ယာယီ သမ္မတ ဦးမြင့်ဆွေ

ဓာတ်ပုံ ရင်းမြစ်, President Office
သမ္မတဦးထင်ကျော် ရာထူးကနုတ်ထွက်ပြီးနောက် ယာယီသမ္မတအဖြစ် ဒုသမ္မတတဦးဖြစ်တဲ့ ဦးမြင့်ဆွေက တာဝန်ယူထားတယ်လို့ သမ္မတရုံးရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောပါတယ်။
"အခုလောလောဆယ် သမ္မတရွေးချယ်တင်မြောက်စဉ်က ဒုတိယမဲအများဆုံးရရှိခဲ့တဲ့ ဒုတိယသမ္မတ ဦးမြင့်ဆွေ သူကနေပြီးတာဝန်ထမ်းဆောင်ပါမယ်။ ယာယီတာဝန်ထမ်းဆောင်ပြီးရင် ဖွဲစည်းပုံအခြေခံဥပဒေအတိုင်း ပြည်ထောင်စုလွှတ်တော်မှာ သမ္မတရွေးချယ်တင်မြောက်မှု ပြန်လုပ်မှာဖြစ်ပါတယ်" လို့ ဦးဇော်ဌေးက ပြောပါတယ်။
သမ္မတ ဦးထင်ကျော် ဟာ ရာထူး တာဝန် ကနေ အနားယူ လို တဲ့ အတွက် နုတ်ထွက် သွားတာ လို့ အစိုးရ အဖွဲ့ ပြောရေး ဆိုခွင့် ရှိသူ ဦးဇော်ဌေး က ဘီဘီစီကို ပြောပါတယ်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၇၃ မှာ ဖော်ပြထားသလို နိုင်ငံတော် သမ္မတ တာဝန် ယူထားတဲ့ ပုဂ္ဂိုလ် က အနားယူ လိုလျှင် ခွင့်ပြု ရမယ် ဆိုတဲ့ ဥပဒေ အရ အနားယူသွားတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
လက်ရှိ အချိန်မှာ သမ္မတ ဦးထင်ကျော်ရဲ့ ကျန်းမာရေး အခြေအနေ က ကောင်းမွန် တယ်လို့ လည်း သူက ဆိုပါတယ်။




