ဝ ငြိမ်းချမ်းရေးနှစ်ပတ်လည်အတွက် အမျိုးသမီးတွေကို ဆင့်ခေါ်

ဓာတ်ပုံ ရင်းမြစ်, Sai Tun Aung Lwin
လာမယ့် ဧပြီလမှာ ကျရောက်မယ့် နှစ် ၃၀ မြောက် ဝ ငြိမ်းချမ်းရေးနှစ် အခမ်းအနားကို ကျင်းပနိုင်ဖို့အတွက် ဝ တပ်ဖွဲ့က အခုကတည်းက ပြင်ဆင်မှုတွေ ကြီးကြီးမားမား စတင်လုပ်နေပါတယ်။
အဲဒီအခမ်းအနားမှာ အမျိုးသမီးစစ်ရေးပြအစီအစဉ်တွေလည်း ပါဝင်မှာဖြစ်တဲ့အတွက် တပ်မဟာနယ်မြေတခုကို အသက် ၁၅ နှစ်နဲ့ အသက် ၂၀ အကြား မိန်းကလေး ၃၀ဝ လောက် ပါဝင်စစ်ရေးပြနိုင်ဖို့ အခုကတည်းက ဆင့်ခေါ် လေ့ကျင့််နေတယ်လို့ ဒေသခံတွေအပါအဝင် ဝ တပ်ဖွဲ့နီးစပ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေက ပြောပါတယ်။
လာမယ့် ၂၀၁၉ ဧပြီလ ၁၇ ရက်နေ့ဟာ ဗမာပြည်ကွန်မြူနစ်ပါတီကနေ ဝ တပ်ဖွဲ့ ခွဲထွက်လာတာ နှစ် ၃၀ ပြည့်တဲ့နေ့ ဖြစ်သလို စစ်အစိုးရနဲ့လည်း အပစ်ရပ်တာ နှစ် ၃၀ ပြည့်မှာဖြစ်တဲ့အတွက် အခုကတည်းက ငြိမ်းချမ်းရေးနှစ်ပတ်လည်နေ့ အဖြစ် ကျင်းပဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်နေ့က စလို့ ဝ ဒေသမြောက်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ အမျိုးသမီးတွေကို ဆင့်ခေါ်မှုတွေ ပြုလုပ်နေတာ ဖြစ်ပြီး ဆင့်ခေါ်ခံရသူတွေဟာ ဝ တပ်ဖွဲ့ထဲမှာ အမြဲတမ်းစစ်မှုထမ်းမဟုတ်ဘဲ ဒီနှစ် ၃၀ ပြည့် အခမ်းအနားမှာ စစ်ရေးပြ အပါအဝင် ကြိုဆိုရေး ၊ ဖျော်ဖြေရေးတွေလို လုပ်ငန်းတွေမှာပါ ပါဝင်ဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ရေးပြအတွက် ၉ လလောက် စခန်းဝင်လေ့ကျင့်ရမှာဖြစ်ပြီး မိသားစုနဲ့ တွေ့ခွင့်ရမှာ မဟုတ်တဲ့ အတွက် သတင်းကြိုရတဲ့ တချို့မိဘတွေဟာ သားသမီးတွေကို တရုတ်အပါအဝင် မြန်မာနိုင်ငံအတွင်းက ဒေသတချို့ကို ပို့ဆောင်ပြီး တိမ်းရှောင်စေတာတွေလည်း လုပ်နေတယ်လို့ ဒေသခံ အချို့ကလည်း ပြောပါတယ်။
အခမ်းအနားအတွက် ဆင့်ခေါ်တာဖြစ်ပေမယ့် အမြဲစစ်မှုထမ်းအဖြစ် ရောက်သွားမှာကို စိုးရိမ်မှုတွေရှိနေကြတယ်လို့ ဝ အရေးကို စောင့်ကြည့်လေ့လာနေတဲ့ သျှမ်းသံတော်ဆင့် သတင်းအယ်ဒီတာ စိုင်းမိဏ်းကတော့ ပြောပါတယ်။
ဝ ဒေသဘက်မှာတော့ အများအားဖြင့် အမျိုးသားတွေကို စစ်မှု မထမ်းမနေရ ဆိုတဲ့ သဘောမျိုးနဲ့ ငယ်ငယ်တည်းက စုဆောင်းမှုတွေ လုပ်လေ့ ရှိသလို စစ်မှုထမ်းရမယ့်သူဖြစ်ဖြစ် စစ်မှုထမ်းနေတဲ့သူဖြစ်ဖြစ် ထွက်ပြေးခဲ့ရင် အဲဒီသူရဲ့ မိသားစုဝင်တွေထဲက တဦးဦးကို ဝ ဥပဒေအရ ဖမ်းဆီးတာတွေ ရှိတယ်လို့ ထိုင်းမြန်မာနယ်စပ်က UWSA ဝ တောင်ပိုင်း ထိန်းချုပ်ရာ ဒေသမှာ နေထိုင်သူ တဦးကလည်း ဘီဘီစီကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လက နေပြည်တော်မှာ ကျင်းပတဲ့ ၂၁ ပင်လုံညီလာခံကို လာရင်း အစိုးရ အဖွဲ့နဲ့တွေ့ခဲ့တဲ့ ဝ ကိုယ်စားလှယ်တွေကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အဲဒီ နှစ် ၃၀ ပြည့် အခမ်းအနား တက်ရောက်ဖို့ ဖိတ်ကြားခဲ့တယ်လို့ သတင်းမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။








