ငလျင်ကြောင့်စောင်းသွားတဲ့ ရန်ကုန်က တိုက်တွေကို စည်ပင် လိုက်စစ်

တာမွေ အထပ်မြင့်တိုက်
ဓာတ်ပုံ ပုံစာ, တာမွေမှာ အထပ်မြင့်တိုက် ငါးလုံး တိမ်းစောင်းခဲ့ပြီး အဲဒီထဲမှာ နှစ်လုံးက အသစ်ဖြစ်

ရန်ကုန်မှာ နိုဝင်ဘာ ၁၂ ရက် ညပိုင်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် စောင်းသွားတဲ့ အထပ်မြင့်တိုက်တွေကို ရန်ကုန် မြို့တော်စည်ပင်နဲ့ တာဝန်ရှိသူတွေက လိုက်စစ်နေတယ်လို့ စစ်ဆေးရေးအဖွဲ့ထဲမှာပါတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းက ဘီဘီစီကို ပြောပါတယ်။

တာမွေ မြို့နယ် ထဲမှာ အနည်းဆုံး အထပ်မြင့်တိုက် ငါးလုံးလောက် တိမ်းစောင်းသွားပြီး အဲဒီထဲမှာ ဘဏ်ခွဲအသစ် ဖွင့်ဖို့ရှိတဲ့ ကမ္ဘောဇ ဘဏ်ပါ အထပ်မြင့်တိုက်အသစ် တစ်လုံးလည်းပါဝင်တယ်လို့ လည်း သူက ပြောပါတယ်။

"ကမ္ဘောဇဘဏ် ရှိတဲ့အထပ်မြင့်တိုက်အသစ်က လေးလက်မလောက် စောင်းသွားတယ်။ နောက် နတ်ချောင်း အာသောကလမ်းမှာတစ်နေရာ ၊မေတ္တာညွှန့် ရွှေဝါလမ်းမှာ တစ်နေရာ၊ ဒဂုံသီရိလမ်းမှာ တစ်နေရာ၊ တာမွေ မအူကုန်းမှာ တစ်နေရာ ငါးနေရာကို စစ်ဖို့ရှိပါတယ်" လို့ ဦးလှသိန်းကပြောပါတယ်။

နိုဝင်ဘာ ၁၂ ရက် ညပိုင်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ မိုးဇလ ထုတ်ပြန်ချက် အရ ပြင်းအား ရစ်ခ်တာ စကေး ၄.၁ သာရှိပေမဲ့ ငလျင်ဒဏ်ကို သိသိသာသာ ခံစားခဲ့ရတဲ့အတွက် ရန်ကုန်မြို့နေ လူထုကြား စိုးရိမ်မှုတွေ ရှိနေပါတယ်။

စောင်းသွားတဲ့တိုက်တွေကို ရန်ကုန်မြို့တော်ဝန်လာစစ်
ဓာတ်ပုံ ပုံစာ, စောင်းသွားတဲ့တိုက်တွေကို ရန်ကုန်မြို့တော်ဝန်လာစစ်

အင်အား အသင့်အတင့်ရှိတဲ့ ငလျင်ဆိုပေမယ့် ရန်ကုန်ဟာ နုန်းမြေတွေပေါ်မှာ တည်ထားတာဖြစ်လို့ ငလျင်လှိုင်းကို ပိုခံစားရတာဖြစ်တယ်လို့ ငလျင်ပညာရှင်က ဘီဘီစီကို ပြောပါတယ်။

ရန်ကုန်မှာ နိုဝင်ဘာ ၁၂ ရက် ညက လှုပ်သွားတဲ့ ငလျင်ကြောင့် တာမွေ၊ သင်္ဃန်းကျွန်း၊ သာကေတနဲ့ တောင်ဥက္က လာပမြို့နယ်တွေက အထပ်မြင့်တိုက် တချို့ တိမ်းစောင်းတာတွေရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်နေပြီး နိုဝင်ဘာ ၁၃ ရက် မှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင် နီယာဌာနက ကွင်းဆင်းစစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။

