တရုတ်ဆောက်မယ့် ရွှေလီတံတား စီမံကိန်း ကန့်ကွက်

ဓာတ်ပုံ ရင်းမြစ်, Loi Kham Pang
တရုတ်မြန်မာ နယ်စပ် နမ့်ခမ်းမှာ ရွှေလီမြစ်ကူးတံတားသစ်ကို တရုတ်ဘက်က တည်ဆောက်ဖို့ ပြင်ဆင်နေပြီး ဒေသခံတွေကလည်း ကန့်ကွက်မှုတွေ ရှိနေပါတယ်။
စီမံကိန်းကြောင့် ဒေသခံ မိသားစု ၉၀ဝ လောက် နေရပ်ရွှေ့ပြောင်းပေးရမယ့် အရေးကြောင့် ကန့်ကွက်မှုတွေ ရှိနေတာပါ။
နမ့်ခမ်းမြို့နယ်နဲ့ တရုတ် နိုင်ငံဘက်ခြမ်းက နောင်တောင်း ဒေသတို့ကို ဆက်သွယ်ဖို့ တံတား တည်ဆောက်မယ်ဆိုပြီး စီမံကိန်း တည်ဆောက်ခွင့် ရထားတယ်ဆိုတဲ့ တရုတ် ကုမ္ပဏီဘက်က တာဝန်ရှိသူတွေက လွန်ခဲ့တဲ့ ရက်ပိုင်း အတွင်းက နမ့်ခမ်းမြို့နယ် အတွင်းက ကျေးရွာတွေကို လာလေ့လာခဲ့ကြပြီး မကြာခင်မှာပဲ တည်ဆောက်ရေး လုပ်ငန်းစတင်မယ်လို့ ဒေသခံတွေကို ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ ဒေသခံတွေက ကန့်ကွက်ဖို့ ပြင်ဆင်လာတာ ဖြစ်ပါတယ်။
တံတားစီမံကိန်းကြောင့် နေအိမ်တွေ ရွှေ့ပေးရမယ့် မန့်ဟောင်းရွာက ဘုန်းတော်ကြီးကျောင်းမှာ စက်တင်ဘာလ ၂၁ ရက်နေ့က ဒေသခံလူထုတွေ စုဝေးပြီး စီမံကိန်းကို ကန့်ကွက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
တံတားစီမံကိန်းနဲ့ အတူ စိုက်ပျိုး မွေးမြူရေးဇုန် စီမံကိန်း ဆိုတာလည်း ပါဝင်တယ်လို့ ဆိုကြပြီး စီမံကိန်း အကောင်ထည်ဖော်ဖြစ်မယ်ဆိုရင် မန့်ဟောင်း ၊ နောင်းဝိမ်း ၊ နောင်ခမ်း စတဲ့ ရွာသုံးရွာက အိမ်တွေ ဖယ်ပေးရမှာ ဖြစ်ပြီး ဒေသခံတွေရဲ့ ထောင်နဲ့ချီတဲ့ လယ်မြေတွေလည်း ဆုံးရှုံးဖွယ်ရှိနေတာပါ။
စီမံကိန်းနဲ့ပတ်သက်လို့ အစိုးရ ဘက်က ဒေသခံတွေကို ဘာမှ ကြိုတင်ညှိနှိုင်း ပြောဆိုထားတာ မရှိတာကြောင့် ရွာသားတွေ စုရုံးပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတာဝန်ရှိသူတွေ တွေ့ဆုံဖို့ ကြိုးစားနေကြပေမယ့် စက်တင်ဘာလ ၂၅ ရက်နေ့ အထိတော့ တွေ့ဆုံခွင့်မရသေးပါဘူး။ ရွာသားတွေကတော့ တဆင့်ပြီးတဆင့် ကန့်ကွက်ဖို့ ပြင်ဆင်နေကြတာပါ။
နမ့်ခမ်းဒေသက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးညီစိန်ကတော့ လွန်ခဲ့တဲ့ တနှစ်ခွဲလောက်ကလည်း အခုလို တံတားဆောက်မဲ့ အသံတွေထွက်လာခဲ့ဖူးပြီး ဒေသခံတွေဘက်က ကန့်ကွက်တာတွေ ရှိလာတာကြောင့် ပြန်လည် ငြိမ်သက်သွားခဲ့ပြီး အခုမှ သတင်းပြန်ထွက်လာတာလို့ ဘီဘီစီကို ပြောပါတယ်။
ရှမ်းပြည်နယ်အစိုးရ ပြောခွင့်ရ ဦးစိုးညွန့်လွင်ကတော့ မူဆယ်-ရွှေလီအပိုင်း အပါအဝင် ရှမ်းမြောက်နဲ့ တရုတ်နယ်စပ်မှာ တရုတ်နဲ့မြန်မာအကြား ကုန်သွယ်ရေးဇုန် အပါဝင် စီမံကိန်းတချို့အကောင်ထည်ဖော်ဖို့ သဘောတူ ထားပြီး အခု နမ့်ခမ်းတံတားစီမံကိန်းနဲ့ ပတ်သက်မှု ရှိမရှိဆိုတာ ပြည်နယ်အဆင့်က မသိရှိကြောင်း ဘီဘီစီကို ပြောပါတယ်။
နမ့်ခမ်းမြို့ရဲ့ ရွှေလီမြစ်တဘက်ကမ်းမှာရှိတဲ့ နောင်တောင်းမြို့မှာတော့ တရုတ်မြန်မာမဟာဗျူဟာလမ်းကြောင်း ( ပိုးလမ်းမခါးပတ် အတွက် ) ၆ လမ်းသွားလမ်းတွေ ဖောက်လုပ် ပြီးစီးနေပြီဖြစ်ပါတယ်။ တရုတ်-မြန်မာ နယ်စပ်အရေး လေ့လာသူတွေကတော့ နမ့်ခမ်းမြို့ဟာ တရုတ်မြန်မာ မဟာဗျူဟာ လမ်းကြောင်းပေါ်မှာ ကျရောက်နေတဲ့ မြို့ဖြစ်တယ်လို့ ပြောကြပါတယ်။








