အေအိုင်ဒီအက်စ် ရောဂါ - အိမ်ထောင်သည်တွေကြား ပွင့်လင်းမှုရှိရင် HIV ဗိုင်းရပ်စ် ကူးစက်မခံရအောင် ကာကွယ်နိုင်မလား

ဓာတ်ပုံ ရင်းမြစ်, BBC
"ကိုယ့်စိတ်ထဲမှာတော့ ရှက်တာပဲ သိတယ်။ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ထိ ကြိုးစားဖူးတယ်။ သေသွားတဲ့သူအပေါ်မှာလည်း ဒေါသထွက်တယ်။ ခံလည်း ခံပြင်းတယ်။"
ရန်ကုန်မှာရှိတဲ့ ဇနီးတစ်ယောက်က သူ့ခင်ပွန်းကို နာနာကျည်းကျည်းပြောနေတာပါ။
မဇင်ဟာ သူ့ခင်ပွန်းသည်ဆီကနေ အေအိုင်ဒီအက်စ် ရောဂါ ကူးစက်ခံခဲ့ရပါတယ်။ ဒါပေမယ့် သူခင်ပွန်းကတော့ သူ့အတွက် ဒီရောဂါ အမွေထားခဲ့ပြီးတော့ ဒီလောကက ထွက်သွားခဲ့ပါပြီ။
"အမျိုးသားက ကားတိုက်မှုနဲ့ ဆုံးတယ်။ ဆုံးတဲ့အခါကျတော့ သူ့ကို အရေးပေါ် ပို့တော့ သူ့သွေးတွေ ဘာတွေ အကုန်လုံး ဆေးစစ်ကြည့်တဲ့အချိန်မှာ သူ့မှာ ဒီရောဂါရှိတယ်ဆိုတာ သိလိုက်ရတာ။"
ခင်ပွန်းသည် သေဆုံးတဲ့အချိန်မှာ မဇင်မှာ ကိုယ်၀န်ရှိနေပါပြီ။ ခင်ပွန်းသည်မှာ အေအိုင်ဒီအက်စ် ရောဂါ ရှိခဲ့တဲ့အတွက် ဆရာဝန်တွေက မဇင်ကိုပါ ဆေးစစ်ခိုင်းတော့ သူ့မှာလည်း ရောဂါရှိနေတယ်ဆိုတာ နောက်ပိုင်းမှာ သိခဲ့ရပါတယ်။
ဒီသတင်းဆိုးသိရတဲ့ အချိန်မှာ ဆောက်တည်ရာမရဖြစ်နေတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအနေနဲ့ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတဲ့အထိ စိတ်ကူးခဲ့တယ်လို့ မဇင်က ပြောပါတယ်။
"သေသွားရင်တော့ ကလေးရော ငါရော ဝဋ်ကျွတ်တယ်။ ဒီဒုက္ခတွေ မခံရတော့ဘူးပေါ့ လို့ စိတ်ထဲမှာဖြစ်တယ်။ အရှက်တကွဲလည်း မဖြစ်ဘူးပေါ့။ သူ့အပေါ်လည်း စိတ်နာတယ်။ နောက် ကိုယ့်မိဘတွေအတွက်လည်း ယူကျုံး မရဖြစ်တယ်။"

ဓာတ်ပုံ ရင်းမြစ်, Getty Images
မဇင်ရော သူ့ခင်ပွန်းပါ ဘွဲ့ရပညာတတ်တွေ ဖြစ်ပါတယ်။ ဒီရောဂါရဲ့ အန္တရာယ်ကြီးပုံကိုလည်း နှစ်ယောက်စလုံးက သိထားကြပါတယ်။ အဲဒီကြားတည်းကပဲ ဒီရောဂါရတဲ့အပေါ် မဇင်တစ်ယောက် သူ့အတွက်ရော၊ ဗိုက်ထဲက ကလေးအတွက်ပါ ဖြေမဆည်နိုင် ဖြစ်ခဲ့ရပါတယ်။
