ကချင်မှာ အသစ်တွေ့တဲ့ မြေရှားသတ္တုနဲ့ တရုတ်ဈေးကွက်

ကချင်ပြည်နယ် မြောက်ပိုင်းက မြေရှားသတ္တုတူးဖော်နေတဲ့ လုပ်ငန်းခွင် တစ်ခု

ဓာတ်ပုံ ရင်းမြစ်, Department of Mines, Kachin State

ဓာတ်ပုံ ပုံစာ, ကချင်ပြည်နယ် မြောက်ပိုင်းက မြေရှားသတ္တုတူးဖော်နေတဲ့ လုပ်ငန်းခွင် တစ်ခု

တရုတ်-မြန်မာနယ်စပ် ပန်ဝါဂိတ်ကို မြန်မာဘက်အခြမ်းက ကုန်ပစ္စည်းတွေ တင်ပို့မှု ကန့်သတ်လိုက်ပြီးနောက် ကချင်ပြည်နယ်ထဲက မြေရှားသတ္တုတွေဟာ တရုတ်ဘက်အခြမ်းကို တင်ပို့ဖို့ အခက်ကြုံနေရပြီး ဈေးနှုန်းတွေလည်း တက်လာတဲ့အပေါ် စိုးရိမ်သံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံထဲမှာ တရုတ်က လာရောက်တရားမဝင် သတ္တုတူးဖော်မှုတွေကြောင့် သဘာ၀ ပတ်ဝန်းကျင် ပျက်စီးမှုနဲ့ ပဋိပက္ခတွေ ဖြစ်စေတယ်လို့ မြန်မာဘက်က ရှုမြင်ပြီး မြန်မာဘက်က နယ်စပ်ကို ပိတ်လိုက်တာလို့ ဒီဇင်ဘာ ၁၆ ရက်နေ့ တရုတ် SMM သတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာဘက်ကတော့ မြေရှားသတ္တုတွေနဲ့ ပတ်သက်လို့ ကန့်သတ်တာ မရှိဘူးလို့ ပြောပါတယ်။

"ကျွန်တော်တို့ဘက်က ဆိုင်းငံ့တာ မရှိပါဘူး၊ လက်ရှိမှာ အကုန်လုံးကို ခွင့်ပြုထားပါတယ်၊ စနစ်တကျလုပ်ဖို့ ကျွန်တော်တို့က တိုက်တွန်းတဲ့ အဆင့်မှာပဲ ရှိပါတယ်" လို့ ကချင်ပြည်နယ် သတ္တုတွင်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးယဉ်ကျော်အောင်က ပြောပါတယ်။

ပြည်ထောင်စုအဆင့် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အောက်မှာရှိတဲ့ သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကိုကိုလှိုင်ကလည်း "တရုတ်ကို မြေရှားသတ္တု တင်ပို့မှုကို နဂိုကလည်း ပိတ်မထားဘူး၊ အခုလည်း မပိတ်ဘူး၊ ခိုးတူးတာမျိုးရှိရင်တော့ သွားဖမ်းတယ်၊ လုပ်ငန်းပိတ်တယ်၊ ဒီလောက်ပါဘဲ" လို့ ဘီဘီစီကို ပြောပါတယ်။

ကချင်ပြည်နယ်ထဲ မြေရှားသတ္တုတွေ ထွက်နေပြီလား

ကချင်ပြည်နယ်မြောက်ပိုင်းက ချီဖွေ၊ ဆော့လော်၊ ပန်ဝါ၊ လွယ်ဂျယ် စတဲ့ ဒေသတွေမှာ မြေရှားသတ္တုတူးဖော်မှုတွေ ရှိနေပြီး ပြည်တွင်း ကုမ္ပဏီ တချို့ကို တရားဝင်လုပ်ကွက်တွေ ချပေးထားပါတယ်။

ကချင်ပြည်နယ် သတ္တုတွင်းဦးစီးဌာနရဲ့ အချက်အလက်တွေမှာတော့ "မြေရှားသတ္တု တရားဝင် တူးဖော်ခွင့်လိုင်စင်ချပေးထားတဲ့ ပြည်တွင်း ကုမ္ပဏီ ၂ ခုထဲက မြန်မာမျိုးကိုကို ကုမ္ပဏီဆိုရင် ချီဖွေမှာ လုပ်ကွက် ၅ ကွက်၊ မြေဧက ၁၄၀ ကျော်မှာ တူးဖော်နေပြီး ရွှေစပါးသတ္တု တူးဖော်မှုရေး ကုမ္ပဏီဆိုရင် လွယ်ဂျယ်မှာ ဧက ၁၅၀ ပတ်လည်လောက်မှာ တူးဖော်ဖို့ လုပ်နေတယ်" လို့ ဖော်ပြပါတယ်။

