ဦးရွှေမန်း ကော်မရှင်ကို သက်တမ်းမတိုးဖို့ ညွှန်ကြားချက် NLD အမတ်တွေဆီ ရောက်လာခဲ့

သူရဦးရွှေမန်း
ဓာတ်ပုံ ပုံစာ, နိုင်ငံရေးဟာ မူယာမာယာများတယ်လို့ ပြောတဲ့ သူရဦးရွှေမန်း

သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စများ လေ့လာဆန်းစစ်ရေး ကော်မရှင်ကို နောက်ထပ် သက်တမ်း မတိုးတော့ဖို့ NLD အမတ်တွေ ဒီနှစ်မှာတော့ တခဲနက် ပြောင်းလဲ ဆုံးဖြတ်လိုက်ပါတယ်။

အရင် နှစ်တွေကလိုပဲ အခုအကြိမ်မှာလည်း အဲဒီ ကော်မရှင် သက်တမ်းကို တိုးပေးရေးဘက်က ရပ်တည်ရမယ်လို့ နားလည်ထားတဲ့ NLD အမတ်တွေဟာ လွှတ်တော်အစည်းအဝေး စကာနီးမှပဲ သက်တမ်းထပ် မတိုးပေးရေး ညွှန်ကြားချက် ရရှိလာတာ ဖြစ်ပါတယ်။

ညွှန်ကြားချက်ကို သယ်လာခဲ့သူတွေဟာ ပါတီဗဟိုက ဝါရင့် လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်တယ်လို့ NLD အမတ်တချို့က ဘီဘီစီကို ပြောပါတယ်။

ရွေးကောက်ပွဲနိုင်ပြီး NLD ပါတီ အစိုးရနဲ့ လွှတ်တော်ကို ဦးဆောင်လာချိန်၂ဝ၁၆ မတ်လ ၁ ရက်မှာ သူရ ဦးရွှေမန်းကို အထူး ကော်မရှင်ရဲ့ ဥက္ကဌရာထူးပေးခဲ့ပြီး မြန်မာ့နိုင်ငံရေးထဲ ဆက်လက် တည်ရှိ နေစေခဲ့တာကနေ အခု ၂ဝ၂ဝ ရွေးကောက်ပွဲ ရောက်ဖို့ နှစ်နှစ် အလိုမှာတော့ လွှတ်တော်ထဲကနေ ဖယ်ရှားလိုက်တာ ဖြစ်ပါတယ်။

ကန့်ကွက်မဲ ၅၅၅၊ ထောက်ခံမဲ ၂ဝ

မတ်လ ၁ ရက်နေ့အမီ နှစ်စဉ် သက်တမ်း တိုးဖို့ လိုအပ်တဲ့ ဦးရွှေမန်း ဦးဆောင်တဲ့ ကော်မရှင်ကို ဖေဖေါ်ဝါရီ ၂၈ ရက် ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာတော့ မဲအပြတ်အသတ်နဲ့ သက်တမ်း မတိုးရေး ဆုံးဖြတ် ခဲ့ပါတယ်။

ကန့်ကွက်မဲ ၅၅၅၊ ထောက်ခံမဲ ၂ဝ ဆိုတဲ့ ရလဒ်ကို ကြည့်ရင် NLD အမတ်တွေ တညီတညွတ်တည်း ဦးရွှေမန်း ဦးဆောင်တဲ့ အထူးကော်မရှင်ကို ဖျက်သိမ်းဖို့ သဘောထား ပေးခဲ့ကြတာ ဖြစ်ပါတယ်။

သူရဦးရွှေမန်း
ဓာတ်ပုံ ပုံစာ, ပါတီဝါရင့် ခေါင်းဆောင်တွေ သယ်ဆောင်လာတဲ့ ညွှန်ကြားချက်

အထူးကော်မရှင်သက်တမ်း တိုးမြင့်ခြင်းနဲ့ ပတ်သက်လို့ ကန့်ကွက်မယ့်သူရှိလား ဆိုပြီး ပြည်ထောင်စု လွှတ်တော်နာယကက မေးတဲ့အခါ ဦးသိန်းစိန်လက်ထက် သမ္မတရုံးဝန်ကြီးဟောင်း ကြံ့ခိုင်ရေး ကိုယ်စားလှယ် ဦးစိုးသိမ်းနဲ့ တပ်မတော်သား ကိုယ်စားလှယ်တစ်ယောက်က ကန့်ကွက်ခဲ့ပါတယ်။