"နောက်ဆုံးတော့ ဗိုက်ထဲမှာရှိတဲ့ ကိုယ့်ရဲ့ကလေးကပဲ အနိုင်ယူသွားတယ်ပေါ့နော်။ ဘာမှ အပြစ်မရှိတဲ့ ကလေးက ကိုယ့်ကြောင့်တော့ အသေခံလို့ မဖြစ်ဘူး။ အဲတော့ ဘာပဲဖြစ်ဖြစ် ကြုံလာတဲ့အခက်အခဲကို ကလေးနဲ့အတူ ရင်ဆိုင်ရမယ်ပေါ့နော်။ အဲဒီလိုတွေးပြီးတော့ ခုချိန်ထိ အားတင်းပြီး နေတာ။"
ဒါပေမယ့် ဒီရောဂါရှိနေမှန်းကို ကလေးမွေးခါနီးကျမှ မဇင်က သူ့မိဘတွေကို ဖွင့်ပြောခဲ့တာပါ။ မိဘတွေက နောက်ဆုံး နားလည်ပေးကြပေမယ့် တချို့မိသားစုဝင် တွေကတော့ အတူနေဖို့ ငြင်းဆန်ကြပါတယ်။
ကလေး လသားအရွယ်မှာတော့ မဇင်ဟာ ကိုယ်နေတဲ့ အထက်မြန်မာပြည်က နယ်မြို့တမြို့ကနေ ရန်ကုန်ကို ပြောင်းရွေ့ပြီး ဆေးကုသမှုခံယူပါတယ်။
ကလေးအတွက်လည်း ကိုယ်ဝန်ဆောင်စဉ်ကတည်းက ကာကွယ်ဆေးထိုးပြီး စောင့်ကြည့် စစ်ဆေးခဲ့ပါတယ်။ အခု ကလေးက ၂ နှစ်နီးပါး ရှိနေပါပြီ။
ကလေးကို အကြိမ်ကြိမ် ဆေးစစ်ကြည်တဲ့ အခါမှာ ကံကောင်းထောက်မစွာပဲ ကလေးကတော့ ရောဂါ ကူးစက် မခံရ ပါဘူး။
ခင်ပွန်းသည်မှာ ဘာကြောင့် ဒီရောဂါ ရခဲ့မှန်း မသိရပေမယ့် ခင်ပွန်းသည်ဘက်က ပွင့်ပွင့်လင်းလင်း ထုတ်မပြောခဲ့တာကို ပြန်တွေးမိတိုင်း မဇင်အနေနဲ့ မခံစားနိုင်အောင် ဖြစ်ရပါတယ်။ သူ့ရဲ့ဘဝ ဘယ်လိုရှေ့ဆက်ရမှန်း မသိတဲ့ ခံစားမှုမျိုး ဖြစ်တဲ့အချိန်တိုင်း ခင်ပွန်းသည်ကို ဒေါသ ဖြစ်နေတုန်းပဲလို့ ဆိုပါတယ်။

ခင်ပွန်းသည်ဆီကနေ ကူးစက်ခံရသူနောက်တစ်ယောက်
ရောဂါရှိမှန်း ဖွင့်မပြောခဲ့ရုံမက အကာအကွယ်မဲ့ လိင်ဆက်ဆံတဲ့ ခင်ပွန်းသည်ကြောင့် ရောဂါ ကူးစက်ခံရသူတွေ ထဲမှာ ဧရာဝတီတိုင်းအတွင်းက မအေးအေးအောင်လည်း ပါပါတယ်။
သူ့ခင်ပွန်းက ဘာကြောင့် ဒီရောဂါ ရခဲ့တယ်ဆိုတာ အသေအခြာ မသိနိုင်ပေမယ့် သူခင်ပွန်းကတော့ တက်တူးထိုးတာကြောင့် ဖြစ်နိုင်တယ်လို့ မအေးအေးအောင်ကို ပြောပါတယ်။
ခင်ပွန်းသည်က နောက်ထပ် ရောဂါတစ်ခုအတွက် ဆေးစစ်တဲ့အခါကျမှ အေအိုင်ဒီအက်စ်ရှိနေမှန်း ဇနီးသည် မအေးအေးအောင်က သိခွင့်ရခဲ့တာပါ။
ပထမ ခင်ပွန်းကနေ နောက်ခင်ပွန်းထိ ကူးစက်
