ကမ္ဘာ့အညစ်ညမ်းဆုံးမြစ်နံပါတ် ၉ နေရာမှာ ဧရာဝတီရှိနေ

ဧရာဝတီမြစ်ထဲမှာ စွန့်ပစ်တဲ့ပလတ်စတစ်တွေကတော့ ပလတ်စတစ်အမာ၊ အပျော့၊ ကော်ဘူး၊ ကြွပ်ကြွပ်အိတ်စတဲ့ ပလတ်စတစ်တွေ ပါပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images

ဓာတ်ပုံ ပုံစာ, ဧရာဝတီမြစ်ထဲမှာ စွန့်ပစ်တဲ့ပလတ်စတစ်တွေကတော့ ပလတ်စတစ်အမာ၊ အပျော့၊ ကော်ဘူး၊ ကြွပ်ကြွပ်အိတ်စတဲ့ ပလတ်စတစ်တွေ ပါပါတယ်။

ဧရာဝတီမြစ်ကြောင်းတစ်လျှောက် မှာနေထိုင်တဲ့ ဒေသခံတွေက ဧရာဝတီမြစ်ထဲမှာ နေ့စဉ် ပလတ်စတစ်အမှိုက် ၁၁၉ တန်နီးပါး စွန့်ပစ်နေတာကြောင့် ကမ္ဘာ့အညစ် ညမ်းဆုံးမြစ်တွေထဲမှာ ဧရာဝတီမြစ် ပါဝင်နေတယ်လို့ ပတ်ဝန်းကျင် ညစ်ညမ်းမှုနဲ့ ပတ်သက်ပြီး သုတေသနပြု ခဲ့တဲ့အဖွဲ့က ပြောပါတယ်။

ကမ္ဘာပေါ်မှာအညစ်ညမ်းဆုံးမြစ်ထဲမှာ ဧရာဝတီမြစ်က နံပါတ် ၉ အဆင့်မှာ ရှိနေတယ်လို့လည်း ဆိုပါတယ်။

၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလကနေ ၂ဝ၁၉ ခုနှစ် ဇွန်လအထိ ဧရာဝတီမြစ်တစ်လျှောက်မှာ ကွင်းဆင်းလေ့လာခဲ့ပြီး ပလတ်စတစ်ညစ်ညမ်းမှုနဲ့ပတ်သက်လို့ သုတေသန ပြုလုပ်ခဲ့တဲ့ သန့်မြန်မာအဖွဲ့နဲ့ အပြည်ပြည်ဆိုင်ရာ တောရိုင်း တိရိစ္ဆာန်နှင့်သဘာဝ အပင်များ ထိန်းသိမ်းရေးအဖွဲ့(FFI) က ထုတ်ပြန် လာတာ ဖြစ်ပါတယ်။

သန့်မြန်မာအဖွဲ့က သုတေသနပညာရှင် Friedor Jeskeက အညစ်ညမ်းဆုံးမြစ်တွေက အာရှက ဖြစ်ပြီး ပထမ အညစ်ညမ်းဆုံးမြစ်က တရုတ်နိုင်ငံက ယန်ဇီမြစ်၊ ဒုတိယက အိန္ဒိယ ဂင်္ဂါမြစ်ဖြစ်ပြီး ဒီမြစ်တွေကို မှီခိုနေထိုင်ရတဲ့ လူဦးရေက သန်း ၅ဝဝ နီးပါးရှိနေပါတယ်။

ရန်ကုန်က မြောင်းထဲမှာ စွန့်ပစ်ထားတဲ့ ပလတ်စတစ် အမှိုက်များ။

ဓာတ်ပုံ ရင်းမြစ်, EyesWideOpen/Getty Images

ဓာတ်ပုံ ပုံစာ, ရန်ကုန်က မြောင်းထဲမှာ စွန့်ပစ်ထားတဲ့ ပလတ်စတစ် အမှိုက်များ။

'ဒီလူတွေက မြစ်ထဲကို အမှိုက်ပစ်ကြတယ်၊ အဲဒီအမှိုက်တွေကို မြစ်ကသယ် သွားကြပြီး သမုဒ္ဒရာပင်လယ်ထဲကို စီးဝင်သွားတယ်'လို့ သူက ပြောပါတယ်။

ဧရာဝတီမြစ်ထဲမှာ စွန့်ပစ်တဲ့ပလတ်စတစ်တွေကတော့ ပလတ်စတစ်အမာ၊ အပျော့၊ ကော်ဘူး၊ ကြွပ်ကြွပ်အိတ်စတဲ့ ပလတ်စတစ်တွေ ပါပါတယ်။

ဧရာဝတီမြစ်ထဲက ပလတ်စတစ်ညစ်ညမ်းမှုသုတေသနကို စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ရန်ကုန်စတဲ့နေရာတွေအပါအဝင် မြစ်ဝကျွန်းပေါ် ဒေသမှာလည်း သန့်မြန်မာနဲ့ FFI တို့က လေ့လာခဲ့ပါတယ်။

ဒါ့အပြင် သန့်မြန်မာအဖွဲ့ရဲ့လေ့လာတွေ့ရှိမှုအရ မြန်မာနိုင်ငံမှာ ဧရာဝတီမြစ်ပြီးရင် ဒုတိယညစ်ညမ်းမှုအများဆုံးဟာ ရန်ကုန်မြစ် ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပလတ်စတစ်စွန့်ပစ်မှုပြဿနာကို လျှော့ချရာမှာ တစ်ဦးချင်းရဲ့ နေ့စဉ် ပလတ်စတစ်သုံးစွဲမှုနဲ့လည်းဆိုင်တယ်လို့ သန့်မြန်မာရဲ့ ပလတ်စတစ် လျှော့ချရေး ပညာပေးအစီအစဉ်မှာ ပါဝင်ဆောင်ရွက်နေတဲ့ မဝိုင်းက ပြောပါတယ်။

အခုနောက်ပိုင်း လူတွေက သက်တောင့်သက်သာ ဖြစ်လို့ ပလတ်စတစ် ပစ္စည်းတွေကို သုံးတာ ဖြစ်ပြီး ဒီနောက်မှာ နောက်ဆက်တွဲ ဆိုးကျိုးတွေကို သတိမထားမိကြဘူးလို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံက သမုဒ္ဒရာထဲမှာ ပလတ်စတစ်ညစ်ညမ်းတဲ့အကြောင်းအရင်းကို သုတေသနပြုလုပ်ရာမှာ ပလတ်စတစ် ညစ်ညမ်းမှုရဲ့ ၈ ရာခိုင်နှုန်းဟာ အာရှတိုက်က မြစ်တွေဆီကနေလာတာဖြစ်တယ်လို့ သန့်မြန်မာအဖွဲ့ရဲ့ သုတေသီက ပြောပါတယ်။

သမုဒ္ဒရာထဲကပလတ်စတစ် ညစ်ညမ်းမှုဟာ ပင်လယ် ထဲကိုစီးဝင် သွားတဲ့ ရေညစ်ညမ်းမှု အများဆုံး မြစ်တွေက ပါလာတဲ့ ပလတ်စတစ် တွေကြောင့်ဖြစ်တယ်လို့ ၂ဝ၁၇ ခုနှစ်က နိုင်ငံတကာလေ့လာမှုတွေမှာ ဖော်ပြပါ တယ်။