မြန်မာ့အမျိုးသမီးတွေ အိမ်တွင်းအကြမ်းဖက်မှုကို အများဆုံးခံစားရ

အထူးသဖြင့် ဘတ်စကားပေါ်နဲ့ လုပ်ငန်းခွင်အတွင်းမှာ ထိပါး နှောင့်ယှက်မှုတွေခံရတယ်

ဓာတ်ပုံ ရင်းမြစ်, Science Photo Library

ဓာတ်ပုံ ပုံစာ, အထူးသဖြင့် ဘတ်စကားပေါ်နဲ့ လုပ်ငန်းခွင်အတွင်းမှာ ထိပါး နှောင့်ယှက်မှုတွေခံရတယ်

မြန်မာနိုင်ငံမှာ အမျိုးသမီးတွေဟာ အိမ်တွင်းအကြမ်းဖက်မှုကို အများဆုံး ခံစားနေရတယ်လို့ အမျိုးသမီးအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

၂၀၁၇ခုနှစ်က အခရာ အမျိုးသမီးအဖွဲ့ကို အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး တိုင်တဲ့ အမှု ၁၁၇မှုမှာ အိမ်တွင်းအကြမ်းဖက်မှုက ၅၇မှု ရှိတယ်လို့ အခရာ အမျိုးသမီးအဖွဲ့ ဒါရိုက်တာ ဒေါ်ထားထားက ဆိုပါတယ်။

အိမ်တွင်းအကြမ်းဖက်မှုသာမက အမျိုးသမီးတွေဟာ ကာယအိန္ဒြေ ထိပါး နှောင့်ယှက်မှုတွေကို နေ့စဉ် ကြုံတွေ့နေရပြီး အထူးသဖြင့် ဘတ်စကားပေါ်နဲ့ လုပ်ငန်းခွင်အတွင်းမှာ ထိပါး နှောင့်ယှက်မှုတွေခံရတယ်လို့ ဆိုပါတယ်။

အိမ်တွင်းအကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေကို ခိုလှုံစရာနေရာ ဖန်တီးပေးဖို့နဲ့ ပြန်လည် ထူထောင်ပေးဖို့ လိုတယ်လို့ ဒေါ်ထားထားက ဘီဘီစီကို ပြာပါတယ်။

ဒီလို ဖြစ်ပွားရတဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ တရားဥပဒေနဲ့ ကြိုတင် ကာကွယ်ပေးဖို့လိုတယ်လို့ အိမ်မဲမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်သန္တာကဘီဘီစီကို ပြောပါတယ်။

အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတွေက အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု လျော့ကျအောင် လုပ်ဆောင်နေပေမယ့် အပြစ် ကျူးလွန်သူတွေကို ထိထိ ရောက်ရောက် အရေးမယူနိုင်တာကြောင့် အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေတယ်လို့ အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူတွေက သုံးသပ်ပါတယ်။

အိမ်တွင်းအကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေကို ခိုလှုံစရာနေရာ ဖန်တီးပေးဖို့နဲ့ ပြန်လည် ထူထောင်ပေးဖို့ လိုတယ်
ဓာတ်ပုံ ပုံစာ, အိမ်တွင်းအကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေကို ခိုလှုံစရာနေရာ ဖန်တီးပေးဖို့နဲ့ ပြန်လည် ထူထောင်ပေးဖို့ လိုတယ်

မတ်လ ၈ရက်နေ့ကို အမျိုးသမီးအခွင့်အရေးအတွက် လှုပ်ရှားမှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့လို့ သတ်မှတ်ထားခဲ့ပြီး ဒီကနေ့ ကမ္ဘာတဝန်းလုံးမှာရှိတဲ့ အမျိုးသမီးတွေ ရင်ဆိုင်ရတဲ့ အကြမ်းဖက်ခံရမှု တွေနဲ့ အမျိုးသမီးရဲ့ အခွင့်အရေးတွေကို ပြောဆိုဆွေးနွေးကြပါတယ်။

ဒီနှစ်ပိုင်းတွေမှာ တကမ္ဘာလုံးက အမျိုးသမီးတွေဟာ မိမိတို့ရဲ့ အကြမ်းဖက်ခံရမှု အခြေအနေတွေကို ကျယ်ကျယ်လောင်လောင် ပြောဆိုလာကြရာမှာ မြန်မာ နိုင်ငံမှာလည်း အမျိုးသမီးတွေက မိမိတို့ရဲ့ လိင်အကြမ်းဖက်ခံရမှုတွေ အပေါ် ဖော်ထုတ်လာခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်း လောက်က စလို့၊ အမျိုးသမီးတွေ အထူးသဖြင့် အလုပ်ခွင်မှာ လိင်ပိုင်းဆိုင်ရာ စော်ကား အမြတ်ထုတ် ခံနေရတဲ့ ပြဿနာ အပေါ် နိုင်ငံတကာမှာ အာရုံစိုက် မိကြရာကနေ၊ လိင်ပိုင်း စော်ကားကျူးလွန် ခံရသူတွေ အနေနဲ့ မြိုသိပ် မထားတော့ပဲ ကိုယ်စီ ဖွင့်ချ လာခဲ့ကြပါတယ်။

#METOO ဆိုတဲ့ လှုပ်ရှားမှု တွေဟာ၊ အခုဆို လူမှု ကွန်ရက်တွေ ပေါ်မှာ အင်မတန် အရှိန်ရနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images

ဓာတ်ပုံ ပုံစာ, #METOO ဆိုတဲ့ လှုပ်ရှားမှု တွေဟာ၊ အခုဆို လူမှု ကွန်ရက်တွေ ပေါ်မှာ အင်မတန် အရှိန်ရနေပါတယ်။

ဟောလီးဝုဒ် ရုပ်ရှင်ထုတ်လုပ်သူ ဟာဗီဝိန်းစတိန်းနဲ့ အမေရိကန် ဂျွမ်းဘား လက်ရွေးစင် အသင်းက ဆရာဝန်ဟောင်းတို့ရဲ့ လိင်စော်ကားမှုတွေကို ခံစားရတဲ့ အမျိုးသမီးတွေက တညီတညွတ်ထဲ ဖော်ထုတ်ခဲ့ကြပါတယ်။

အဲဒီလို ဖွင့်ချမှုတွေ အပြင်၊ အများသူငါကလည်း သူတို့နဲ့ ထပ်တူ စာနာနားလည်မှု ရှိကြောင်း ၊ သွေးစည်းမှု ရှိကြောင်း ပြတဲ့ #METOO ဆိုတဲ့ လှုပ်ရှားမှု တွေဟာ၊ အခုဆို လူမှု ကွန်ရက်တွေ ပေါ်မှာ အင်မတန် အရှိန်ရနေပါတယ်။