စဝ်ရွှေသိုက် မိသားစု နစ်နာမှု တရားမျှတမှု မရသေး

စော်ဘွားစဝ်ရွှေသိုက်ဟာ ပင်လုံညီလာခံ ၂ ကြိမ်စလုံးကို ဦးဆောင်ခဲ့သူ ဖြစ်တယ်
ဓာတ်ပုံ ပုံစာ, စော်ဘွားစဝ်ရွှေသိုက်ဟာ ပင်လုံညီလာခံ ၂ ကြိမ်စလုံးကို ဦးဆောင်ခဲ့သူ ဖြစ်တယ်

မြန်မာနိုင်ငံရဲ့ ပထမဆုံး သမ္မတ ဖြစ်တဲ့ ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်ကွယ်လွန်သွားတာဟာ နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ၅၅ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ကွယ်လွန်ခြင်း အထိမ်းအမှတ် အောက်မေ့ဖွယ် အခမ်းအနားနဲ့ ရဟန်းသံဃာတော်တွေကို ဆွမ်းဆက်ကပ် လှူဒါန်းမှုကို ညောင်ရွှေဟော်နန်းမှာ ကျင်းပခဲ့ပါတယ်။

ညောင်ရွှေဟော်မှာ ကျင်းပခဲ့တဲ့ စော်ဘွားအောက်မေ့ဘွယ်နဲ့ ဆွမ်းဆက်ကပ် လှူဒါန်းမှု အခမ်းအနားဟာ နှစ်ပေါင်း ၅၀ ကျော်အတွင်း မိသားစုဝင်တွေက ဟော်နန်းပေါ်မှာပထမဆုံး အနေနဲ့ ကျင်းပခွင့်ရတဲ့ အခမ်းအနားလည်း ဖြစ်ပါတယ်။

အန်အယ်လ်ဒီ အစိုးရ လက်ထက်မှာ လွန်ခဲ့တဲ့ ၅၅ နှစ်က စစ်တပ်က သိမ်းထားခဲ့တဲ့ ညောင်ရွှေဟော်မှာ မိသားစုဝင်တွေက အခမ်းအနား ကျင်းပခွင့်ရပေမယ့် အာဏာရှင်ကွယ်လွန်သွားခဲ့တဲ့ ညောင်ရွှေစော်ဘွားနဲ့ ပတ်သက်လို့ နစ်နာမှုတွေကို ကုစားပေးနိုင်တာတော့ မရှိသေးဘူးလို့ ဆိုကြပါတယ်။

စော်ဘွားရဲ့ အောက်မေ့ဖွယ် အခမ်းအနားကို စော်ဘွားရဲ့ သမီးတဦးဖြစ်တဲ့ စဝ်ဟေမာသိုက်က ဦးဆောင်ကျင်းပခဲ့တာဖြစ်ပြီး ရှမ်းပြည်နယ်အစိုးရ တာဝန်ရှိသူအချို့လည်း တက်ရောက်ခဲ့ပါတယ်။

အဲဒီအခမ်းအနားမှာ တက်ရောက်ပြီး တရားတော်တွေဟောကြားပြီး အမျှဝေပေးခဲ့ကြတဲ့ သံဃာတော်တွေကတော့ စော်ဘွားရဲ့ အကြောင်းကဗျာတွေကို ရွတ်ဖတ်ပေးခဲ့ကြပါတယ်။

တောင်တန်းပြည်မ ပူးပေါင်းရေးအတွက် ပင်လုံစာချုပ် လက်မှတ်ရေးထိုးမှုမှာ အဓိကကျတဲ့ ပုဂ္ဂိုလ်ဖြစ်ခဲ့တဲ့ သမ္မတဟောင်း စဝ်ရွှေသိုက်ဟာ ပါလီမန်ခေတ် လူမျိုးစု လွှတ်တော် ဥက္ကဌ အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစပါတယ်။

လွတ်လပ်ရေးရပြီးနောက်ပိုင်း ပင်လုံ ကတိကဝတ်တွေကို အကောင်ထည်ဖော်ဖို့ အခြေခံ ဥပဒေ ပြုပြင်ပြောင်းလဲရေးအတွက် ကြိုးပမ်းရင်း ၁၉၆၂ အာဏာသိမ်းတော့ ဖမ်းဆီးခံရပြီး ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

အာဏာသိမ်းမှုအတွင်း သူ့သားတဦးကလည်း သေဆုံးခဲ့သလို နေထိုင်ခဲ့တဲ့ ဟော်နန်းအပါဝင် နေအိမ်တွေလည်း စစ်အာဏာရှင်တွေရဲ့ သိမ်းဆည်းတာကို ခံခဲ့ရပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံရတုန်း ဘယ်လိုကွယ်လွန်ခဲ့သလဲဆိုတာတော့ ဒီကနေ့ အထိ လူသိရှင်ကြား ထုတ်ပြန်တာ မရှိခဲ့ပါဘူး။

စဝ်ရွှေသိုက် ,ပထမဆုံး သမ္မတ

ဓာတ်ပုံ ရင်းမြစ်, Sao AB

ဓာတ်ပုံ ပုံစာ, ညောင်ရွှေဟော်မှာ ကျင်းပတဲ့ စဝ်ရွှေသိုက် ကွယ်လွန်ခြင်း ၅၅ နှစ်ပြည့် အခမ်းအနား

