မလေးရှားမှာ အရက်အတုကြောင့် အခုရက်ပိုင်း မြန်မာ ၁၆ ဦးသေဆုံး

မလေးရှား၊ မြန်မာ၊ အရက်တု

ဓာတ်ပုံ ရင်းမြစ်, Kepong Charity Funeral Service ( Malaysia )

ဓာတ်ပုံ ပုံစာ, သေဆုံးသူ ၁၆ ဦးထဲက အလောင်း ၆ လောင်း သင်္ဂြိုဟ်ခဲ့ပြီးဖြစ်

မလေးရှားနိုင်ငံမှာ အရက်အတုတွေ သောက်မိပြီး သေဆုံးခဲ့သူတွေထဲမှာ မြန်မာနိုင်ငံသား ၁၆ ဦး ပါဝင်တယ်လို့ ကပုန်း ၇ရက် သားသမီး နာရေး ကူညီမှု အသင်း( မလေးရှား) ဥက္ကဋ္ဌ ဦးဆန်းဝင်းက ဘီဘီစီကို ပြောပါတယ်။

အရက် အတုတွေကြောင့် သေဆုံးသူ စုစုပေါင်း ၂၁ ဦး ရှိပြီး အများစုဟာ နိုင်ငံခြားသား အလုပ်သမားတွေ ဖြစ်တယ်လို့ စက်တင်ဘာလ ၁၉ရက်နေ့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ မလေးရှား အာဏာပိုင်တွေက ပြောပါတယ်။

အဲဒီလူတွေဟာ ကွာလာလမ်ပူမြို့နဲ့ အနီးတဝိုက်မှာ ရောင်းတဲ့ မန္တလေး ဝီစကီ၊ ကင်း ဖစ်ရှာ ဘီယာနဲ့ ဂရင်း ရိုင်ရယ် ဝီစကီ တံဆိပ် တွေနဲ့ အရက်တွေ သောက်ခဲ့ရာကနေ နာမကျန်းဖြစ်ပြီး သေဆုံးတဲ့အထိ ဖြစ်ခဲ့တာလို့ ပြောပါတယ်။

မလေးရှား၊ မြန်မာ၊ အရက်တု

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, သိမ်းဆည်းမိထားတဲ့ အရက်တွေကို သတင်းစာ ရှင်းလင်းပွဲမှာ မလေးရှားရဲတွေ ထုတ်ပြ

ဖမ်းမိတဲ့ အရက်တမျိုးမှာ မက်သနော ပါဝင်နေတာကို စစ်ဆေး တွေ့ရတယ်လို့ မလေးရှား အာဏာပိုင်တွေက ပြောပါတယ်။

ဝီစကီနဲ့ အရက် ရောင်းတဲ့ ဆိုင်တွေကို မလေးရှားရဲတွေက စီးနင်း ရှာဖွေခဲ့ပြီး အနည်းဆုံး အရက်သေတ္တာ ၂၀ လောက် သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။

အခုအခါ အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၂ ဦးကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံမှာ တရုတ်ပြည်က အရက်ဆီတွေ မှာသွင်းပြီး အနံ့ပါရုံလောက် အရက် ရည်လေးတွေထည့်၊ တံဆိပ် အတုတွေ တပ်ထားတဲ့ အရက်ပုလင်းတွေကို စျေးပေါပေါနဲ့ ရောင်းချနေတာမျိုးတွေ တွင်တွင်ကျယ်ကျယ် ရှိနေတယ်လို့ ဦးဆန်းဝင်းက ပြောပါတယ်။

၂၀၁၂ ခုနှစ်တုန်းကလည်း အရက်တုတွေ သောက်ပြီး လူ ၂၅ ဦးလောက် သေဆုံးခဲ့ပါတယ်။

အခု သေဆုံးသွားသူတွေထဲက လောလောဆယ် ၆လောင်းကို သင်္ဂြိုဟ်ခဲ့ပြီး ဖြစ်ပြီး လာမယ့် တနင်္ဂနွေနေ့ မတိုင်ခင် အလောင်း အားလုံး သင်္ဂြိုဟ်သွားနိုင်ဖို့ စီစဉ်ထားတယ်လို့ သူက ပြောပါတယ်။