သမ္မတ စဝ်ရွှေသိုက် အောက်မေ့ဖွယ် ကျင်းပ

ဓာတ်ပုံ ရင်းမြစ်, Sao AB
မြန်မာနိုင်ငံရဲ့ ပထမဆုံး သမ္မတ စဝ်ရွှေသိုက် အောက်မေ့ဖွယ်နဲ့ ဆွမ်းဆက်ကပ် လှူဒါန်းမှု အခမ်းအနားကို နှစ်ပေါင်း ၅၀ အတွင်း ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေ ဟော်နန်းပေါ်မှာ ပထမဆုံးအကြိမ် အဖြစ် မိသားစုဝင်တွေ ကျင်းပခွင့်ရခဲ့ပါတယ်။
အောက်တိုဘာ ၂၁ ရက်နေ့ဟာ ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက် ကွယ်လွန်တာ ၅၅ နှစ် ပြည့် သွားပြီ ဖြစ်ပါတယ်။
အခမ်းအနားကို ကြွလာတဲ့ သံဃာတော်တွေထဲက စော်ဘွားအတွက် ကဗျာတွေ ရေးစပ်ထား တယ်လို့ အခမ်းအနား တက်ရောက်ခဲ့တဲ့ စော်ဘွားရဲ့ ဆွေမျိုးတဦးက ပြောပါတယ်။
လွတ်လပ်ရေးအတွက် အရေးပါတဲ့ တောင်တန်းနဲ့ ပြည်မ ပူးပေါင်းဖို့ ပင်လုံစာချုပ် လက်မှတ် ရေးထိုးဖို့ စဝ်ရွှေသိုက်ဟာ အရေးပါတဲ့ နေရာကနေပါဝင်ခဲ့ပါတယ်။
ပါလီမန်ခေတ် လူမျိုးစု လွှတ်တော် ဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Sao AB
လွတ်လပ်ပြီးစ မြန်မာနိုင်ငံအတွက် ပထမဆုံး သမ္မတ ရာထူးကို စဝ်ရွှေသိုက်ကို ပေးဖို့ ဗိုလ်ချုပ် အောင်ဆန်းက အဆိုပြုခဲ့တာဖြစ်ပါတယ်။
လွတ်လပ်ရေးရပြီးတဲ့နောက် ပင်လုံ ကတိကဝတ်တွေကို အကောင်ထည်ဖော်ဖို့ အခြေခံ ဥပဒေ ပြုပြင်ပြောင်းလဲရေးအတွက် ကြိုးပမ်းရင်း ၁၉၆၂ စစ်တပ်က အာဏာသိမ်းရာမှာ ဖမ်းဆီးခံ ခဲ့ရပါတယ်။
နေအိမ်မှာ ဖမ်းဆီးစဉ် ပစ်ခတ်မှုကြောင့် သားတဦး သေဆုံးခဲ့သလို နေထိုင်ခဲ့တဲ့ ဟော်နန်းနဲ့ နေအိမ်တွေကို စစ်အာဏာရှင်တွေက သိမ်းယူခဲ့ပါတယ်။ စဝ်ရွှေသိုက်ဟာလည်း အဖမ်းခံရင်း ကွယ်လွန်သွားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Sao AB
လက်ရှိအချိန်ထိ ဟော်နန်းကို စဝ်ရွှေသိုက်ရဲ့ မိသားစုဝင်တွေကို ပြန်လည် ပေးအပ်ခဲ့ခြင်း မရှိသေးပါဘူး။
စဝ်ရွှေသိုက်ဟာ ဒေသတွင်း ဖွံ့ဖြိုးရေးနဲ့ ပညာတတ် လူငယ်တွေ ပေါ်ထွန်းလာဖို့ ငွေကုန် ကြေးကျ အမြောက်အမြားခံ စိုက်ထုတ်ဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါတယ်။
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အားသွန်ခွန်စိုက်ဆောင်ရွက်တဲ့ စော်ဘွား အနည်းငယ် ရှိတဲ့အထဲမှာ စဝ်ရွှေသိုက်ကို ခေတ်ပြိုင် နိုင်ငံရေးသမားတွေသာမက ဒေသတွင်းက အခြား မျိုးနွယ်စုတွေ ကလည်း ချစ်ခင်လေးစားကြပါတယ်။








