အရေးယူဖို့ တိုက်တွန်းမှုတွေရှိပေမဲ့ 5Gကို အာရုံစိုက်လုပ်နေတယ်လို့ MyTelပြော

နည်းပညာအသစ် အဆန်း ဝန်ဆောင်မှုတွေပေးဖို့ကိုပဲ ရည်ရွယ် လုပ်ဆောင်နေတယ်

ဓာတ်ပုံ ရင်းမြစ်, MyTel Myanmar Facebook

ဓာတ်ပုံ ပုံစာ, နည်းပညာအသစ် အဆန်း ဝန်ဆောင်မှုတွေပေးဖို့ကိုပဲ ရည်ရွယ် လုပ်ဆောင်နေတယ်လို့ဆို

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့က ထုတ်ပြန် လိုက်တဲ့ တပ်မတော်နဲ့ ဆက်စပ်တဲ့ စီးပွားရေးတွေထဲမှာ ဆက်သွယ်ရေး အော်ပရေ တာ MyTelလည်းပါဝင်ပြီး ပိတ်ဆို့ အရေးယူဖို့ တိုက်တွန်းတာတွေ ရှိနေပေမယ့် MyTel ကပဉ္စမမျိုးဆက် (5G ) ဆက်သွယ်ရေး ကွန်ရက် ဝန်ဆောင်မှုကိုပဲ အာရုံထား လုပ်ဆောင်နေ တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေး အဖွဲ့ကနေ မြန်မာနိုင်ငံရဲ့ စတုတ္တမြောက် ဆက်သွယ်ရေး အော်ပရေတာ MyTel မှာ တပ်မတော်ရဲ့ ရင်းနှီးမြုပ်နှံမှုတွေ ရှိနေတယ်ဆိုပြီး ကုမ္ပဏီရဲ့ စီးပွားရေး လုပ်ငန်းတွေကို ဒဏ်ခတ်ပိတ်ဆို့ဖို့ တိုက်တွန်းထားပါတယ်။

MyTel ကတော့ ကာကွယ်ရေးဝန်ကြီးဌာနအောက်က မြန်မာစီးပွားရေး ကော်ပိုရေးရှင်းပိုင် Star High ကုမ္ပဏီရဲ့ ရင်းနှီးမြုပ်နှံမှုတွေက အရင်က တည်းက ရှိနေခဲ့ပြီး ကုမ္ပဏီအနေနဲ့ တော့ 5G ကွန်ရက်နဲ့ နည်းပညာအသစ် အဆန်း ဝန်ဆောင်မှုတွေပေးဖို့ကိုပဲ ရည်ရွယ် လုပ်ဆောင်နေတယ်လို့ MyTel ရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်မင်းဦးက ပြောပါတယ်။

အသံဖိုင် ပုံစာ, ကူးလ်တက် - ဖိုက်ဂျီ (5G) နဲ့ လူမှုအနာဂတ်

MyTel မှာ စစ်တပ်ရဲ့ စီးပွားရေးကော်ပိုရေးရှင်းပိုင်Star High ကုမ္ပဏီနဲ့အတူ ဗီယက်နမ် ကာကွယ်ရေး ဝန်ကြီးဌာနပိုင် Viettel ကုမ္ပဏီနဲ့ ပြည်တွင်း အများပိုင် ကုမ္ပဏီတွေက ရှယ်ယာတွေ ထည့်ဝင်ထားကြပါ တယ်။

လုပ်ငန်းတွေ စခဲ့တဲ့ တစ်နှစ်ကျော်ကာလအတွင်းမှာပဲ MyTelက 5G ဆက် သွယ်ရေး ကွန်ရက်ကို လာမယ့်နှစ်အတွင်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီး ၃ မြို့မှာ ဝန်ဆောင်မှုတွေ စတော့မယ်လို့ ကြေညာခဲ့ပါတယ်။

လက်ရှိ 4G ထက် ၁ဝ ဆလောက်ပိုမြန်မယ့် 5G ကွန်ရက် စမ်းသပ်မှုအဆင့်မှာတော့ တရုတ် ဟွာဝေးကုမ္ပဏီရဲ့ နည်းပညာနဲ့ ပစ္စည်းတွေ အသုံးပြုခဲ့ပါ တယ်။

5Gနဲ့ ပတ်သက်ပြီး ဟွာဝေး၊ ZTE၊ ဆမ်ဆောင်း စတဲ့ ကုမ္ပဏီ ၁ဝခုလောက်နဲ့ ဆွေးနွေး ပြောဆိုနေတယ်လို့ လည်း ဦးဇော်မင်းဦးဆိုပါတယ်။

'ကျွန်တော်တို့ဘက်က နည်းပညာနဲ့ ပေးနိုင်ပေမယ့် ဟန်းဆက်တွေ အဆင့်သင့် မဖြစ် သေးရင်သုံးတဲ့သူက သုံးလို့မရဘူးလေ၊ အဲလိုမျိုးရှိနေတော့ ဟန်းဆက် အဆင့်သင့် ဖြစ်နေတဲ့ပေါ်မှာတော့ အများကြီး မူတည်ပါတယ်' လို့ သူက ပြောပါတယ်။