အဲဒီလို ကန့်ကွက်တဲ့သူရှိတဲ့အတွက် မဲခွဲဆုံးဖြတ်ကြတဲ့ အခါမှာတော့ အဓိက အတိုက်အခံ ကြံ့ခိုင်ရေးရော၊ တပ်မတော်သား ကိုယ်စားလှယ်တွေရော မျှော်လင့်ထားပုံ မရတဲ့ သက်တမ်း ထပ်မတိုးပေးရေး သဘောထားကို NLD အမတ်တွေ ပြသလာကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သက်တမ်း ၃ နှစ် လုံး ဦးရွှေမန်းကို ဦးဆောင်စေတဲ့ ကော်မရှင်ကို ဖျက်သိမ်းရေးကို တပ်ကိုယ်စားလှယ်တွေ၊ ကြံ့ခိုင်ရေး ကိုယ်စားလှယ်တွေကပဲ လိုလားခဲ့ကြတာကနေ အခုနှစ်မှာတော့ NLD ပါတီရဲ့ သဘောထား အလှည့်အပြောင်း ဂငယ်ကွေ့ကို တွေ့လာရတာ ဖြစ်ပါတယ်။

ဦးရွှေမန်း
ဓာတ်ပုံ ပုံစာ, လွှတ်တော်နဲ့ အစိုးရကို ခွဲပြီး တာဝန်ယူခဲ့ကြတဲ့ ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးနှစ်ဦး
သုရဦးရွှေမန်း
ဓာတ်ပုံ ပုံစာ, နိုင်ငံရေး မိတ်ဖက်အသွင် ရှိခဲ့ကြသူ နှစ်ဦး။

ဦးရွှေမန်းနဲ့ ကြံ့ခိုင်ရေး၊ ဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်

သူရဦးရွှေမန်းဟာ တပ်မတော်မှာ ဗိုလ်ချုပ်ကြီးရာထူးနဲ့ ထိပ်ဆုံး စစ်ဘက်အကြီးအကဲ ၃ ယောက်ထဲ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မြန့်မာနိုင်ငံရေး မျက်နှာစာကနေ အနားယူ သွားပြီး ၂ဝဝ၈ ဖွဲ့စည်းပုံကို အသက်ဝင်အောင် ဖော်ဆောင်လာချိန်မှာတော့ ဦးရွှေမန်းဟာ လွှတ်တော်ဥက္ကဌ ဖြစ်လာခဲ့ပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အရ ဦးသိန်းစိန် သမ္မတ ရာထူး ရယူချိန် နိုင်ငံရေးပါတီနဲ့ မပတ်သက်ရ စည်းကမ်းကြောင့် ကြံ့ခိုင်ရေးပါတီမှာလည်း သူရ ဦးရွှေမန်းဟာ ပူးတွဲ ဥက္ကဌ ဆိုတဲ့ ခေါင်းစဉ်နဲ့ အကြီးအမှူး ဖြစ်လာပါတယ်။

ကြားဖြတ် ရွေးကောက်ပွဲကနေတဆင့် ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့လွှတ်တော်ထဲ ရောက်လာခဲ့တဲ့နောက် လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ထူထောင်ခဲ့တာကို တွေ့ရပါတယ်။

ဒီလိုနဲ့ ကြံ့ခိုင်ရေးထိပ်ပိုင်း ပါတီတွင်း ပဋိပက္ခ အကွဲအပြဲတွေ ဖြစ်လာပြီး ၂ဝ၁၅ ရွေးကောက်ပွဲ နီးချိန်မှာတော့ သူရဦးရွှေမန်းကို ပါတီခေါင်းဆောင်နေရာက ကြံခိုင်ရေးပါတီက ဖယ်ရှားလိုက်ပါတယ်။

၂ဝ၁၅ ရွေးကောက်ပွဲ အလွန် မှာတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီက ဦးရွှေမန်းကို ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စများ လေ့လာစမ်းစစ်ရေး ကော်မရှင်ရဲ့ ဥက္ကဌရာထူး ပေးခဲ့သလို၊ ဦးရွှေမန်းနဲ့ နီးစပ်တဲ့ တပ်မတော် အရာရှိဟောင်း တချို့လည်း အစိုးရ ကက်ဘိနက် အဖွဲ့ဝင် ဝန်ကြီး နေရာတွေ ရလာတာ တွေ့ရပါတယ်။

ဒီနောက်ပိုင်း သူရဦးရွှေမန်းနဲ့ ဒေါ်ဆောင်ဆန်းစုကြည်ဟာလဲ သီတင်းတစ်ပတ်ကို ၂ ကြိမ် ဝန်းကျင် တွေ့ဆုံမှုကြတဲ့ အထိ ပုံမှန်ဆက်ဆံရေး ထူထောင် ထားရှိခဲ့တယ်လို့ နေပြည်တော် ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

သူရဦးရွှေမန်း
ဓာတ်ပုံ ပုံစာ, ကြံ့ခိုင်ရေး ကိုယ်စားလှယ် အဖြစ် မဲဆွယ်ခဲ့စဉ်

ဦးရွှေမန်းနဲ့ NLD ဆက်ဆံရေး ပြောင်းပြီလား

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးရွှေမန်းတို့ကြား နိုင်ငံရေး မိတ်ဖက်တွေလို့ ယူဆရတဲ့ ဆက်ဆံရေးတွေကို တွေ့မြင်ခဲ့ကြတာကနေ အခုတော့ လွှတ်တော်ထဲက NLD ကိုယ်စားလှယ် အများစုတောင် ကြိုတင် မရိပ်စားမိပဲ သူဦးဆောင်တဲ့ ကော်မရှင်ကို သက်တမ်း ဆက်မတိုးတော့ဖို့ NLD ပါတီ ဗဟိုထိပ်ပိုင်းရဲ့ လမ်းညွှန်ချက်ထွက်လာတွေ့ရပါတယ်။

