မြစ်ဆုံစီမံကိန်း အပြီးတိုင်ရပ်ဖို့နဲ့ ဒေသခံတွေ မူလနေရပ် ပြန်လည်နေထိုင်ခွင့်ရဖို့ မြစ်ကြီးနားမှာ လူထောင်ချီဆန္ဒပြ

မြစ်ဆုံစီမံကိန်းရပ်ဖို့ မြစ်ကြီးနာမြို့က ဆန္ဒပြမြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, KBC Kachin

ဓာတ်ပုံ ပုံစာ, မြစ်ဆုံစီမံကိန်းရပ်ဖို့ မြစ်ကြီးနာမြို့က ဆန္ဒပြမြင်ကွင်း

ဧရာဝတီမြစ်ဆုံနဲ့ မြစ်ညှာပိုင်းမှာ တည်ဆောက်မယ့် ရေကာတာစီမံကိန်းတွေ အပြီးအပိုင် ဖျက်သိမ်းပေးရေး၊ ဒေသခံတွေ မူလနေရပ်မှာ ပြန်လည်နေထိုင်ခွင့်ရရေး၊ ဧရာဝတီမြစ် ထာဝရ စီးဆင်းရေး စတဲ့အချက်တွေကို ဒေသခံ ၅ ထောင်ကျော်လောက်က တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

'မြစ်ဆုံနေရာက ကချင်လူထုရဲ့ သမိုင်းနေရာဖြစ်တယ်၊ ဒီနေရာမှာ ဘာစီမံကိန်းကိုမှ လက်မခံပါဘူး၊အခုဒေသခံတွေက အဲ့ဒီနေရာကနေ ပြောင်းရွှေ့ခံရတယ်၊ ဝမ်းစာရှာဖို့ အခက်ခဲကြုံနေရတယ်' ဆိုပြီး ဦးဆောင်ဆန္ဒပြသူတွေထဲက တစ်ယောက်ဖြစ်တဲ့ ကချင်လူငယ်အဖွဲ့က မဆိုင်းနူးပန်က ပြောပါတယ်။

လူထောင်နဲ့ချီ ပါဝင်တဲ့ ဆန္ဒပြပွဲကို မြစ်ကြီးနားနဲ့ ဗန်းမော်က ကချင်အရပ်ဘက်အဖွဲ့တွေ၊ လူငယ်အဖွဲ့တွေအပြင် ဘာသာပေါင်းစုံ ကိုယ်စားလှယ်တွေ ဦးဆောင်ပါဝင်ခဲ့ကြတာပါ။

သူတို့တွေဟာ မြစ်ကြီးနားမြို့က မနောကွင်းမှာ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ ဟောပြောတာတွေ လုပ်ခဲ့သလို မြို့တွင်း လှည့်လည်ပြီးတော့လည်း ဆန္ဒပြခဲ့ကြပါတယ်။

မြစ်ဆုံစီမံကိန်းရပ်ဖို့ မြစ်ကြီးနာမြို့က ဆန္ဒပြမြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, KBC Kachin

ဓာတ်ပုံ ပုံစာ, မြစ်ဆုံစီမံကိန်းရပ်ဖို့ မြစ်ကြီးနာမြို့က ဆန္ဒပြမြင်ကွင်း

မြစ်ဆုံအရေးနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့တုန်းကလည်း သဘာဝပတ်ဝန်းကျင်ပညာရှင်တွေနဲ့ အရပ်ဖက်အဖွဲ့တွေ ဦးဆောင်ပြီး ရန်ကုန်မှာ ဟောပြောဆွေးနွေးပွဲ လုပ်ခဲ့ပါသေးတယ်။

ဒါ့အပြင် ကန့်ကွက်လှုပ်ရှားတဲ့ ဆန္ဒပြပွဲတွေကိုလည်း ရန်ကုန်၊ ပြည်၊ ပုသိမ်၊ စတဲ့ မြို့ကြီးတွေမှာ လုပ်ခဲ့ပြီး နိုင်ငံအနှံ့ ဆန္ဒပြပွဲတွေ ဆက်လုပ်သွားမယ်လို့ မြစ်ဆုံအရေးလှုပ်ရှားသူတွေက ဘီဘီစီကို ပြောထားပါတယ်။

အခု မြစ်ကြီးနား ဆန္ဒပြပွဲ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ မဆိုင်းနူးပန်က 'မြစ်ဆုံမှာဆောက်မယ့် ဘယ်လိုစီမံကိန်းမျိုးကိုမှ လက်မခံပါဘူး၊ ဒီနေရာက ငလျင်ကြောတွေနဲ့ နီးကပ်တဲ့နေရာမို့ စီမံကိန်းကို ဘယ်လောက်ခိုင်ခံ့အောင်ပဲလုပ်လုပ် အရမ်းအန္တရာယ်ရှိပါတယ်' လို့ ပြောပါတယ်။

မြစ်ဆုံစီမံကိန်းကို ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရလက်ထက်တုန်းက သူ့အစိုးရသက်တမ်းအတွင်း မလုပ်ဖို့ ဆိုင်းငံ့ထားခဲ့တာ ဖြစ်ပါတယ်။၊

အခုအစိုးရလက်ထက်မှာ စီမံကိန်းနဲ့ ပတ်သက်လို့ အစိုးရအရာရှိကြီးတွေပါတဲ့ ကော်မရှင်တစ်ရပ်ဖွဲ့စည်းထားပြီး အခုထိတော့ ဒီကော်မရှင်က ဘာတွေတွေ့ရှိထားလည်း ဆိုတာ အခုထိ မထုတ်ပြန်သေးပါဘူး။

လတ်တလောမှာတော့ မြစ်ဆုံစီမံကိန်းပြန်စမလားဆိုတာ လူထုအကြား စိုးရိမ်သံတွေ ထွက်ပေါ်နေပြီး အခုမြစ်ကြီးနားဆန္ဒပြပွဲ ဦးဆောင်သူတွေကတော့ မြစ်ဆုံစီမံကိန်းကို အကောင်အထည်ဖော်မယ့် တရုတ်စီပီအိုင်ကုမ္ပဏီအနေနဲ့ စီမံကိန်းကို စွန့်လွှတ်ပေးပါလို့ တောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် ကန့်ကွက်နေတဲ့ကြားကနေ အစိုးရက စီမံကိန်းဆက်လုပ်မယ်ဆိုရင် ဆန္ဒပြတာတွေကို အရှိန်မြှင့်လုပ်ဆောင်သွားမယ်လို့ မြစ်ကြီးနား ဆန္ဒပြပွဲ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ မဆိုင်းနူးပန်က ပြောပါတယ်။