မြန်မာအပါအဝင် အာဆီယံ ၃ နိုင်ငံခရီးစဉ် တောင်ကိုရီးယားသမ္မတစတင်

ဓာတ်ပုံ ရင်းမြစ်, EPA
မြန်မာ၊ ထိုင်းနဲ့ လာအို အာဆီယံ ၃ နိုင်ငံကို ၆ ရက်ကြာ လာရောက်မယ့်တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းဟာ စက်တင်ဘာ ၁ ရက်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိလာပါတယ်။
ဒါဟာ ၇ နှစ်အတွင်း တောင်ကိုရီးယား သမ္မတတဦးအနေနဲ့ ထိုင်းနဲ့ မြန်မာနိုင်ငံကို ပထမဆုံး လာတာ ဖြစ်ပြီး လာအိုနိုင်ငံကိုတော့ တောင်ကိုရီးယား သမ္မတတဦးအနေနဲ့ ပထမဆုံးအကြိမ်လာရောက်မှာလည်း ဖြစ်ပါတယ်။
သမ္မတ မွန်ဂျေအင်းဟာ ၂ဝ၁၇ ခုနှစ်မှာ အာဏာရလာပြီးတဲ့နောက် အမေရိကန်၊ တရုတ်၊ ဂျပန်၊ ရုရှားနိုင်ငံတွေနဲ့ နီးကပ်တဲ့ ဆက်ဆံရေးကို ဆက်ထိန်းပြီး ဒေသတွင်းနိုင်ငံတွေနဲ့ သံတမန်ရေးကို တိုးချဲ့ဖို့ ကြိုးစားခဲ့ပါတယ်။
လက်ရှိအချိန်မှာ တောင်ကိုရီးယားက ဂျပန်နဲ့ ကုန်သွယ်ရေး တင်းမာမှုတွေ ဖြစ်နေပြီး၊ တရုတ်နဲ့ အမေရိကန်ရဲ့ ကုန်သွယ်ရေး စစ်ပွဲကြောင့် အာဆီယံနိုင်ငံတွေနဲ့ ဆက်ဆံရေးကို ပိုမို အလေးထားလာနေတယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။
ဒါ့အပြင် သမ္မတ မွန်ဂျေအင်းအစိုးရရဲ့ တောင်ပိုင်းဆိုင်ရာ မူဝါဒသစ် အရ အရှေ့တောင် အာရှနိုင်ငံတွေနဲ့ ဆက်ဆံရေးကို ပိုမိုခိုင်မာဖို့ ကြိုးပမ်းလာနေတာ ဖြစ်ပါတယ်။ မစ္စတာ မွန်ဂေျအင်းဟာ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ စင်ကာပူနိုင်ငံတွေကို သွားရောက်ခဲ့ပြီး ဖြစ်ပါတယ်။
မစ္စတာ မွန်ဂျေအင်းရဲ့ သက်တမ်းအတွင်းမှာ အာဆီယံ ၁ဝနိုင်ငံကို သွားမယ်ဆိုပြီး ပေးထားတဲ့ ကတိကို မပျက်ကွက်ဖို့နဲ့ လာမယ့်နိုဝင်ဘာ တောင်ကိုရီးယားနိုင်ငံ ဘူဆန်မှာ ကျင်းပမယ့် အာဆီယံနဲ့ တောင်ကိုရီးယား၊ တောင်ကိုရီးယားနဲ့ မဲခေါင်နိုင်ငံများ အစည်းအဝေး မတိုင်မီ ဒီနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်တာကို တိုးမြှင့်ဖို့ သွားရောက်တာလို့လည်း ဘီဘီစီကိုရီးယားဘာသာဌာန သတင်းထောက် ဂျူလီ ယွန်းယောင်လီက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
စက်တင်ဘာ ၂ ရက်နေ့မှာတော့ သမ္မတက ထိုင်းဝန်ကြီးချုပ် ပရာယု ချန်အိုချာနဲ့တွေ့ဆုံဖို့ရှိပြီး ထိုင်းနဲ့ တောင်ကိုရီးယားအကြား စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ ကာကွယ်ရေးနဲ့ စစ်ဘက် ဆိုင်ရာ ကိစ္စတွေမှာ ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးသွားမယ်လို့ တောင်ကိုရီးယား တာဝန်ရှိသူ တဦးကို ကိုးကားပြီး ကိုရီးယားတိုင်းမ် သတင်းမှာ ရေးပါတယ်။