တူးဖော်ခွင့်တောင်းထားတဲ့ ကုမ္ပဏီတွေကို ပြည်ထောင်စုက ပြည်နယ်အစိုးရကို သဘောထားမှတ်ချက်တောင်း၊ အဲ့ဒီကမှ ပြည်နယ်အစိုးရက လုပ်ကွက်တွေထဲအထိ သွားရောက် စစ်ဆေးပြီးမှ ခွင့်ပြုပေးတာဖြစ်ပါတယ်။

"တချို့ လုပ်ကွက်တွေဆို လုံခြုံရေးအရ သွားလို့မရ စစ်ဆေးလို့ မရတာတွေ ရှိတယ်၊ အဲ့ဒီမှာ တရုတ်တွေ တူးနေတာ ရှိတယ်လို့တော့ သတင်းတွေ ရထားပါတယ်" လို့ ကချင်ပြည်နယ် သတ္တုတွင်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးယဉ်ကျော်အောင်က ပြောပါတယ်။

မြေရှားသတ္တုတူးဖော်နေတဲ့ နေရာအနီးက တရုတ်ကားတွေနဲ့ တရုတ်နိုင်ငံသားတချို့

ဓာတ်ပုံ ရင်းမြစ်, Department of Mines, Kachin State

ဓာတ်ပုံ ပုံစာ, မြေရှားသတ္တုတူးဖော်နေတဲ့ နေရာအနီးက တရုတ်ကားတွေနဲ့ တရုတ်နိုင်ငံသားတချို့

"တချို့နေရာတွေဆို ကျွန်တော်တို့ သွားစစ်ဖို့ အခက်ခဲရှိတယ်၊ ခိုးတူးနေတဲ့ နေရာတွေက ပြည်သူ့စစ် လက်နက်ကိုင်၊ နယ်ခြားစောင့် လက်နက်ကိုင် ရှိတယ်၊ တပ် ရိက္ခာအနေနဲ့ တပ်တွင်း လစာ ရိက္ခာတို့အတွက် လုပ်တာမျိုး သဘောမျိုးလည်း ရှိနေတော့ လုပ်ရ ကိုင်ရခက်တယ်" လို့ ကချင်ပြည်နယ် သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒါရှီလဆိုင်းက ပြောပါတယ်။

ဆော့လော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခေါ်မာဝူက "ဒီမှာက အစိုးရဆီ စာတင်ပြီးသွားရင် ခွင့်ပြုမိန့် ကျကျ မကျကျ ကိုယ့်နေရာ ကိုယ်သတ်မှတ် တူးဖော်ကြတော့တာပဲ၊ ဇွန်လတုန်းကဆို မြေရှားသတ္တုနဲ့ ပတ်သက်လို့ ဒေသခံတွေဆီက တိုင်ကြားမှုတွေ တော်တော်များများရှိခဲ့တယ်" လို့ ပြောပါတယ်။

တရုတ်ကို ရောက်သွားတဲ့ ကချင်က မြေရှားသတ္တုတွေ

ပြီးခဲ့တဲ့ မေလတုန်းက မြန်မာနိုင်ငံက ထွက်ရှိတဲ့ မြေရှားသတ္တုတွေ ဝယ်ယူတင်သွင်းနေတာကို တရုတ်က ပိတ်ပင်လိုက်တယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ပါတယ်။

စက်တင်ဘာလလယ်လောက်မှာတော့ မြေရှားသတ္တု အဓိက တင်သွင်းရာ နေရာဖြစ်တဲ့ ယူနန်ပြည်နယ်ထဲက ထိန်ချုန်းနယ်စပ်ဂိတ်ကို ပြန်ဖွင့်ခဲ့တယ်လို့ တရုတ်သတင်းတွေမှာ ဖော်ပြပါတယ်။

တရုတ်-မြန်မာ နယ်စပ်ဂိတ်တစ်နေရာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တရုတ်-မြန်မာ နယ်စပ်ဂိတ်တစ်နေရာ

