လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်ကြေးရုပ် ထောက်ခံပွဲလုပ်ခဲ့သူတွေကို ခေါ်ယူစစ်ဆေး

ကယားပြည်နယ် အန်အယ်လ်ဒီပါတီ ရုံးချုပ်ရှေ့မှာ သပိတ်စခန်းဖွင့်

ဓာတ်ပုံ ရင်းမြစ်, တိုးတက်သောကရင်နီပြည်သူ့အင်အားစု - PKPF

ဓာတ်ပုံ ပုံစာ, ကယားပြည်နယ် အန်အယ်လ်ဒီပါတီ ရုံးချုပ်ရှေ့မှာ သပိတ်စခန်းဖွင့်

ကယားပြည်နယ်၊ လွိုင်ကော်မြို၊ ကန္ဒာဟေဝန် ပန်းခြံအတွင်း ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူဖို့ ထောက်ခံတဲ့ ဆန္ဒထုတ်ဖော်ပွဲမှာ ပါဝင်ဦးဆောင်ခဲ့သူတွေကို ခေါ်ယူစစ်ဆေးမှုတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထောက်ခံဆန္ဒထုတ်ဖော် သူတွေဟာ ပြည်နယ်အစိုးရက သတ်မှတ်ထားတဲ့ ကန့်သတ်နယ်မြေတွေမှာပါ ဆန္ဒဖော်ထုတ်ခဲ့သလို ဥပဒေ လုပ်ထုံးလုပ်နည်းတွေကို ကျော်လွန်လုပ်ဆောင်ခဲ့တာကြောင့် အရေးယူပေးဖို့ ဗိုလ်ချုပ် ကြေးရုပ် စိုက်ထူတာကို ကန့်ကွက်ခဲ့ကြတဲ့ ဒေသခံတွေ ပါဝင်တဲ့ ကရင်နီပြည် လူငယ်အင်အားစု အဖွဲ့က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်က ရဲစခန်းမှာ တိုင်ကြားခဲ့ပါတယ်။

အဲဒီနောက်ပိုင်း ဖေဖော်ဝါရီလ ၅ ရက် ဒီကနေ့မှာ ရဲက ခေါ်ယူ စစ်ဆေးနေပြီ ဖြစ်ကြောင်း သူတို့ကို အကြောင်းကြားခဲ့တယ်လို့ တိုင်ကြားခဲ့သူ ကရင်နီလူငယ်တွေက ပြောပါတယ်။

" ၂ ရက်နေ့ ကတည်းက တိုင်ခဲ့တာ ၃ ရက် ရှိနေပြီ။ ဒီနေ့ ၁ နာရီ လောက်မှ ရဲစခန်းက အကြောင်း ကြားလာတယ်။ သူတို့က ဦးဆောင်ဆန္ဒပြသူ ၅ ယောက်ကို ခေါ်ယူ စစ်ဆေးနေပြီလို့ အကြောင်း ပြန်တယ်" လို့ ကရင်နီလူငယ် ကိုဒီးဒီးက ဘီဘီစီကို ပြောပါတယ်။

ထောက်ခံဆန္ဒထုတ်ဖော်ရာမှာ ဦးဆောင်ပါဝင်တဲ့ လောပိတအုပ်စု ကျေးရွာ အုပ်ချုပ်ရေးမှုးနဲ့ အပေါင်းပါ ၄ ဦးကို တိုင်ကြားခဲ့တာလို့ သူက ပြောပါတယ်။

ထောက်ခံတဲ့သူတွေကို အရေးယူ စစ်ဆေးနေတာနဲ့ ပတ်သတ်ပြီး လွိုင်ကော်မြို့နယ် ရဲစခန်း တာဝန်ရှိသူတွေနဲ့ အုပ်ချုပ်ရေးမှုးကို ဆက်သွယ်မေးမြန်းပေမယ့် ဖြေဆိုမှု မရှိပါဘူး။

