ဒေါ်လာစျေးကျဖို့ ဗဟိုဘဏ်က ဒေါ်လာသန်းချီ ထုတ်ချေးမယ်

ငွေကြေး ဈေးကွက်ထဲမှာ လတ်တလော ဖြစ်ပေါ်နေတဲ့ ကျပ်ငွေ တန်ဖိုးကျ ဆင်းပြီး အမေရိကန် ဒေါ်လာ ငွေလဲလှယ်နှုန်း အဆ မတန် မြင့်တက် နေတာကို ရေတို ဖြေရှင်း နိုင်ဖို့ အတွက် ဗဟိုဘဏ် အနေနဲ့ ပုဂ္ဂလိက ဘဏ်တွေကို ဒေါ်လာ သန်း ရာနဲ့ ချီ ထုတ်ချေး ပေးသွားဖို့ ရှိနေ ပါတယ်။
ကျပ်ငွေတန်ဖိုး ထိုးကျ နေတာကို ပြန်ဆွဲတင်ဖို့ အတွက် ဗဟိုဘဏ် အနေနဲ့ သန်းနဲ့ချီတဲ့ အမေရိကန် ဒေါ်လာငွေကို ကာလတို ချေးငွေ အနေနဲ့ ပုဂ္ဂလိက ဘဏ်တွေကို စတင် ထုတ်ချေး ပေးဖို့ အဆင်သင့် ဖြစ်နေပြီ လို့ ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးစိုးသိန်း ကပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ကျပ်ငွေ တန်ဖိုး ထိုးကျ သွားပြီး ငွေကြေး ဈေးကွက် အတွင်းမှာ အမေရိကန်ငွေ ၁ ဒေါ်လာ ကို မြန်မာ ငွေ ၁၅၇၀ ကျော် အထိ ဖြစ်ခဲ့ပါတယ်။
ဒီပြဿနာကို ရေတို အနေနဲ့ ဖြေရှင်းနိုင်ဖို့ ပုဂ္ဂလိက ဘဏ်တွေကို ဒေါ်လာ ထုတ်ချေးပေးဖို့ လုပ်တာ ဖြစ်တယ်လို့ လည်း ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးစိုးသိန်းက ဘီဘီစီကို ပြောပါတယ်။
ပုဂ္ဂလိက ဘဏ်တွေ အနေနဲ့ ဒေါ်လာငွေ ချေးယူတဲ့ အခါမှာ ပမာဏတူတဲ့ ကျပ်ငွေကို အပေါင် အဖြစ် ဗဟိုဘဏ်ကို ပေးထား ရမှာ ဖြစ်ပြီး ချေးယူတဲ့ ဒေါ်လာ အတွက် ဗဟိုဘဏ်ကို ပြန်ဆက်တဲ့ အခါ အတိုးငွေ ပေးရမှာ ဖြစ်သလို တဘက် ကလည်း ကျပ်ငွေ အပေါင် ပေးထားရတဲ့ အတွက် ဗဟိုဘဏ်ဆီ ကနေ အတိုး ပြန်ရမှာ ဖြစ်ပါတယ်။
ကျပ်ငွေ တန်ဖိုးကို ပြန်လည် ဆွဲတင်နိုင်ဖို့ ဗဟိုဘဏ် ဘက်က ပုဂ္ဂလိက ဘဏ်တွေကို ပုံမှန် ရောင်းပေးနေကျ ဘဏ် အားလုံး ပေါင်းမှ ဒေါ်လာ ၅ သောင်း ၁ သိန်း ဝန်းကျင်သာ ရောင်းခဲ့ ပေမယ့် ဒီရက်ပိုင်း ထဲမှာတော့ လေးငါးဆ အထိ တိုးပြီး ရောင်းချ ပေးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Cental Bank of Myanmar FB
ဒါ့အပြင် တခြား နိုင်ငံက တဆင့် တင်သွင်းပြီး တရုတ်ကို အမြတ်တင် ပြန်ရောင်းချ နေတဲ့ သကြားတင်သွင်းတဲ့ Re- export လို ဒေါ်လာ အသုံးပြုရမယ့် လုပ်ငန်းတွေ ကိုလည်း သက်ဆိုင်ရာ ဝန်ကြီး ဌာနတွေ အလိုက် ယာယီ ပိတ်ပင် တာမျိုး တွေလည်း လုပ်ခဲ့ ပါတယ်။
ဒါပေမယ့်လည်း ကျပ်ငွေ တန်ဖိုး ကျဆင်းတဲ့ နှုန်းက ရက်ပိုင်းသာ ရပ်တန့်သွားခဲ့ပြီး ပြန်လည် ကျဆင်း လာတဲ့ အတွက် အခုလို ဒေါ်လာငွေ အလုံး အရင်းနဲ့ ပုဂ္ဂလိက ဘဏ်တွေကို ထုတ်ချေးပေးဖို့ လုပ်ဆောင်လာ ခဲ့တာ ဖြစ်ပါတယ်။
ဩဂုတ် ၂၄ ရက်မှာတော့ ဗဟိုဘဏ်ရဲ့ ရည်ညွှန်း ငွေလဲလှယ်နှုန်းဟာ အမေရိကန်ငွေ ၁ ဒေါ်လာ ကို ၁၄၉၉ ကျပ်နှုန်း ဖြစ်ပေမယ့် ဈေးကွက်ထဲ မှာတော့ ၁ ဒေါ်လာကို အရောင်းဈေးက ၁၅၄ဝ ကျပ် ဝန်းကျင်နဲ့ အဝယ်ဈေးက ၁၅၂၀ ကျော်နဲ့ အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။