ဒါပေမဲ့လည်း တရုတ်ပြည်ထဲ ဝင်ရောက်မှု ဆိုင်းငံ့ထားခံရဆဲ ဖြစ်တာကြောင့် မြေရှား သတ္တုအမျိုးအစား တစ်ခုဖြစ်တဲ့ terbium oxide ဟာ ဈေးကွက်ထဲမှာ ၁ ကီလိုဂရမ်ကို ယွမ်ငွေ ၃၄၉၅ ယွမ် (ဒေါ်လာ ၅၀၀ နီးပါး) ဈေးပေါက်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလနဲ့ နှိုင်းယှဉ်ရင် ၁ လထဲမှာပဲ ယွမ် ၇၀ ( ၁၀ ဒေါ်လာ) အထိ တက်လာပါတယ်။

ဒါ့အပြင် dysprosium ဒိုင်ပရိုစီယမ်ဟာလည်း ၁ ကီလိုဂရမ်ကို ယွမ်ငွေ ၃၄၉၅ ယွမ် (ဒေါ်လာ ၂၅၀ နီးပါး) ဈေးပေါက်ပြီး ၁ လ တည်းမှာပဲ ယွမ် ၁၀၀ လောက် ဈေးတက်လာတယ်လို့ တရုတ် SMM သတင်းမှာ ဖော်ပြပါတယ်။

တရုတ်သတင်းတွေမှာတော့ မြန်မာဟာ တရုတ်ကို မြေရှားသတ္တု အဓိက ထောက်ပံ့နေတဲ့ စာရင်းထဲမှာပါပြီး ပြီးခဲ့တဲ့ ၂၀၁၈ တုန်းက တရုတ်ပြည်တွင်း သုံးစွဲမှုရဲ့ ထက်ဝက်လောက်ဟာ မြန်မာနိုင်ငံက ပေးသွင်းမှုနဲ့ ညီမျှတယ်လို့ ဖော်ပြကြပါတယ်။

မြေရှားသတ္တုဒြပ်စင်တွေကို ဘယ်လိုထုတ်လဲ၊ ဘယ်မှာသုံးလဲ၊ ဘယ်လောက် တန်ဖိုးရှိလဲ

မြေရှားသတ္တုလို့ ပြောရင် အရင်ကတော့ ဝပြည်ဘက်မှာ ထွက်ရှိတယ်ဆိုပြီး လူသိများကြပါတယ်။

အခုတော့ ကချင်ပြည်နယ်မြောက်ပိုင်းမှာ ထွက်နေတယ်ဆိုတဲ့ သတင်းတွေက အခု ၁ နှစ်၊ ၂ နှစ် အတွင်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

"မြေရှားသတ္တုကို တရုတ်လို 'ရှီထူ' လို့ ခေါ်တယ်၊ ရွှေထက် ဈေးကြီးတယ်လေ၊ အဆင့်မြင့်တဲ့ သိပ္ပံစစ်လက်နက်တွေ၊ မောင်းသူမဲ့ လေယာဉ်တွေမှာ ထုတ်လုပ်ရမှာ တော်တော်အသုံးပြုတယ်" လို့ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ လားရိုးမြို့ ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းက ပြောပါတယ်။

ဝပြည်နယ်ထဲက မြေရှားသတ္တုတွေနဲ့ ကချင်ပြည်နယ်ထဲက မြေရှားသတ္တု ထွက်ရှိနေတဲ့အကြောင်းကိုတော့ သူက မှတ်ချက်မပေးပါဘူး။

သတ္တုတူးဖော်တဲ့ လုပ်ငန်းခွင် တစ်ခုကို လာရောက်စစ်ဆေးနေတဲ့ ကချင်ဝန်ကြီး ဦးဒါရှီလဆိုင်း

ဓာတ်ပုံ ရင်းမြစ်, Department of Mines, Kachin State

ဓာတ်ပုံ ပုံစာ, သတ္တုတူးဖော်တဲ့ လုပ်ငန်းခွင် တစ်ခုကို လာရောက်စစ်ဆေးနေတဲ့ ကချင်ဝန်ကြီး ဦးဒါရှီလဆိုင်း

လက်ရှိမှာ သတ်မှတ်ထားတဲ့ မြေရှား သတ္တု ဒြပ်စင်က ၁၇ မျိုး ရှိပါတယ်။ အဲ့ဒီထဲမှာ ကချင်ပြည်နယ်မြောက်ပိုင်းမှာ ၅ မျိုးလောက် ထွက်ရှိနေပြီး Lanthanum၊ Dysprosium Oxide စတဲ့ ဒြပ်စင်တွေ ပါပါတယ်။

