ကွတ်ခိုင်မြို့အနီးမှာ တစ်ညတည်း ကား ၇ စီး မီးရှို့ခံရ အပါအဝင်မနက်ခင်းသတင်းများ

ဓာတ်ပုံ ရင်းမြစ်, Shar Htat Paing
ကွတ်ခိုင်မြို့အနီးမှာ တစ်ညတည်း ကား ၇ စီး မီးရှို့ခံရ
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့အထွက် နမ့်ကွတ်ကျေးရွာအနီး ကားလမ်းမှာ စက်တင်ဘာ ၃ ရက်ညနေ ၆နာရီဝန်းကျင်က အိမ်စီးကား ၃စီးနဲ့ ကုန်တင်ယာဉ် ၄ စီးကို တစ်ချိန်တည်းမှာ မီးရှို့ခံခဲ့ရပါတယ်။
ယာဉ်မောင်းတွေအပါအဝင် မီးရှို့ခံခဲ့ရတဲ့ ကားတွေပေါ်မှာ လိုက်ပါလာတဲ့သူ စုစုပေါင်း ၂၀ ဝန်းကျင်ခန့်ကို ဒီကနေ့ စက်တင်ဘာ ၄ ရက်နေ့ မနက်ပိုင်းမှာလူမှုကူညီရေးအသင်းအချို့ကနေ သွားရောက် ခေါ်ဆောင်ခဲ့ တယ်လို့ သိရပါတယ်။
' ' မနေ့ကညနေကတည်းက သတင်းကြားပေမယ့် နယ်မြေအနေအထားအရ ဒီမနက်မှ သွားခေါ်နိုင်တယ်။ သူတို့ကားတွေကို တားပြီး အခုလိုဖြစ်သွားတယ်လို့ပဲပြောပါတယ်။''လို့ သွားရောက်ကူညီခဲ့တဲ့ နယ်စည်း မခြား ပရဟိတ(သီပေါ)အဖွဲ့က ကိုမျိုးက ဘီဘီစီကိုပြောပါတယ်။
ရှမ်းပြည်မြောက်ပိုင်းမှာ မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ဖွဲ့တို့အကြား လက်ရှိဖြစ်ပေါ် နေတဲ့ တိုက်ပွဲတွေအတွင်း မော်တော်ယာဉ်တွေကို မီးရှို့ဖျက်ဆီးခံရတာတွေဟာ ၁၀ စီးကျော်ရှိနေပြီ ဖြစ်ပါ တယ်။

ဓာတ်ပုံ ရင်းမြစ်, Myanmar State Counsellor
တောင်ကိုရီးယားသမ္မတရဲ့ခရီးစဉ်အတွင်း စက်မှုဇုန်စီမံကိန်း(KMIC) ထူထောင်ရေးအပါအဝင် နားလည်မှု စာချွန်လွှာအချို့လက်မှတ်ရေးထိုးနိုင်ခဲ့
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းတို့ရဲ့ စက်တင် ဘာ ၃ ရက်နေ့ကတွေ့ဆုံမှုအပြီး ကိုရီးယား-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စက်မှုဇုန် စီမံကိန်း (KMIC) ထူထောင်ရေးအပါအဝင်နားလည်မှု စာချွန်လွှာ အချို့ကို နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးနိုင်ခဲ့ ပါတယ်။
တောင်ကိုရီးယားနဲ့ မြန်မာနိုင်ငံတို့အကြား ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် ချေးငွေဆိုင်ရာမူဘောင်သဘောတူညီချက်အပါအဝင် ကုန်သွယ် ရေးနဲ့ စက်မှုဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ၊ ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံမှာ လာ ရောက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာမှာ ပိုမိုလွယ်ကူချောမွေ့စေဖို့ အတွက် ရန်ကုန်မြို့မှာ သတင်း အချက် အလက် စင်တာတစ်ခု တည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ သင်္ဘောလိုင်း၊ သင်္ဘောကျင်း အဆင့် မြှင့်တင်ရေး၊ ထောက်ပံ့ပို့ဆောင်ရေး၊ ဆိပ်ကမ်းတည်ဆောက်ရေးနဲ့စီမံခန့်ခွဲရေးကိစ္စရပ်တွေမှာ ပူးပေါင်း ဆောင်ရွက်မှုနားလည်မှု စာချွန်လွှာ၊ သိပ္ပံနဲ့ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ၊ ထွန်းသစ်စလုပ်ငန်းများနဲ့ တီထွင် ဆန်းသစ်ခြင်းနယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်ရေး စတဲ့ နားလည်မှုစာချွန်လွှာတွေကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။
အဆိုပါကိစ္စရပ်တွေအပြင် နှစ်နိုင်ငံ သဘောတူညီချက်နဲ့အညီ ကိုရီးယားနိုင်ငံမှာအလုပ်လုပ်ကိုင်နိုင်ရေး အတွက် မြန်မာ အလုပ်သမားတွေ တိုးမြှင့်ခေါ်ယူနိုင်ရေး ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာနိုင်ငံအတွက် ကျောင်းကား အစီး (၆၀) ကိုလည်း ကိုရီးယားသမ္မတနိုင်ငံဘက်ကနေ လှူဒါန်းခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ဘရက်ဇစ် ဆိုင်ရာအစီအစဉ်အောက်လွှတ်တော်ကထိန်းချုပ်နိုင်ဖို့ မဲပေးရာမှာ ဝန်ကြီးချုပ် ရှုံးနိမ့်
ဗြိတိန်နိုင်ငံမှာတော့ အီးယူကနေ ဗြိတိန်နုတ်ထွက်မှု(ဘရက်ဇစ်)အတွက် သဘောတူညီချက်မယူဘဲ နုတ်ထွက်ဖို့ရှိတဲ့ ဝန်ကြီးချုပ်ဘောရစ် ဂျွန်ဆင်ရဲ့မူဝါဒဟာ လွှတ်တော်တွင်း မဲပေးမှုကြောင့် ပျက်ပြယ် သွားပါပြီ။
ကွန်ဆာဗေးတစ်ပါတီဝင် လွှတ်တော်အမတ်တွေနဲ့ အတိုက်အခံအမတ်တွေက ဝန်ကြီးချုပ်ရဲ့ ဘရက်ဇစ် ဆိုင်ရာအစီအစဉ်တွေကို အောက်လွှတ်တော်ကထိန်းချုပ်နိုင်ဖို့ မဲပေးရာမှာ ဝန်ကြီးချုပ် ရှုံးနိမ့်ခဲ့တာပါ။
ဒါ့ကြောင့် လွှတ်တော်အမတ်တွေဟာ လာမယ့်အောက်တိုဘာလ မှာ သဘောတူညီချက်မရဘဲ အီးယူကနေ ဗြိတိန်နုတ်ထွက်တာမျိုးမဖြစ်အောင် ဥပဒေပြုဟန့်တားနိုင်တော့မှာပါ။
ဝန်ကြီး ချုပ်ဘောရစ်ဂျွန်ဆင်ကတော့ ဒါဟာ ရည်ရွယ်ချက်မဲ့ နှောင့်နှေးအောင်လုပ်တဲ့လုပ်ရပ်လို့ ပြောပြီး အထွေထွေရွေး ကောက် ပွဲ စောကျင်းပမယ့် သဘောပြောထားပါတယ်။ အတိုက်အခံခေါင်းဆောင် ဂျယ်ရမီ ကိုဘင်ကတော့ သဘောတူညီချက်မရဘဲ ဗြိတိန်နုတ်ထွက်မယ့် အစီအစဉ် မပျက်သရွှေ့ ဆန့်ကျင်သွား မယ်လို့ ပြောထားပါတယ်။








