H1N1ကြောင့် သေဆုံးသူအယောက် ၃၀ ရှိသွားပြီ ၊ကျော်ဇင်ဝင်းအမှု လူ့အခွင့်ရေးကော်မရှင် စုံစမ်းတွေ့ရှိချက် တပတ်အတွင်း ထုတ်ပြန်မယ်အပါအဝင် မနက်ခင်းသတင်းများ

ရန်ကုန်တိုင်းတစ်ခုထဲမှာ သေဆုံးသူ ၂၄ဦးအထိရှိခဲ့

ဓာတ်ပုံ ရင်းမြစ်, SAI AUNG MAIN/AFP/Getty Images

ဓာတ်ပုံ ပုံစာ, ရန်ကုန်တိုင်းတစ်ခုထဲမှာ သေဆုံးသူ ၂၄ဦးအထိရှိခဲ့

H1N1ကြောင့် သေဆုံးသူအယောက် ၃၀ ရှိသွားပြီ

ရာသီတုပ်ကွေးရောဂါပိုး (H1N1) ကြောင့် ဇူလိုင်လ ၇ ရက်နေ့ထိ တရားဝင်စာရင်းတွေအရ သေဆုံးသူ ၃၀ဦးထိရှိလာပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်ပါ တယ်။

သေဆုံးသူတွေထဲမှာ ရန်ကုန်တိုင်းက ၂၄ဦး၊ဧရာဝတီတိုင်း၃ ဦး ၊စစ်ကိုင်းတိုင်း ၂ ဦးနဲ့မွန်ပြည်နယ်က ၁ ဦး တို့ ဖြစ်ပါတယ်။

H1N1 ရောဂါပိုးကူးစက်ခံထားရကြောင်း ဓာတ်ခွဲစမ်းသပ်အတည်ပြုပြီးသူပေါင်း ၁၅၀ ဦးရှိခဲ့တဲ့အနက် ရောဂါကူးစက်ခံထားရသူအများစုမှာ ရန်ကုန်တိုင်းဒေသကြီးထဲကသူတွေဖြစ်တယ်လို့လည်း ကျန်းမာရေး ဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

မြန်မာနိုင်ငံမှာ H1N1 ကြောင့်လူသေဆုံးမှုအနေနဲ့ ၂၀၁၇ ခုနှစ်မှာ ဖြစ်ပွားသူ လေးရာကျော် အနက် သုံးဆယ်ကျော် သေဆုံးခဲ့ပြီး လက်ရှိမှာ ဖြစ်ပွားသူ တစ်ရာကျော်မှာ သေဆုံးသူက အယောက် ၃၀ အထိရှိ လာပြီဖြစ်ပါတယ်။

လိင်စိတ်တိမ်းညွတ်မှုကို ဖွင့်ဟဝန်ခံခိုင်းရာကတဆင့် ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့

ဓာတ်ပုံ ရင်းမြစ်, COLORS RAINBOW

ဓာတ်ပုံ ပုံစာ, လိင်စိတ်တိမ်းညွတ်မှုကို ဖွင့်ဟဝန်ခံခိုင်းရာကတဆင့် ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့

ကျော်ဇင်ဝင်းအမှု လူ့အခွင့်ရေးကော်မရှင် စုံစမ်းတွေ့ရှိချက် တပတ်အတွင်း ထုတ်ပြန်မယ်

လိင်စိတ်တိမ်းညွတ်မှုကို ဖွင့်ဟဝန်ခံခိုင်းရာကတဆင့် ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တဲ့ ကျော်ဇင်ဝင်းအမှု စုံစမ်းစစ် ဆေးရရှိထားတဲ့ ရလဒ်ကို လာမယ့် တပတ်အတွင်း ထုတ်ပြန်ပေးမယ်လို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေးကော်မရှင် (MNHRC) အဖွဲ့ဝင် ဦးယုလွင်အောင်က ဇူလိုင်လ ၇ရက်က ဘီဘီစီကို ပြောပါတယ်။

ဇူလိုင်လ ၅ရက်နေ့အထိတော့ Myanmar Imperial University (MIU) က ၅ဦးနဲ့ ကျော်ဇင်ဝင်းမိသားစုဝင် ၄ဦးတို့ကို တွေ့ဆုံ မေးမြန်းမှုတွေ လုပ်ခဲ့ပြီးတဲ့အပြင် လိုအပ်တဲ့ မေးမြန်းမှုတွေကိုလည်း လာမယ့် အပတ်ထဲမှာ အပြီးသတ် မေးမြန်းမယ်လို့ ကော်မရှင်က သိရပါတယ်။

ဘီဘီစီက စုံစမ်းသိရှိထားရတဲ့ ကျော်ဇင်ဝင်း သေဆုံးရတာဟာ လိင်စိတ်တိမ်းညွတ်မှုကို ဖွင့်ဟဝန်ခံခိုင်းတာ ကြောင့်မဟုတ်ဘူးလို့ ကျောင်းကဝန်ထမ်းတွေပြောကြတယ်လို့ ကော်မရှင်မှာ ကျောင်းဘက်က ထွက်ဆို ထားတာ ဟုတ်လားလို့ ဘီဘီစီက ကော်မရှင်ကိုမေးမြန်းခဲ့ပေမယ့် စုံစမ်းဆဲကာလမှာတော့ အခုလိုကိစ္စ တွေက ဟုတ်တယ်မဟုတ်ဘူးဆိုတာကို မပြောလိုဘူးလို့သာ ဦးယုလွင်အောင်က ပြောပါတယ်။

