ဆက်သွယ်ရေး ဥပဒေနဲ့ တရားစွဲဆိုခံရတဲ့ အမှုပေါင်း ၁၅၀ ရှိပြီ

ဓာတ်ပုံ ရင်းမြစ်, ATHAN FACEBOOK
ဆက်သွယ်ရေး ဥပဒေနဲ့ တရားရုံးတင်ပြီး တရားစွဲဆိုခံရတဲ့ အမှုပေါင်းဟာ အခုနှစ် စက်တင်ဘာလ ၉ ရက်အထိ ကောက်ယူထားတဲ့ စာရင်းတွေအရ အမှုပေါင်း ၁၅၀ ရှိပြီလို့ အသံအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
လက်ရှိ NLD အစိုးရ လက်ထက်မှာတော့ ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲခံရသူ ၆၀ ကျော် အထိ ရှိလာပြီလို့ အသံအဖွဲ့ရဲ့ အလုပ်အမှုဆောင် ကဗျာဆရာ မောင်ဆောင်းခက ပြောပါတယ်။
လတ်တလော စွဲဆိုထားတဲ့ အမှု ၄၈ မှုဟာ တရားရင်ဆိုင်နေရဆဲနဲ့ တရားစွဲဆိုတဲ့ လုပ်ငန်းစဉ်ပဲ ရှိနေသေးတယ်လို့ သူက ပြောပါတယ်။
ဆက်သွယ်ရေးဥပဒေနဲ့ တိုင်ကြားခံရသူများစုဟာ ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချခံရတဲ့အပြင် မီဒီယာ သမားတွေနဲ့ လူမှုကွန်ရက်တွေမှာ ရေးသားပြောဆိုသူတွေကိုလည်း ခြိမ်းခြောက်တဲ့ ဥပဒေ ဖြစ်လို့ လွတ်လပ်စွာ ပြောဆိုခွင့်ကို ပိတ်ပင်စေတယ်ဆိုပြီး လွှတ်တော်ကိုယ်စားလှယ်တွေ၊ မီဒီယာသမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ကန့်ကွက်နေကြပါတယ်။
အများက ကန့်ကွက်နေတဲ့ ဆက်သွယ်ရေး ဥပဒေကို ၂၀၁၇ သြဂုတ်လ ၂၉ ရက်က စတင် ပြင်ဆင်ခဲ့ပါတယ်။
အဲဒီဥပဒေ ပြင်ဆင်ပြီး တနှစ်ကျော် အကြာမှာတော့ ပြင်ဆင်လိုက်တဲ့ ဥပဒေသစ်နဲ့ စွဲဆိုထားတဲ့ အမှု ၄၈ မှု အထိ ရှိလာတယ်လို့ အသံအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, FREEDOM HOUSE WEBSITE
ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲခံရသူတွေမှာ သတင်းသမားတွေလည်း ပိုမိုပါဝင်လာတဲ့အတွက် သတင်း လွတ်လပ်ခွင့်ကို ထိပါးတယ်ဆိုပြီး သတင်းမီဒီယာ လောကမှာ ဝေဖန်မှုတွေ ရှိနေပါတယ်။
ဒီဥပဒေနဲ့ မီဒီယာသမားတွေကို တရားစွဲဆိုထားမှု ၁၉ မှု ရှိပြီး တရားရင်ဆိုင်နေရတဲ့ သတင်းသမား ၂၇ ဦး အထိ ရှိနေတယ်လို့ အသံအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီပုဒ်မကို ပြင်ဆင်ဖို့နဲ့ ဖျက်သိမ်းပေးဖို့ လှုပ်ရှားမှုတွေကို နိုင်ငံအနှံ့ မြို့ကြီးတွေမှာ သတင်းသမားတွေက ဦးဆောင်ပြုလုပ်ခဲ့ပါတယ်။
အရင်က ပြစ်ဒဏ်ကို ထောင်ဒဏ်သုံးနှစ် အထက်လို့ သတ်မှတ်ထားရာကနေ ၂ နှစ်အထိ ပြောင်းလဲ လိုက်တဲ့အတွက် ထောင်ဒဏ် သက်တမ်းအရ ဒီအမှုနဲ့ တရားစွဲခံရပါက အာမခံ လျှောက်ထားပိုင်ခွင့် ရရှိလာပါတယ်။
လက်ရှိဥပဒေမှာ ထူးခြားချက်ကတော့ ကိုယ်စားတရားစွဲမယ့်သူဟာ ကာယကံရှင်ရဲ့ ခွင့်ပြုချက် လက်မှတ်ပါရမယ် ဆိုတာကြောင့် အရင်ဥပဒေဟောင်းလို နိုင်ငံတော် အတိုင်ပင်ခံနဲ့ ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား တရားစွဲဆိုတာတွေ မရှိတော့ဘူးလို့ အသံအဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အသံ Athan ဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရရှိရေးအတွက် လှုပ်ရှားဆောင်ရွက်နေတဲ့ အရပ်ဘက် အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။
ယခင် အစိုးရလက်ထက်မှာ ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲမှု ၇ မှုသာ ရှိခဲ့ပေမယ့် လက်ရှိ အစိုးရလက်ထက်မှာ တရားရုံးအထိ ရောက်လာတဲ့ အမှုအရေအတွက် ၈၅ မှု ရှိပြီး ဒီပုဒ်မနဲ့ စွဲဆိုဖို့ သက်ဆိုင်ရာဝန်ကြီးဌာနမှာ ခွင့်ပြုချက် လာယူတဲ့ အရေအတွက်ကတော့ ၂၀ဝ ကျော် ရှိနေတယ်လို့ ဆက်သွယ်ရေး ဥပဒေဆိုင်ရာ သုတေသနအဖွဲ့က မှတ်တမ်းမှာလည်း ဖော်ပြထားပါတယ်။