ကယားပြည်နယ် အန်အယ်လ်ဒီပါတီ ရုံးချုပ်ရှေ့မှာ သပိတ်စခန်းဖွင့်

ဓာတ်ပုံ ရင်းမြစ်, တိုးတက်သောကရင်နီပြည်သူ့အင်အားစု - PKPF

ဓာတ်ပုံ ပုံစာ, ကယားပြည်နယ် အန်အယ်လ်ဒီပါတီ ရုံးချုပ်ရှေ့မှာ သပိတ်စခန်းဖွင့်

ဗိုလ်ချုပ် ကြေးရုပ်ကို ကန့်ကွက်ခဲ့ကြတဲ့ ကရင်နီလူငယ် အဖွဲ့ ဝင် ၂၀ ဦးကတော့ ကန့်သတ်ထားတဲ့ နေရာမှာ ဆန္ဒထုတ်ဖော်လို့ ဆိုပြီး ပုဒ်မ ၂၀ နဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ က တရားစွဲဆို ခံခဲ့ရပြီး ခံဝန်နဲ့ အာမခံ ရထားပါတယ်။ သူတို့တွေရဲ့ ရုံးချိန်းကိုတော့ ပြည်နယ်တရားရုံးက လာမယ့် ဖေဖော်ဝါရီ ၁၄ ရက်ကို ခေါ်ဆိုထားတယ်လို့ ပြောပါတယ်။

ဗိုလ်ချုပ်ကြေးရုပ်တု ဖျက်သိမ်းရေး၊ မဖြစ်မနေ ရုပ်တု တည်မယ်ဆိုရင် ဒေသခံလူထုရဲ့ ဆန္ဒသဘောထားကို မဲပုံးထောင် ကောက်ယူပေးရေး စတဲ့ အချက် ၃ ချက်ကို ကရင်နီ လူငယ်တွေက ပြည်နယ်အစိုးရကို တောင်းဆိုထားပါတယ်။

ကန့်ကွက်တောင်းဆိုကြတဲ့ ကရင်နီ လူငယ် ၃၀ နီပါးဟာ ဖေဖော်ဝါရီ ၂ ရက်က စပြီး ကယားပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးချုပ်ရှေ့မှာ သပိတ်စခန်းဖွင့်ပြီး ဖေဖော်ဝါရီ ၅ ရက် ဒီကနေ့ အထိ ဆက်လက် ဆန္ဒထုတ်ဖော်နေကြပါတယ်။ ဒါကိုတော့ ပြည်နယ် အစိုးရဘက်က တစ်စုံတစ်ရာ တားမြစ်တာမျိုး မရှိသေးပေမယ့် NLD ပါတီဘက်ကတော့ ခေါ်ယူတွေ့ဆုံတာမျိုး ရှိတယ် ဆိုပါတယ်။

ဖေဖော်ဝါရီ ၄ ရက် ညနေပိုင်းက သပိတ်ဦးဆောင် ကော်မတီဝင် ၄ ယောက်နဲ့ ပြည်နယ် အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌတို့ ပြည်နယ် NLD ပါတီချုပ်ရုံး အတွင်း တွေ့ဆုံခဲ့ပေမယ့် ပြေလည်မှု မရရှိဘူးလို့ ဆိုပါတယ်။

"ပါတီ ဥက္ကဋ္ဌကို သွားတွေ့တော့ သူက ပုဂ္ဂလိကအနေနဲ့ တွေ့တယ်လည်း ပြောတယ်၊ အဓိက ကတော့ NLD ရုံးရှေ့မှာ သပိတ်စခန်း မလုပ်ဖို့နဲ့ အဲဒီလို လုပ်တာဟာ ပါတီပုံရိပ် ကျတယ်၊ ဒါ က နိုင်ငံရေးနဲ့ အမြတ်ထုတ်တဲ့ ပုံစံ ဖြစ်နေတယ်လို့ ပြောတယ်" လို့ သွားရောက် တွေ့ဆုံရာမှာ ပါဝင်တဲ့ ကိုဒီးဒီးက ပြောပါတယ်။

ဒီလို ပြောဆိုတာကို လက်မခံသလို သူတို့တွေရဲ့ တောင်းဆိုချက်တွေ ပြည်နယ်ဝန်ကြီးချုပ်က ညှိနှိုင်းလုပ်ဆောင် ပေးမှု မရှိမခြင်း သပိတ်ကို ဆက်လက်လုပ်သွားမယ်လို့ ကရင်နီ လူငယ်တွေက ပြောပါတယ်။

ဗိုလ်ချုပ်ကြေးရုပ်ထု စိုက်ထူ ဖွင့်လှစ်ပွဲကိုတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက် မနက်ပိုင်းက ပြုလုပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။ တချိန်တည်းမှာပဲ ရုပ်တု စိုက်ထူတာကို ထောက်ခံတဲ့ ဆန္ဒထုတ်ဖော်ပွဲကို ဒေသခံတချို့က ပြုလုပ်ခဲ့ပါတယ်။