ကွတ်ခိုင်မြို့တိုက်ပွဲ အရပ်သား ၅ ဦး သေဆုံးမှု တပ်မတော်ကပြန်ရှင်း

ဓာတ်ပုံ ရင်းမြစ်, DAu Dee
ကွတ်ခိုင်မြို့က အရပ်သား ၅ ဦး သေဆုံးပြီး၊ ၃ ဦး ဒဏ်ရာရရှိ ခဲ့တဲ့ ပစ်ခတ်မှုဟာ မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေ ဘက်က ပစ်တာလို့ မြန်မာတပ်မတော်က စက်တင်ဘာလ ၃ရက် နေ့စွဲနဲ့ သတင်းထုတ်ပြန်ပါတယ် ။
တပ်မတော်က ရွာတွင်းကို လက်နက်ကြီးတွေနဲ့ ဝင်ပစ်လို့ အရပ်သား ရွာသူရွာသားတွေ သေဆုံးဒဏ်ရာရရှိတယ်လို့ ကွတ်ခိုင်မြို့နဲ့ နယ်မြေခံတပ်ဌာနချုပ်တွေကို လာပစ်တဲ့ လက်နက်ကိုင်အဖွဲ့တွေက သတင်းမှား ကောလာဟလ ထုတ်လွှင့်ခဲ့တာလို့လည်း တပ်ဘက်က ရှင်းပါတယ် ။
ကွတ်ခိုင်မြို့ရဲ့ အနောက်တောင်ဘက်ကနေ လက်နက်ကြီးတွေနဲ့ လာရောက် နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီးတော့ အရပ်သားတွေသေဆုံးခဲ့တဲ့ မော်ဟစ်စုစည်းရွာဟာ ပန်ဆေးကျေးရွာအနီးကနေ ပစ်ခတ်တဲ့ ကျည်လမ်းကြောင်းနဲ့ မန်ထန်ရွာ ကချင် ဘုရားကျောင်းအနီးက ပစ်ခတ်တဲ့ ရန်သူ့ကျည်လမ်းကြောင်း ၂ ကြောင်း ပေါ်မှာ ကျရောက်နေတာကို စစ်ဆေးတွေ့ရှိရတယ်လို့လည်း တပ်မတော် ထုတ်ပြန်ချက်မှာ ပါပါတယ် ။
မြောက်ပိုင်း မဟာမိတ်အဖွဲ့ကတော့ အရပ်သား ၅ ဦးဟာ မြန်မာတပ်မတော်က ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တာဖြစ်ပြီးတော့ အဲဒီအတွက် အထူးဝမ်းနည်းကြောင်း စက်တင်ဘာလ ၁ ရက်နေ့ က သတင်းထုတ်ပြန်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Dau Dee
လူမှုကွန်ရက် စာမျက်နှာတွေမှာ ပထမဦးဆုံးတင်ခဲ့တဲ့ ဗုံးသီးဒလက်ပိုင်း ဓာတ်ပုံ အထောက်အထားဟာ အမှတ်အသားစာ တစ်စုံတစ်ရာ မပါပေမယ့် နောက်ပိုင်း တင်တဲ့ ဓာတ်ပုံတွေမှာ တပ်မတော်က ထုတ်တဲ့ ဗုံးသီးပုံသဏ္ဍာန် အမှတ်အသားပါ ဓာတ်ပုံတွေကို လုပ်ကြံဖန်တီး သတင်းအမှား ဖော်ပြတာလို့လည်း ထုတ်ပြန်ချက်မှာ ပြန်ရှင်းပါတယ်။
မြောက်ပိုင်းမဟာမိတ် အဖွဲ့ကတော့ ဒီပစ်ခတ်မှုဟာ ကွတ်ခိုင်အခြေစိုက် ခမရ ၂၄၁ က ပစ်တာဖြစ်ပြီးတော့ ၁၂၂ မမ လက်နက်ကြီးကျည် ၃ လုံးပစ်တာဖြစ်တယ်လို့ သြဂုတ်လ ၃၁ ရက်နေ့က ပြောပါတယ်။
တပ်မတော်ဘက်ကတော့ ဒီပစ်ခတ်မှုနဲ့ပက်သက်ပြီး အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်ပြုလုပ်လျက် ရှိတယ်လို့လည်း ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CINCDS
ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့မှာ သြဂုတ် ၃၁ရက်နေ့ မနက်ပိုင်းက မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် မော်ဟိတ်စုစည်းကျေးရွာအတွင်း လက်နက်ကြီးကျလို့ တစ်နှစ်သားအရွယ် ကလေးငယ်နဲ့မိခင် အပါအဝင် လူ ၅ ဦး သေဆုံးသွားခဲ့ပါတယ်။
' ' ဒဏ်ရာ ရတဲ့ ၂ယောက်ကိုတော့ လားရှိုးဆေးရုံကို ပို့လိုက်ပြီ။ ဆုံးသွားတာတော့ ၅ဦးပါ။ လသား ကလေးငယ်တစ်ယောက်ရယ် မိခင်ရယ်၊ နောက်ထပ် ၈ နှစ်အရွယ် ကလေး တစ်ယောက် လည်း ပါတယ်။''လို့ အခင်းဖြစ်ရာကို သွားရောက်ကူညီခဲ့တဲ့ ဗြဟ္မစိုရ်နှလုံးသား လူမှုကူညီရေးအသင်းက အဖွဲ့ဝင် တစ်ဦးက ဘီဘီစီကိုပြောပါတယ်။
သြဂုတ်လ ၃၁ ရက် မနက် အစောပိုင်းကတည်းက ကွတ်ခိုင်မြို့ပေါ်ရပ်ကွက်တွေမှာပါ ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး မြို့ပေါ် ရပ်ကွက်တစ်ခုဖြစ်တဲ့ ရပ်ကွက် ၈ မှာပါ တိုက်ပွဲတွေဖြစ်ခဲ့တဲ့အတွက် အဲဒီရပ်ကွက်မှာရှိတဲ့ မသန်စွမ်း ကျောင်းက ကလေးငယ်တွေကို ဘေးလွတ်ရာ တိမ်းရှောင်နေကြရတယ်လို့ ကျောင်း တာဝန်ခံ ဒေါ်မိုင်းမိုင်းက ဘီဘီစီကိုပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
ရှမ်းမြောက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ သြဂုတ်လ ၁၅ ရက်နေ့က စတင်ခဲ့တာ ဖြစ်ပြီး လားရှိုး-မူဆယ် လမ်းပိုင်းမှာ သြဂုတ်လ ၂၉ ရက်နဲ့ ၃၀ ရက် နှစ်ရက်ဆက်တိုက် အရပ်ဘက် ကုန်ကားနဲ့ ခရီးသည် ကား ၆ စီး မီးရှို့ခံထားရပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခဲ့ပါတယ်။
ကွတ်ခိုင်-မူဆယ်လမ်းပိုင်း စက်တင်ဘာလ ၃ ရက်နေ့မှာ ပြန်ပွင့်ပေမယ် မူဆယ်တက်မယ့် ကားဆရာတွေဟာ လမ်းမှာ မီးလောင်ထားတဲ့ကားတွေ လမ်းထောင့်တွေမှာ ရှိတာ သတိထားဖို့လိုတယ်လို့လည်း ဒေသခံတစ်ဦး ကပြောပါတယ်။