အခုလို သူဦးဆောင်တဲ့ ကော်မရှင် ဖျက်ပစ်ဖို့ NLD ပါတီ တာဝန်ရှိသူတွေနဲ့ သူ့အကြား ကြိုတင် ညှိနှိုင်းတာမျိုး မရှိခဲ့ဘူးလို့ သူရ ဦးရွှေမန်းက သတင်းထောက်တွေကို ပြောပါတယ်။

"နိုင်ငံရေးဆိုတာ အင်မတန်မှ ကျယ်ပြန့် သိမ်မွေ့တယ်၊ တခါတခါမှာလည်း မူယာမာယာ များတတ်ပါတယ်။" လို့လည်း သူရ ဦးရွှေမန်းက ဆိုပါတယ်။

ခုလို ကော်မရှင် ဖျက်လိမ့်မယ် ဆိုတာ ဦးရွှေမန်းက သူ ကြိုမသိဘူးလို့ ပြောသလိုပဲ၊ ကော်မရှင် အဖွဲ့ဝင်တွေကလည်း လွှတ်တော်တွင်း မဲရလဒ် ပေါ်ထွက်လာမှ သူတို့ သိရတယ် ဆိုပြီး ဘီဘီစီကို ပြောပါတယ်။

ပါတီထောင်လို့ နေရာဖယ်ရှား

သူရဦးရွှေမန်း ဦးဆောင်ပြီး "ပြည်သူ့အကျိုးဆောင်ပါတီ" ဆိုတဲ့ နိုင်ငံရေးပါတီ တစ်ခု သီးသန့် ထူထောင်လာတာကြောင့် NLD ပါတီခေါင်းဆောင်ပိုင်းက အခုလို ဆုံးဖြတ်လာတာ ဖြစ်နိုင်တယ်လို့ လွှတ်တော် အမတ်တွေကြား သုံးသပ် ပြောဆိုကြပါတယ်။

ဒီသုံးသပ်မှုတွေ အတိုင်းပဲ NLD ရဲ့ ဗဟိုကော်မတီဝင် တစ်ယောက်ဖြစ်တဲ့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က လွှတ်တော် အစည်းအဝေးအပြီး သတင်းမီဒီယာတွေကို ပြောသွားပါတယ်။

သူရဦးရွှေမန်း
ဓာတ်ပုံ ပုံစာ, အထူးကော်မရှင်ဝင် ဥက္ကဌရော အဖွဲ့ဝင်တွေရော နိုင်ငံရေးပါတီ သီးသန့် ထူးထောင်လာ

ကော်မရှင် ဥက္ကဌရော၊ အဖွဲ့ဝင် ၁၂ ယောက် လောက်ပါ အတည်ပြုပြီး နိုင်ငံရေးပါတီသစ်ထဲ ပါဝင် နေပြီ ဖြစ်တဲ့ အတွက် ဥပဒေပြုရေး အခန်းကဏ္ဍမှာ ဒီ ကော်မရှင် ဆက်ပါနေဖို့ မသင့်တော်တော့ဘူးလို့ ယူဆတာကြောင့် သက်တမ်းမတိုးရေး ကန့်ကွက်ခဲ့တာ ဆိုပြီး ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

ပါတီထောင်၊ ရွေးကောက်ပွဲဝင်မယ့် ဦးရွှေမန်းအနေနဲ့ ကိုယ်ပိုင် နိုင်ငံရေး ဩဇာထူထောင် ရမှာ ဖြစ်တာကြောင့် အဲဒီလို အနေအထားမျိုးမှာ ပြည်ထောင်စု လွှတ်တော်ရဲ့ အထူး ကော်မရှင် ဥက္ကဌ ရာထူးမျိုး မပေးဖို့ ဆုံးဖြတ်တာ ဖြစ်နိုင်တယ်လို့ မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက ဘီဘီစီကို ပြောပါတယ်။

အခုလို ကြိုတင် အကြောင်းကြားတာမျိုး မရှိပဲ NLD ပါတီဦးဆောင်တဲ့ လွှတ်တော် က ကော်မရှင်သက်တမ်းတိုးတာကို ပယ်ချလိုက်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးရွှေမန်းကြားဆက်ဆံရေးဟာလည်း အေးစက်သွားပြီလားလို့ နိုင်ငံရေး စောင့်ကြည့်သူတွေရဲ့ မေးခွန်းတွေလည်း ထွက်ပေါ် နေပါတယ်။