၂၁ ပင်လုံ တတိယ အစည်းအဝေး ဇူလိုင်မှာလုပ်မယ်

၂၁ ရာစု ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ တတိယအကြိမ် အစည်းအဝေးကို လာမယ့် ဇူလိုင်လ ၁၁ ရက်နေ့ကနေ ၁၆ ရက်အထိ ကျင်းပဖို့ ဇွန်လ ၂၉ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ UPDJC အစည်းအဝေးက ဆုံးဖြတ်ခဲ့ပါတယ်။
ဒါ့အပြင် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA မှာ လက်မှတ် မထိုးထားတဲ့ အဖွဲ့တွေကိုလည်း အဲဒီ ညီလာခံကို တက်ရောက်နိုင်ရေးအတွက် တဖွဲ့ချင်းစီ ဖိတ်ကြားဖို့ သဘောတူခဲ့ပါတယ်။
ဒါပေမယ့် အဲဒီ ညီလာခံမှာ ဆွေးနွေးမယ့် ကဏ္ဍတွေ အပိုင်းမှာတော့ သဘောမတူတာတွေ ရှိခဲ့ပြီး လာမယ့် ညီလာခံမှာ လုံခြုံရေး ကဏ္ဍနဲ့ ပတ်သက်ပြီး ဆွေးနွေးရုံသာဆွေးနွေးပြီး ဆုံးဖြတ်ချက် တခုမှမချဘူးလို့ သဘောတူ ထားကြောင်း NCA စာချုပ်မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားအဖွဲ့တွေ စုပေါင်းထားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ရဲ့ ဒုတိယ ခေါင်းဆောင် ဒေါက်တာ လျန်မုန်းဆာခေါင်းက ဘီဘီစီကို ပြောပါတယ်။
အခုလို ကျင်းပမယ့် ညီလာခံမှာ နိုင်ငံရေး ကဏ္ဍအောက်မှာရှိတဲ့ လူနည်းစု တိုင်းရင်းသားများ အခွင့်အရေးကိစ္စ ဆွေးနွေးရေးကို တပ်မတော်ဘက်က သဘောမတူခဲ့တဲ့အတွက် နိုင်ငံရေး ကဏ္ဍအပိုင်းမှာ ကျားမ တန်းတူ ညီမျှရေး ကိစ္စကိုပဲ ဆွေးနွေးခွင့်ရတယ်လို့ ကိုယ်စားလှယ် အချို့က ပြောပါတယ်။

၂၁ ရာစု ပင်လုံ တတိယအကြိမ် အစည်းအဝေးမှာ တခြား ဆွေးနွေးမယ့် ကဏ္ဍတွေကတော့ စီးပွားရေးနဲ့ လူမှုရေးအပါအဝင် မြေယာနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကဏ္ဍတွေ ဆွေးနွေးမှာ ဖြစ်ပါတယ်။
အခုလို ၂၁ ရာစု ပင်လုံ ညီလာခံမျိုးမှာ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေးနဲ့ တိုက်ရိုက် သက်ဆိုင်တဲ့ ကဏ္ဍတွေ မပါဘဲ ဖြစ်နေတာကို ပြည်သူတွေ မြင်ရမယ့် အခြေအနေလည်း ရှိနေတယ်လို့ အဲဒီ UPDJC အစည်းအဝေးမှာ ပါဝင်ခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ကျားခေါင်းပါတီ ကိုယ်စားလှယ် ဦးစိုင်းကျော်ညွန့်က ဘီဘီစီကို ပြောပါတယ်။
၂၁ ရာစု ပင်လုံ ညီလာခံရဲ့ တတိယအကြိမ် အစည်းအဝေး ကျင်းပဖို့အတွက် အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အကြား ညှိနှိုင်းလို့ မရတာတွေ ရှိခဲ့တဲ့အတွက် ဒီ ညီလာခံ ကျင်းပဖို့ ၃ ကြိမ် တိုင်တိုင် ရွှေ့ဆိုင်းခဲ့ရပြီး အခုလို နောက်ဆုံး ရက်သတ်မှတ်နိုင်ဖို့အတွက် တနှစ်နီးပါး အချိန်ယူခဲ့ရတာ ဖြစ်ပါတယ်။
ဒါပေမယ့် အရေးပါတဲ့ ကဏ္ဍတွေ ဖြစ်တဲ့ နိုင်ငံရေး ကဏ္ဍအောက်က တန်းတူညီမျှရေးနဲ့ ဆိုင်တဲ့ တိုင်းရင်းသား အခွင့်အရေးကိစ္စ၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေး ကိစ္စတွေကို ဆွေးနွေးခွင့်မရသလို လုံခြုံရေး ကဏ္ဍမှာလည်း ဆွေးနွေးရုံသာဆွေးနွေးခွင့်ရပြီး ဆုံးဖြတ်ချက်ခွင့်ရမှာ မဟုတ်ပါဘူး။