မြန်မာနိုင်ငံမှာ AIDS ရောဂါ ရှိပြီဆိုရင် ပတ်ဝန်းကျင် အသိုင်းဝိုင်းက လက်မခံဘဲ ဖယ်ကျဉ်ထားချင်ကြတဲ့ အတွက် ရောဂါရှိတာကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဖို့ ခက်ခဲတတ်ကြပါတယ်။ ဒါပေမယ့် အိမ်ထောင်သည် အမျိုးသမီး အများအပြားကတော့ ခင်ပွန်းသည်တွေဘက်က ဖွင့်မပြောလို့ ရောဂါရရုံတင်မက သူကနေ တဆင့် နောက်ထပ် ကူးစက်နိုင်တဲ့ အန္တရာယ်တွေ ရှိနေပါတယ်။
မခင်မိုးဝေ ကတော့ ပထမခင်ပွန်းသည်ဆီကနေ ရောဂါရခဲ့ပြီး အခုအခါ နောက်ခင်ပွန်းသည် အထိပါ ဒီရောဂါပိုး ကူးစက်ခဲ့ပါတယ်။
ရောဂါပိုးက ဒီမှာတင် ရပ်သွားမယ်လို့ ပြောလို့ မရ သေးပါဘူး။ မခင်မိုးဝေမှာ နောက်ခင်ပွန်းသည်နဲ့ ရတဲ့ သူ့ကလေးကလည်း အခုမှ မီးဖွားခါစပဲ ရှိသေးတော့ ကလေးမှာ ရောဂါ ရှိမရှိအတွက်လည်း ရတက်မအေး ဖြစ်ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
ခင်ပွန်းသည်နဲ့ ပွင့်ပွင့်လင်းလင်း ရှိဖို့လို
အိမ်ထောင်ဖက်တွေမှာ ရောဂါရှိမရှိ မသိကြတာက သူတို့က ဖွင့်မပြောတဲ့ အကြောင်းအပြင် သူတို့အပေါ် ဇနီးသည်တွေရဲ့ ယုံကြည်မှု လွန်ကဲတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ မဇင်က ပြောပါတယ်။
သူ့အနေနဲ့ ခင်ပွန်းသည်ကို လက်မထပ်ခင်ကတည်းက သေသေချာချာ လေ့လာတာ၊ ဆေးစစ်တာ၊ မေးမြန်းတာမျိုး မလုပ်ခဲ့မိဘူးလို့ ပြောပါတယ်။ ဒါကြောင့် လက်တွဲဖော်တွေ အနေနဲ့ ဒီကိစ္စ ပွင့်ပွင့်လင်းလင်းရှိသင့်တယ်လို့ သူက ပြောပါတယ်။
ကိုယ့်ရဲ့ မိသားစုအတွက်၊ ကိုယ့်ရဲ့မျိုးဆက်တွေအတွက် တစ်လင်တစ်မယားစနစ်က အကောင်းဆုံး ဖြစ်တယ်၊ တစ်သက်လုံး လက်တွဲသွားကြမယ့် အိမ်ထောင်ဖက် အပေါ် နှစ်ဦးနှစ်ဖက် သစ္စာရှိသင့်တယ်လို့ မဇင်က ပြောပါတယ်။
တကယ်လို့ လုံးဝ မနေနိုင်ဘူး ဆိုရင်တောင် ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကို သုံးဖို့ လိုတယ်လို့ သူ့ဘဝနဲ့ ရင်းပြီး ရခဲ့တဲ့ အတွေ့အကြုံကို ဝေမျှရင်း အကြံပြုထားပါတယ်။
"ကိုယ်ကတော့ အသက်က သက်တမ်း တစ်ဝက်လောက် ရောက်နေပြီ။ ဒါပေမယ် ကျွန်မကလေးကိုတော့ ရောဂါသည်ရဲ့ ကလေးအနေနဲ့ လောကကို ရင်မဆိုင်စေချင်ဘူး။"









