင်း လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ပြီးနောက် လက်ရှိမှာ အကျဉ်းသား ၉ သောင်းကျော်သာ ရှိတော့တယ်လို့ အကျဉ်းဦးစီးဌာနကနေသိရပါတယ်။

မေလအတွင်းက မော်လိုက်ကလေးအကျဉ်းထောင်က အကျဉ်းသားတွေ ထောင်တွင်းတောင်းဆိုမှုပြုလုပ်ခဲ့စဉ်

ဓာတ်ပုံ ရင်းမြစ်, Kyaw Thet Win

ဓာတ်ပုံ ပုံစာ, မေလအတွင်းက မော်လိုက်ကလေးအကျဉ်းထောင်က အကျဉ်းသားတွေ ထောင်တွင်းတောင်းဆိုမှုပြုလုပ်ခဲ့စဉ်

အကျဉ်းထောင်တွေကို အဆင့်သတ်မှတ်ချက်အနေနဲ့ လူ ၁၀၀၀ဆံ့ ထောင်ကို ကကြီးအဆင့်၊ လူ၅၀၀ ဆံ့ ထောင်ကို ခခွေးအဆင့်နဲ့ ဂငယ်အဆင့်၊ လူ၃၀၀ ဆံ့ထောင်ကို ဃကြီးအဆင့် အဖြစ် သတ်မှတ်ထားခဲ့ ပါတယ်။

ဒါပေမဲ့ အခုနောက်ပိုင်းမှာ ကျန်တဲ့အဆင့် ၂ခုကိုဖျက်သိမ်းလိုက်ပြီး ထောင်အားလုံးကိုကကြီး နဲ့ ခခွေးအဆင့် ထောင်တွေအဖြစ် တိုးမြှင့်ပြီးသတ်မှတ်လိုက်ပါတယ်။

ဒီလို ထောင်အဆင့်သတ်မှတ်ချက် တွေကို တိုးမြှင့်သတ်မှတ်လိုက်ပေမဲ့ အကျဉ်းထောင်တိုင်းကို အဆောက်အဦတွေ လိုက်ပါတိုးချဲ့နိုင်ခြင်းမရှိတဲ့အတွက် အကျဉ်းသားတွေဟာ သတ်မှတ်ဦးရေထက် ပိုပြီးနေထိုင်နေကြရတယ်လို့လည်း နိုင်ငံရေးအကျဉ်းသားဟောင်းအချို့က ထောက်ပြပြောဆိုပါတယ်။

အကျဉ်းထောင်တွေထပ်မံတိုးချဲ့

ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာတော့ ပဲခူးတိုင်း ဒိုက်ဦးမြို့၊ မွန်ပြည်နယ် ကျိုက်မရောမြို့နဲ့ ကချင်ပြည်နယ် မိုးညှင်းမြို့တွေမှာတော့ ဦးရေ ၁၀၀၀ ဆံ့ အကျဉ်းသားတွေကို ထပ်မံတိုးချဲ့တည်ဆောက်ခဲ့ပါတယ်။

' ' မကွေးမှာဆောက်နေတဲ့ထောင်ကတော့ မပြီးသေးဘူး။ နောက် အချုပ်ထောင်တွေထပ်တိုးဆောက်နေ တာရှိတယ်။ ပြီးတော့ ထောင်တွေ ထပ်မတိုးနိုင်ပေမယ့် ကြပ်တည်းတာတွေမရှိအောင် အိပ်ဆောင်တွေ တိုးချဲ့တာ ၊ အဆောက်အဦတွေထပ်တိုးဆောက်တာတွေကို လုပ်ပေးနေတယ်။ အစိုးရဘတ်ဂျက်နဲ့ နှစ်စဉ်ချပေးတာတွေရှိပါတယ်။ ဒါတွေလုပ်နေပါတယ်''လို့ အကျဉ်းထောင်တွေမှာ လူဦးရေနဲ့ အဆောက် အဦတွေ အချိုးကျမှုမရှိတာတွေကို ဖြေလျှော့ဖို့လုပ်ဆောင်နေ တဲ့အချက်တွေအပေါ် အကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ ဦးမင်းထွန်းစိုးကပြောပြပါတယ်။

ထောင်ဆေးရုံဟာ အင်းစိန်အကျဉ်းထောင်အပါအဝင် ဗဟိုထောင် ၃ခုမှာပဲ ရှိ

ဓာတ်ပုံ ရင်းမြစ်, STR/AFP via Getty Images

ဓာတ်ပုံ ပုံစာ, ထောင်ဆေးရုံဟာ အင်းစိန်အကျဉ်းထောင်အပါအဝင် ဗဟိုထောင် ၃ခုမှာပဲ ရှိ

ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု အခြေအနေ

ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှုတွေကို တိုးချဲ့နိုင်ဖို့အတွက် ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်အတွင်းမှာတော့ အင်းစိန်၊ မန္တလေး၊ မြစ်ကြီးနားနဲ့ လားရှိုး စတဲ့ အကျဉ်းထောင် ၄ခုမှာ ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင် မယ့် အဆောက်အအုံတွေကို စတင်တည်ဆောက်တာတွေကို လုပ်ဆောင်လာခဲ့ပါတယ်။

ဒါပေမယ့်လည်း မြန်မာနိုင်ငံမှာ အကျဉ်းထောင် ၄၀ကျော်ရှိတဲ့အနက် အင်းစိန်၊ မန္တလေးစတဲ့ ဗဟိုထောင် ၃ခု မှာပဲ ထောင်ဆေးရုံရှိပြီး ကျန်တဲ့ ထောင်တွေမှာ ထောင်ဆေးရုံ မရှိသလို နယ်ဘက်ထောင်အများစုနဲ့ ကုန်ထုတ်စခန်းလို့ခေါ်တဲ့ ရဲဘက်စခန်း အများစုမှာတော့ ဆေးကုသပေးမယ့် ဆရာဝန်လည်းမရှိဘဲ ဆေးမှူးလောက်နဲ့သာ ကုသပေးနေရတာဖြစ် ပါတယ်။

ဒါကလည်း ထောင်ဆေးရုံတွေမှာ ကုသပေးမယ့်ဆရာဝန်တွေကို ကျန်းမာရေးဝန်ကြီးဌာနက ချပေးမှသာရတာဖြစ်တဲ့အတွက် အရေးပေါ်လိုအပ်ချက်ရှိတဲ့ အကျဉ်းသားတွေကိုတော့ အပြင်ဆေးရုံတွေကိုပို့ဆောင်ပြီး ကုသပေးနေတယ်လို့ ဦးမင်းထွန်းစိုးက ပြောပြပါတယ်။

ဒီကနေ့ဒီဇင်ဘာ ၃၀ ရက်နေ့ မြင်းခြံထောင်ဆူပူမှုအတွင်းညှိနှိုင်းရာမှာတော့ အကျဉ်းသားတွေ တောင်း ဆိုတဲ့အချက်ထဲမှာ သာမန်အအေးမိနှာစေး ဖျားနာတာမျိုးမှာတော့ထောင်ဆေးရုံကိုမသွားလိုဘဲ အကျဉ်းထောင်အတွင်းမှာပဲ ဆေးဝါးအချို့ကိုထားပေးဖို့ကိုလည်း အချက်တစ်ခုအနေနဲ့ ထည့်သွင်း တောင်းဆိုခဲ့တယ်လို့ ညှိနှိုင်းရာမှာ ပါဝင်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးချမ်းမြေ့ရဲ့ ပြောပြချက်အရ သိရပါတယ်။