အခုအချိန်အထိ နစ်နာခဲ့ရတဲ့စော်ဘွားမိသားစုတွေအတွက် အရပ်သားအစိုးရက တရားမျှတမှု လုပ်ဆောင် ပေးနေတာ မတွေ့ရသေးဘူးလို့ ကျွန်းတထောင်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ နန်းဝါနုက ပြောပါတယ်။

ညောင်ရွှေဟော်နန်းကို မိသားစုဝင်တဦးဖြစ်တဲ့ စဝ်ဟေမာသိုက်က ပြန်လည်ထိန်းသိမ်းခွင့်ရဖို့အတွက် တင်ပြတောင်းဆိုတာ တရားဥပဒေအရ ရင်ဆိုင်တာတွေ ရှိခဲ့ပေမယ့် ဒီကနေ့ အထိ ပြန်မရခဲ့တဲ့အပြင် အန်အယ်လ်ဒီ အစိုးရ လက်ထက်မှာ သမ္မတဟောင်း စဝ်ရွှေသိုက်ရဲ့ သားဖြစ်သူ စဝ်ဟန်ယောင်ဝေကို ပြည်ဝင်ခွင့်ဗီဇာကန့်သတ်မှုတွေ လုပ်ခဲ့တယ်လို့ နန်းဝါနုက ထောက်ပြပါတယ်။

လွတ်လပ်ပြီးစ မြန်မာနိုင်ငံအတွက် ပထမဆုံး သမ္မတ ရာထူးကို စဝ်ရွှေသိုက်ကိုပေးဖို့ ဗိုလ်ချုပ်အောင်ဆန်းက အဆိုပြုခဲ့တာဖြစ်ပြီး ရှမ်းပြည်မှာ ကျင်းပခဲ့တဲ့ ပင်လုံညီလာခံ ၂ ကြိမ်စလုံးမှာလည်း စဝ်ရွှေသိုက်က ဦးဆောင်ခဲ့တာဖြစ်ပါတယ်။

ဗိုလ်ချုပ်ရဲ့ သမီးဖြစ်သူ အစိုးရဖြစ်လာတဲ့ အချိန်မှာ ဗိုလ်ချုပ်နဲ့ ပင်လုံလက်မှတ်ထိုးသူတွေ မျှော်လင့်ခဲ့ကြတဲ့ တိုင်းပြည်မျိုးထူထောင်ဖို့အတွက်ဘယ်လောက်နီးစပ်နေသလဲ

ခေတ်အဆက်ဆက် ဖိနှိပ်တာတွေ နှိပ်ကွပ်တာတွေရှိခဲ့တော့ သံသယတွေကျန်နေသေးပြီး အခုအချိန်အထိ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အားလုံးပါဝင်နိုင်ဖို့အတွက် မေးခွန်းတွေရှိနေဆဲဖြစ်ကာ အားလုံး တန်းတူရည်တူရှိတဲ့ နိုင်ငံရေး ဆွေးနွေးမှုတွေ မပေါ်ပေါက်လာရင် ဗိုလ်ချုပ်နဲ့ အတူ ပင်လုံစာချုပ် လက်မှတ်ထိုးခဲ့တဲ့ သူတို့ရဲ့ ဘိုးဘွားတွေ မျှော်မှန်းခဲ့တဲ့ ပြည်ထောင်စုမျိုး ပေါ်ပေါက်ဖို့က မျှော်လင့်နေရတဲ့ အနေအထားပဲ ရှိနေဦးမယ်လို့ ပင်လုံစာချုပ် လက်မှတ်ထိုးခဲ့တဲ့ သာမိုင်းခမ်း စော်ဘွား စဝ်ထွန်းအေးရဲ့ မြေးဖြစ်ပြီး ညောင်ရွှေမှာ အခြေချနေထိုင်တဲ့ စဝ်သာဦးက ဘီဘီစီကို ပြောပါတယ်။

ညောင်ရွှေဟော်မှာ ကျင်းပတဲ့ စဝ်ရွှေသိုက် ကွယ်လွန်ခြင်း ၅၅ နှစ်ပြည့် အခမ်းအနား

ဓာတ်ပုံ ရင်းမြစ်, Wai Yan Htet

ဓာတ်ပုံ ပုံစာ, ညောင်ရွှေဟော်မှာ ကျင်းပတဲ့ စဝ်ရွှေသိုက် ကွယ်လွန်ခြင်း ၅၅ နှစ်ပြည့် အခမ်းအနား

ရှမ်းပြည်က ဒေသအလိုက် စော်ဘွားကြီး ၄ ဦးအနက် ၁ ဦးဖြစ်ခဲ့တဲ့ ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်ဟာ ဒေသတွင်း ဖွံ့ဖြိုးရေးနဲ့ ပညာတတ် လူငယ်တွေ ပေါ်ထွန်းလာရေးတို့အတွက် ငွေကုန်ကြေးကျ အမြောက်အမြားခံကာ စိုက်ထုတ် ဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါတယ်။

စဝ်ရွှေသိုက်ဟာ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးကို အားသွန်ခွန်စိုက်ဆောင်ရွက်တဲ့ စော်ဘွား အနည်းငယ်အနက် တဦးလည်း ဖြစ်တဲ့အတွက် ခေတ်ပြိုင်နိုင်ငံရေးသမားတွေသာမက ဒေသတွင်းက ရှမ်းမဟုတ်တဲ့ အခြား မျိုးနွယ်စုတွေရဲ့ ချစ်ခင်လေးစားမှုကို ခံခဲ့ရသူလည်း ဖြစ်ပါတယ်။