ထိုင်းနဲ့တောင်ကိုရီးယားရဲ့ ကုန်သွယ်မှုဟာ ဒေါ်လာ ၁၄ ဘီလီယံနီးပါး ရှိပြီး ထိုင်းဟာ တောင် ကိုရီးယားအတွက် အရေးပါတဲ့ ကုန်သွယ်ဖက် နိုင်ငံတခုလည်း ဖြစ်ပါတယ်။
ဒီနောက် သမ္မတ မွန်ဂျေအင်းက စက်တင်ဘာ ၃ ရက်မှာ မြန်မာနိုင်ငံကို လာရောက်မှာ ဖြစ်ပြီး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
မြန်မာကို လာရောက်မယ့် ခရီးစဉ်နဲ့ ပတ်သက်လို့ ဘီဘီစီ ကိုရီးယား ဘာသာဌာနက သတင်းထောက် ဂျူလီယွန်းယောင်လီက သဘာဝ သံယံဇာတ ပေါကြွယ်ဝတဲ့ မြန်မာနိုင်ငံအတွင်းမှာ လုပ်ငန်းတွေလုပ်ကိုင်နေတဲ့ တောင်ကိုရီးယား ကုမ္ပဏီတွေအတွက် ငွေကြေးနဲ့ အုပ်ချုပ်ရေး ပိုင်းဆိုင်ရာ အကူအညီတွေပေးဖို့ အဆင့်မြင့် အစိုးရအရာရှိတွေကို သမ္မတ မွန်ဂျေအင်းက တိုက်တွန်းဖို့ ရှိပါတယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ တောင်ကိုရီးယား ကုမ္ပဏီ ၂ဝဝ လောက် စီးပွားရေး လုပ်ငန်းတွေ လုပ်ဆောင်နေ ကြတာဖြစ်ပြီး သူ့ရဲ့ခရီးစဉ်အတွင်း ရန်ကုန် မြောက်ပိုင်းမှာရှိတဲ့ တောင်ကိုရီးယား-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စက်မှုဇုန်ဖွင့်ပွဲကိုလည်း တက်ရောက်ဖို့ ရှိနေ တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တောင်ကိုရီးယား- မြန်မာ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးဖို့ ရှိတယ်လို့လည်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်ကြီးများနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်က ပြောပါတယ်။
"တောင်ကိုရီးယား သမ္မတလာရင် သူနဲ့အတူ ကိုးရီးယား စီးပွားရေး လုပ်ငန်းရှင် အယောက် ၂ဝဝ၊ ၃ဝဝ လောက်ပါလာမယ်လိုတော့ ကြားသိထားတာ ရှိပါတယ်၊ ကုန်သည်စက်မှုအသင်းချုပ်အနေနဲ့ ကီတာဆိုတဲ့ ကိုးရီးယား အဖွဲ့နဲ့လည်း MoUထိုးဖို့ရှိတယ်၊ WFGနဲ့လည်း ထိုးဖို့ ရှိတယ်၊ ရှေ့ဆက် မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်သွားဖို့ အတွက် ၄ ရက်နေ့မှာပဲ MoU ထိုးဖို့ရှိတယ်"လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံခရီးစဉ်အပြီး စက်တင်ဘာ ၅ ရက်နေ့မှာ သမ္မတ မွန်ဂျေအင်းဟာ လာအိုနိုင်ငံကို သွားရောက်ဖို့ရှိနေပြီး လာအို သမ္မတနဲ့တွေ့ဆုံပြီး နားလည်မှု စာချွန် လွှာတွေ တချို့ လက်မှတ်ရေးထိုးဖို့ ရှိနေပါတယ်။
ဒီနားလည်မှု စာချွန်လွှာတွေက လာအိုရဲ့ ရေအားလျှပ်စစ်နဲ့ အိုင်စီတီ စီးပွားရေး လုပ်ငန်းတွေထဲကို ဝင်ရောက်ဖို့ ကြိုးစားနေတဲ့ တောင်ကိုရီးယား ကုမ္ပဏီတွေကို အထောက် အကူပြုမယ်လို့ဆိုပါတယ်။
စက်တင်ဘာ ၆ ရက်နေ့မှာတော့ သမ္မတ မွန်ဂေျအင်းက သူ့ရဲ့ ခရီးစဉ်ကို အဆုံးသတ်ပြီး တောင်ကိုရီးယားကို ပြန်မှာ ဖြစ်ပါတယ်။








