အညမည ဦးချစ်လှိုင် ကွယ်လွန်

မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီရဲ့ မူဝါဒ လက်စွဲ စာအုပ်ဖြစ်တဲ့ "လူနှင့် ပတ်ဝန်းကျင်တို့၏ အညမည သဘောတရား" စာအုပ်ကို ဦးဆောင် ရေးသားခဲ့သူ ဦးချစ်လှိုင်ဟာ မတ်လ ၂၄ ရက် နေ့ မနက်က ကွယ်လွန်သွားခဲ့ပါတယ်။
အသက် ၉၂ နှစ် အရွယ် ဦးချစ်လှိုင်ဟာ လူကြီးရောဂါနဲ့ ရန်ကုန် ဆေးရုံကြီးမှာ ကွယ်လွန် သွာခဲ့တာလို့ သူ့ရဲ့ သားဖြစ်သူ ဦးသောင်းထွန်းမြင့်က ဘီဘီစီကို ပြောပါတယ်။
စျာပနကိုတော့ မတ်လ ၂၇ ရက်နေ့မှာပြုလုပ်မှာဖြစ်ပါတယ်။
၁၉၆၂ ခုနှစ်က စစ်တပ်က အာဏာ သိမ်းယူခဲ့ပြီးနောက် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီ ထူထောင်စဉ် "လူနှင့် ပတ်ဝန်းကျင်တို့၏ အညမည သဘောတရား"စာအုပ်ကို လမ်းစဉ်ပါတီ ဥက္ကဋ္ဌ ဦးနေဝင်းက ချမှတ်ပေးခဲ့တဲ့ အခြေခံ သဘောတရားတွေ အပေါ် မူတည်ပြီး ဦးစောဦး၊ ဗိုလ်မှူးကြီး စောမြင့်တို့နဲ့ အတူ ဦးချစ်လှိုင်က ပူးပေါင်း ရေးသားခဲ့ပါတယ်။
မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ စတင် ထူထောင်ချိန်က ဗဟို နိုင်ငံရေး သိပ္ပံကျောင်းမှာ နည်းပြချုပ် အဖြစ် ဦးချစ်လှိုင် တာဝန် ထမ်းဆောင်ခဲ့ ပါတယ်။
ဦးချစ်လှိုင်ဟာ ဆိုရှယ်လစ် စနစ် အောင်မြင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်ရာမှာ အဓိက ပုဂ္ဂိုလ် တစ်ယောက် ဖြစ်တယ်လို့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ ပြောရေး ဆိုခွင့်ရှိသူ ဦးဟန်ရွှေကပြောပါတယ်။
ပါတီစတင် ထူထောင်စဉ် ကာလ ၁၉၆၄ ခုနှစ်က ဗဟို နိုင်ငံရေး သိပ္ပံကျောင်းမှာ တက်ခဲ့စဉ် ပါတီတာဝန် ထမ်းဆောင်မယ့် ကေဒါတွေကို ခိုင်မာတဲ့ မူဝါဒ လမ်းစဉ် သဘောတရား တွေပို့ချသူ ဆရာတစ်ယောက် အနေနဲ့ ဦးချစ်လှိုင်ကို စတင် သိကျွမ်းခဲ့တယ်လို့ သူက ပြောပါတယ်။
သူ့ရဲ့ မူဝါဒ လမ်းစဉ် သဘောတရား တွေကို အခြေခံတဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ကျဆုံးခဲ့ရတဲ့ အထိ ဖြစ်ခဲ့တဲ့အတွက် အဲဒီ မူဝါဒ လမ်းစဉ်တွေ အပေါ် မေးခွန်းထုတ်စရာ ဖြစ်နေတာနဲ့ ပတ်သက်လို့ ဘီဘီစီက မေးရာမှာတော့ မူပိုင်းနဲ့ လူပိုင်း ရှိတဲ့ အတွက် မူဝါဒ ချမှတ်မှုကို လက်တွေ့ အကောင်အထည် မဖော်နိုင်တဲ့အခါ အားနည်းသွားတဲ့ သဘော ဖြစ်တယ်လို့ သူက ဆိုပါတယ်။
အညမည ဦးချစ်လှိုင်လို့ အများသိကြတဲ့ ဦးချစ်လှိုင်ဟာ အာကာကို လွှာပုံ ပြုပါလို့ ဝတ္ထုနဲ့ ပါရီမှာ သောင်တင်ခဲ့စဉ်က မှတ်တမ်း အပါအဝင် စာအုပ်စာပေနဲ့ ဆောင်းပါးတွေ ကိုလည်း ရွှေမိုး ၊ ကိုကိုမောင်၊ ကိုကိုမောင်ကြီး စတဲ့ ကလောင် အမည်တွေနဲ့ ရေးသား ခဲ့ပါတယ်။