MyTel က မြို့ကြီး ၃ မြို့မှာ 5G ပေးမယ်ဆိုပေမယ့် နေရာစုံရမှာ မဟုတ်ဘဲ လူနေထူထပ်တဲ့နေရာတွေ၊ သတ်မှတ်ထားတဲ့နေရာတွေမှာပဲ ရဦးမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် အစိုးရကလည်း လာမယ့်နှစ်ထဲ 5G ရဖို့ စီစဉ် လုပ်ဆောင်နေတာဖြစ်လို့ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက ကူညီမှုတွေ အများကြီး ပေးခဲ့တယ်လို့ ဦးဇော်မင်းဦးက ပြောပါတယ်။

တကယ်တော့ တနိုင်ငံလုံးအနေအထားနဲ့ 4G ကွန်ရက် အားလုံး ခြုံငုံမရသေးချိန်မှာ 5G ကွန်ရက် စမယ်ဆိုရင်တော့ နောက်ထပ် တာဝါတိုင်တွေ ထပ်လို ဦးမှာလို့လည်း ကျွမ်းကျင်သူတွေက ထောက်ပြပါတယ်။

မြို့ကြီး ၃ မြို့မှာ 5G ပေးမယ်ဆိုပေမယ့် နေရာစုံရမှာ မဟုတ်ဘဲ လူနေထူထပ်တဲ့နေရာတွေ၊ သတ်မှတ်ထားတဲ့နေရာတွေမှာပဲ ရမှာ ဖြစ်တယ်။

ဓာတ်ပုံ ရင်းမြစ်, MyTel Myanmar Facebook

ဓာတ်ပုံ ပုံစာ, မြို့ကြီး ၃ မြို့မှာ 5G ပေးမယ်ဆိုပေမယ့် နေရာစုံရမှာ မဟုတ်ဘဲ လူနေထူထပ်တဲ့နေရာတွေ၊ သတ်မှတ်ထားတဲ့နေရာတွေမှာပဲ ရမှာ ဖြစ်တယ်။

5G ကွန်ရက်ကို စမ်းသပ်တာကလည်း တနိုင်ငံလုံးအတွက်စမ်းသပ်တာလား ဒါမှမဟုတ် တာဝါတိုင်တခုစာကို စမ်းသပ်တာလားဆိုတာ မေးခွန်း ထုတ်စရာ ရှိနေသလို တာဝါတိုင်တခုစာ အတွက် စမ်းသပ်တာဆိုရင်တော့ ခဲခဲယဉ်းယဉ်း ရှိမှာ မဟုတ်ဘဲ တယ်လီဖုန်း အော်ပရေတာတိုင်း စမ်းလို့ရတယ်လို့ ကြိုးမဲ့ဆက်သွယ်ရေး ဆိုင်ရာ ပါမောက္ခ ဒေါက်တာ ဆန်းမော်က ပြောပါတယ်။

လက်ရှိအနေအထားအရ 4G ကွန်ရက်တောင် နေပြည်တော်အပါအဝင် နေရာ တကာမှာ မရသေးဘူးလို့လည်း ထောက်ပြပါတယ်။

ဒါပေမဲ့ အော်ပရေတာအသစ်အနေနဲ့ 4Gကို မလုပ်ဘဲ 5Gကို စလုပ်တာကြောင့် နောက်ဆုံးပေါ် နည်းပညာဆိုင်ရာ ပစ္စည်းတွေကိုသာ ရင်းနှီးမြုပ်နှံရမှာ ဖြစ်လို့ ပိုကောင်းတယ်လို့ သူက ပြောပါတယ်။

တယ်လီနောရဲ့ ကွန်ရက်ဟာ 2Gကနေ စပြီး 3G၊ 4Gကို ၃ ဆင့်အထိ ပြောင်းယူခဲ့ရ ကြောင်း၊ အော်ရီဒူးအနေနဲ့ 3Gနဲ့စပြီး 4Gကို ပြောင်းတဲ့အတွက် ၂ ဆင့် ပြောင်းယူ ခဲ့ရတာကြောင်း ဒီအတွက် နည်းပညာပစ္စည်းတွေ ဝယ်ယူရလို့ ငွေကုန်ကြေးကျရှိခဲ့ ပေမယ့် Mytelက 5G စလုပ်မယ်ဆိုရင် အဆင့်ဆင့် ပြောင်းစရာ မလိုတာကြောင့် ငွေကုန်ကြေးကျနည်းပြီး အလုပ်ရှုပ်သက်သာတယ်လို့လည်း ဒေါက်တာ ဆန်းမော်က ပြောပါတယ်။

'5Gအနေနဲ့ဝန်ဆောင်မှု စပေးနိုင်တယ်ဆိုရင် စျေးနှုန်းကို ဒီထက်ချလို့ရတယ်၊ အဲလို မြန်မြန်ချပေးနိုင်တဲ့ တယ်လီဖုန်း အော်ပရေတာက စီးပွားရေး အကျိုး အမြတ်ကို သူများထက်ပိုခံစားရတယ်'လို့ သူက ပြောပါတယ်။

5Gကို စလုပ်တယ်လို့ Mytelက ကြေညာပေမယ့် တကယ် စပေးတာက Mytel ဖြစ်နိုင်ချင်မှ ဖြစ်နိုင်မှာ ဖြစ်ပြီး တခြားဖုန်းအော်ပရေတာတွေအနေနဲ့ ထုတ်ပြန် ကြေညာခဲ့ခြင်းမရှိပေမယ့် 5G လုပ်ဖို့ အစီအစဉ်တွေ ရှိနိုင်တယ်လို့လည်း ဒေါက်တာ ဆန်းမော်က ခန့်မှန်းပါတယ်။