"Lanthanum ပေါ့၊ ဓာတ်ခဲတွေမှာ သုံးတယ်၊ အဲ့ဒီ ဒြပ်စင်ပါရင် ပိုပြီးတော့မှ ကောင်းတယ်၊ အားပိုခံတယ်၊ သေးသေးနဲ့ စွမ်းဆောင်ရည် မြင့်တယ်၊ Dysprosium Oxide ဆိုတဲ့ သတ္တုကတော့ လျှပ်စစ်မော်တာတွေမှာ ကြေးသတ္တု နဲ့ ကွိုင်ပတ်စရာ မလိုဘဲ သံလိုက်လေးနဲ့ ထားနိုင်တယ်၊ သေးသေးလေးတွေနဲ့ စွမ်းဆောင်ရည်တွေ မြင့်မားကြတယ်" လို့ သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကိုကိုလှိုင်က ပြောပါတယ်။

မြေရှားသတ္တု တူးဖော်ပုံနဲ့ ပတ်သက်လို့ "သုံးပုံ သုံးနည်းကတော့ မြေကြီးထဲကို အက်ဆစ်ကို ကျင်းတူးပြီးတော့ လောင်းထည့်လိုက်တယ်၊ ပြန်ထွက်လာတဲ့ အရည်တွေကို ပြန်ပြီး ဆယ်ယူတာပေါ့" လို့လည်း ဦးကိုကိုလှိုင်က ဆက်ရှင်းပြပါတယ်။

မြေရှား သတ္တုတူးဖို့ တရုတ်တွေ ဘယ်လိုရောက်လာကြလဲ

တကယ်တော့ မြေရှားသတ္တုထွက်တဲ့ မြန်မာပြည်မြောက်ပိုင်းက ဒေသအများစုဟာ တရုတ်နဲ့ နယ်ချင်းဆက်နေတာ ဖြစ်ပါတယ်။ သတ္တုလုပ်ကွက်တွေကို ပြည်တွင်းနဲ့ တိုင်းရင်းသားကုမ္ပဏီတချို့က ချထားပေမယ့် ခိုးတူးတာတွေ ရှိနေပါတယ်။

ပန်ဝါက မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းခွင်အနီးက တရုတ်ကုန်တင်ကားများ

ဓာတ်ပုံ ရင်းမြစ်, Department of Mines, Kachin State

ဓာတ်ပုံ ပုံစာ, ပန်ဝါက မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းခွင်အနီးက တရုတ်ကုန်တင်ကားများ

"ပန်ဝါ၊ ချီဖွေတို့ဘက်မှာဆို တောင်တိုင်းမှာ လိုလို တူးနေတာ ရှိတယ်၊ ရောက်သွားရင် လုပ်ငန်းတွေ ရပ်ဆိုင်းထားတယ်၊ ခိုးထုတ်နေတာ လက်ပူး လက်ကြပ်မိရင်တော့ ပြည်ထောင်စုကို တင်ပြပါတယ်" လို့ ကချင်ပြည်နယ် သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒါရှီလဆိုင်းက ပြောပါတယ်။

ဒီဇင်ဘာလ ၉ ရက်နေ့တုန်းကလည်း ကချင်ပြည်နယ် မြောက်ပိုင်း ပန်ဝါဒေသမှာ မြေရှားသတ္တု တရားမဝင် တူးဖော်နေတဲ့ လုပ်ကွက် ၃ကွက် ထက်မနည်းနဲ့အတူ တရုတ်စာတွေနဲ့ ရေးထားတဲ့ ကုန်တင်ကားတွေကို ပြည်နယ်သတ္တုတွင်း ဦးစီးဌာနက စစ်ဆေးမှုတွေ လုပ်ခဲ့ရပါတယ်။

"တရုတ်တွေက လစ်ရင် လစ်သလို ဝင်တူးကြတာ၊ ကုမ္ပဏီတွေမှာလည်း တရုတ်လူမျိုးတွေက ပညာရှင်အဖြစ် ကြီးကြပ်နေပြီး၊ အောက်ခြေအလုပ်သမားတွေက တိုင်းရင်းသားတွေ သူတို့ကို တူးခိုင်းနေတာ" လို့ ကချင်ပြည်နယ် သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစောယုကလည်း ဘီဘီစီကို ပြောပါတယ်။