မြန်မာတို့ တိုက်ပွဲ ရပ်ဖို့ တရုတ် ကာကွယ်ရေး တောင်းဆို

ဓာတ်ပုံ ရင်းမြစ်, Local Youth
မေလ ၁၂ ရက်နေ့ က ဖြစ်ပွား ခဲ့တဲ့ တရုတ် နဲ့ မြန်မာ နယ်စပ် က မူဆယ် မြို့မှာ ဖြစ်ပွားခဲ့တဲ့ TNLA တအာင်း ပလောင် အဖွဲ့နဲ့ မြန်မာ လုံခြုံရေး တပ်ဖွဲ့ တို့ရဲ့ တိုက်ပွဲ တွေကြောင့် တရုတ် နိုင်ငံသား ၃ ဦး သေဆုံး ခဲ့ပြီးနောက် တိုက်ပွဲတွေ ရပ်တန်ဖို့ တရုတ် ကာကွယ်ရေး ဝန်ကြီး ဌာန က ကြေညာချက် ထုတ် ခဲ့ပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်းက လက်နက်ကိုင် အုပ်စုတွေ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့နဲ့ ချက်ချင်း အပစ်အခတ် ရပ်စဲဖို့ တရုတ် ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ခဲ့ပြီး နယ်စပ်တည်ငြိမ်ဖို့နဲ့ တရုတ်နိုင်ငံသားတွေ လုံခြုံရေးအတွက် တရုတ်စစ်တပ်က လိုအပ်တာ မှန်သမျှ လုပ်ဆောင်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့ ညပိုင်းက တရုတ် ဝေဘို လူမှုကွန်ယက် စာမျက်နှာမှာ ထုတ်ပြန်လိုက်တဲ့ အဲဒီ ကြေညာချက်မှာ မြန်မာနိုင်ငံ မြောက်ပိုင်းက တိုက်ပွဲတွေကြောင့် ဒုံးကျည် သုံးလုံးနဲ့ တခြား ကျည်ဆံ တချို့လဲ တရုတ် ပိုင်နက်ထဲ ဝင်လာတဲ့အတွက် တရုတ်နိုင်ငံသား သုံးဦး သေဆုံးခဲ့ကြောင်းကိုလည်း ဖော်ပြထားပါတယ်။
တရုတ် နိုင်ငံ ထဲ ကို လက်နက်ကြီး ကျည်ဆန် တွေ ကျရောက် ခဲ့မှု ကိုလည်း အပြင်းအထန် ကန့်ကွက် ခဲ့ပြီး နယ်စပ် ဒေသ လုံခြုံရေး နဲ့ အချုပ်အခြာ မထိခိုက်စေဖို့ ကာကွယ် သွားမယ် ဆိုပြီး ပြော ဆို ခဲ့ပါတယ်။
အဲဒီ ကြေညာချက် ထဲမှာ မြန်မာ နိုင်ငံထဲမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေ ရပ်တန့်ဖို့နဲ့ ငြိမ်းချမ်းရေး အတွက် နည်းလမ်း ရှာဖွေ လုပ်ဆောင် ကြဖို့ တိုက်တွန်း ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Gov's spokeperson
ပြီးခဲ့တဲ့ ၁၈ ရက်နေ့တုန်း ကလည်း မြန်မာ ငြိမ်းချမ်းရေး အတွက် ညှိနှိုင်း ပေး နေတဲ့ တရုတ် ကိုယ်စားလှယ် ဆုန်ကော့ရှန် နဲ့ မြောက်ပိုင်း မဟာမိတ် အဖွဲ့ က ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ FPNCC တို့လည်း တွေ့ဆုံ ခဲ့ကြပါတယ်။
တွေ့ဆုံပွဲ အပြီးမှာတော့ လက်ရှိ ဖြစ်ပျက် နေတဲ့ ပြဿနာ တွေကို ဖြေရှင်း ဖို့ တွေ့ဆုံ ဆွေးနွေးဖို့ FPNCC အဖွဲ့ဝင် တွေ အနေနဲ့ အဆင်သင့် ရှိနေ တယ်လို့ ဒီအဖွဲ့ က ကြေညာ ထားပါတယ်။
တရုတ် နိုင်ငံ အနေနဲ့ ငြိမ်းချမ်းရေး အတွက် တိုင်းရင်းသား လက်နက် ကိုင်တွေကို ဖိအားပေး တောင်းဆို နေတာထက် မြန်မာ့ တပ်မတော် နဲ့ အစိုးရ ကိုလည်း တောင်းဆို သင့်ကြောင်း နိုင်ငံရေး လေ့လာသူတွေက သုံးသပ် နေပါတယ်။