အတိုက်အခံ ဒီမိုကရေစီသစ်ပါတီ အနိုင်ရရှိသွား

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အတိုက်အခံ ဒီမိုကရေစီသစ်ပါတီ အနိုင်ရရှိသွား

ဂရိကြားဖြတ်ရွေးကောက်ပွဲ အတိုက်အခံဘက်က အနိုင်ရ

ဂရိနိုင်ငံမှာတော့ ကြားဖြတ်ရွေးကောက်ပွဲမှာ အတိုက်အခံ ဒီမိုကရေစီသစ်ပါတီ အနိုင်ရရှိသွားပါတယ်။

မဲဆန္ဒနယ် တော်တော်များများမှာ ရေတွက်ပြီး မဲရလာဒ်တွေအရ ဆိုရှယ်လစ် ဝန်ကြီးချုပ် အဲလက်စီ စီးပရက်စ်ဟာ သူ့ရဲ့ပြိုင်ဘက် ကီရီယိုကော့ မစ်တူတာကီကို မဲရှုံးနေပြီဆိုတာ ဝန်ခံထားပြီးပါပြီ။

ဒီမိုကရေစီသစ်ပါတီကတော့ အခွန်တွေ လျှော့ပေးတာ၊ နိုင်ငံပိုင် ဝန်ဆောင်မှုလုပ်ငန်းတွေကို ပုဂ္ဂလိကကို လွှဲပြောင်းတာတွေလုပ်မယ်လို့ ကတိပေးထားပါတယ်။

ရုပ်သံ မိန့် ခွန်းပြောကြားရာမှာတော့ ပါတီခေါင်းဆောင် ကီရီယိုကော့က အခုရွေး ကောက်ပွဲရလာဒ်က အပြောင်းအလဲလုပ်ဖို့ ပြည်သူက သူ့ကို လုပ်ပိုင်ခွင့်ပေးလိုက်တာလို့ပြောပါတယ်။

ကီရီယိုကော့ဟာ ဝန်ကြီးချုပ်အဖြစ် ဒီကနေ့မှာ တာဝန်စတင် ထမ်းဆောင်မှာဖြစ်ပါတယ်။

နိုင်ငံတကာချေးငွေတွေကြောင့် ခြိုးခြံခြွေတာရေး အစီအစဉ်တွေ တင်းတင်းကြပ်ကြပ် ကျင့်သုံးခဲ့တဲ့ ဝန်ကြီးချုပ် စီးပရက်စ်အတွက်တော့ ဒီရွေးကောက်ပွဲဟာ မဲဆန္ဒရှင်တွေရဲ့ ဒဏ်တပ်မှုအဖြစ် ရှုမြင်ခံထား ရပါတယ်။

ရဲတပ်ဖွဲ့ဟာ နာမည်ကျော်ဈေးဝယ်လမ်းတစ်ခုကို ပိတ်ပြီးဆန္ဒပြသူတွေကို နံပါတ်တုတ်တွေနဲ့ ရိုက်နှက်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ရဲတပ်ဖွဲ့ဟာ နာမည်ကျော်ဈေးဝယ်လမ်းတစ်ခုကို ပိတ်ပြီးဆန္ဒပြသူတွေကို နံပါတ်တုတ်တွေနဲ့ ရိုက်နှက်ခဲ့

ဟောင်ကောင်မှာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့လို့ ဆန္ဒပြသူအများအပြား ဒဏ်ရာရ

ဟောင်ကောင်မှာတော့ ရဲတပ်ဖွဲ့နဲ့ဆန္ဒပြသူတွေ ထိပ်တိုက်တွေ့ခဲ့လို့ ဒါဇင်နဲ့ချီတဲ့ဆန္ဒပြသူတွေ ဒဏ်ရာရ သွားပါတယ်။

အဓိကရုဏ်းနှိမ်နင်းရေးဝတ်စုံတွေဝတ်ထားတဲ့ ရဲတပ်ဖွဲ့ဟာ နာမည်ကျော်ဈေးဝယ်လမ်းတစ်ခုကို ပိတ်ပြီးဆန္ဒပြသူတွေကို နံပါတ်တုတ်တွေနဲ့ ရိုက်နှက်ခဲ့ကြတာပါ။

တရုတ်ပြည်မကြီးကို တရားခံလွှဲပြောင်းမယ့် အငြင်းပွားဖွယ် ဥပဒေမူကြမ်းကို ငြိမ်း ချမ်းစွာဆန္ဒပြခဲ့ကြပြီး တဲ့နောက် လူစုခွဲဖို့ ငြင်းဆန်ရာကနေ အခုလို အခြေအနေ ဦးတည်ခဲ့တာပါ။

ဟောင်ကောင်မှာ ဒီ ဥပဒေမူကြမ်းကို အကြီးအကျယ် ဆန္ဒပြနေကြလို့ မူကြမ်းအတည်ပြုဖို့ ဒေသ ခေါင်းဆောင်က ဆိုင်းငံ့ထားပြီးပြီဖြစ်ပေမဲ့ ဟောင်ကောင်မှာ ဒီမိုကရေစီစနစ်အရ လွတ်လပ်မှုကို တရုတ် ပြည်မကြီးက တစတစ ယုတ်လျော့အောင်လုပ်နေတယ် ယူဆပြီး လူထုက ဒေါသထွက်နေတာပါ။

ဗီဒီယို ပုံစာ, ဟောင်ကောင် လွတ်တော် ဖျက်စီးသူတွေကို စုံစမ်းစစ်ဆေးမယ်