ပထမဆုံး တာမွေမြို့နယ်မှာ စစစ်ဆေးခဲ့ပြီး တိမ်းစောင်းတယ်ဆိုတဲ့ မြို့နယ် တွေအကုန်လုံးကို လိုက်စစ်ဆေး မှာဖြစ်တယ်လို့ စစ်ဆေးရေးအဖွဲ့ထဲမှာပါတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းက ဘီဘီစီကို ပြောပါတယ်။

တိုက်တစ်လုံးစီကို စစ်ဆေးရတာ အချိန် အတော် ယူရပြီး ကွင်းဆင်းစစ်ဆေးမှု ရလဒ်တွေကို ချက်ချင်း ထုတ်ပြန်နိုင်ဦးမှာ မဟုတ်သေးဘူးလို့ ဦးလှသိန်းက ပြောပါတယ်။

တာမွေမှာ အထပ်မြင့်တိုက် ငါးလုံး တိမ်းစောင်းခဲ့ပြီး အဲဒီထဲမှာ နှစ်လုံးက အသစ်ဖြစ်တယ်လို့ သူက ပြောပါတယ်။

စောင်းသွားတဲ့တိုက်
ဓာတ်ပုံ ပုံစာ, ဆက်နေလို့ သင့်မသင့်ဆိုတာကိုပါ ပြန်စိစစ်မယ်

နိုဝင်ဘာ၁၃ရက် စစ်ဆေးရေးအဖွဲ့က အဲဒီနေရာ တွေကို လိုက်စစ်ဆေးတဲ့အခါမှာ ဆက်နေလို့ သင့်မသင့်ဆို တာကိုပါ ပြန်စိစစ်မှာဖြစ်တယ်လို့ သိရပါတယ်။

ငလျင်က တစ်ခါလှုပ်ပြီးရင် နောက်ဆက်တွဲ ငလျင်တွေ လာနိုင်တဲ့အတွက် ကူညီကယ်ဆယ်ရေး လုပ်ဖို့ မြို့နယ်တိုင်းမှာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေ အသင့်ပြင်ထားပြီး ပစ္စည်းကိရိယာတွေပါ တပ်ဆင်ထားတယ်လို့ မီးသတ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဝင်းက ပြောပါတယ်။

ငလျင်ကြောင့် ရွှေတိဂုံဘုရားက အရံစေတီတော်တချို့ ထိခိုက်ပျက်စီးမှုရှိတယ် ဆိုတဲ့ သတင်းတွေ ထွက်နေပေမဲ့ ဌာနမှာတော့ ထိခိုက်ပျက်စီးမှုစာရင်း တက်လာတာ မရှိဘူးလို့ သူက ဆက်ပြောပါတယ်။

ငလျင်ကြောင့်တိုက်အောက်ဆင်းနေကြသူများ
ဓာတ်ပုံ ပုံစာ, ငလျင်ကြောင့်တိုက်အောက်ဆင်းနေကြသူများ

ငလျင်ကြောင့် ခုလို အထပ်မြင့် အဆောက်အအုံတွေ တိမ်းစောင်းပြီး တိုက်အသစ်တွေပါ ပါဝင်တာကြောင့် နောက်ဆောက်မယ့် အဆောက်အအုံတွေအတွက် သဘာဝဘေးဒဏ်ခံနိုင်ရေး အပါအဝင် အရည်အသွေးပိုင်း စိစစ်ရေးအတွက် ကြပ်မတ် တိုက်တွန်းသွားမယ်လို့ ဦးလှသိန်းက ပြောပါတယ်။

ဒီငလျင်နဲ့ ပတ်သက်လို့ နိုဝင်ဘာလ ၁၂ ရက် ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦးဆောင်ပြီး အစည်းအဝေး ပြုလုပ်ခဲ့တယ်လို့ လည်းသိရပါတယ်။

ဒါ့အပြင် နိုဝင်ဘာလ ၁၃ ရက် မနက်ပိုင်း နမ့်ဆန်မှာလည်း ငလျင် ပြင်းအား ရစ်ခ်တာ စကေး ၄.၂ အဆင်ရှိတဲ့ ငလျင်လှုပ်ရှားသွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။