ရခိုင် အကြံပေးကော်မရှင်နဲ့ တပ်မတော် အကြီးအကဲတွေ၊ ဝန်ကြီးတွေ တွေ့မယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင် အဖွဲ့ဝင်တွေနဲ့ ပြည်ထောင်စု အစိုးရ ဝန်ကြီးတွေ၊ တပ်မတော် ခေါင်းဆောင်ပိုင်းတွေ ဒီကနေ့ မေလ ၁၅ရက်နေ့မှာ နေပြည်တော်မှာ တွေ့ဆုံမှာ ဖြစ်ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်းကိုဖီ အာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင်ရဲ့ မတ်လ ၁၆ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ကြားဖြတ်အစီရင်ခံစာအပေါ် အစိုးရ ဝန်ကြီးတွေနဲ့ တပ်မတော် ခေါင်းဆောင်ပိုင်းတွေရဲ့ ရှုမြင်သုံးသပ်ချက်တွေ၊ အကြံပြုချက်တွေကို ဆွေးနွေးဖို့ ရှိတယ်လို့ ကော်မရှင် အဖွဲ့ဝင် ဒေါ်စောခင်တင့်က ဘီဘီစီကို ပြောပါတယ်။
ရခိုင်အရေးနဲ့ ပတ်သက်လို့ ဒေသခံ အဖွဲ့အစည်းပေါင်း ၁၂၀ကျော်နဲ့ တွေ့ဆုံခဲ့ပြီး ဖြစ်တယ်လို့ သူက ပြောပါတယ်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ဟာ လာမယ့် သြဂုတ်လမှာ သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး အဲဒီ မတိုင်ခင် အပြီးသတ် အစီရင်ခံစာ ထုတ်ပြန်ဖို့ ရှိပါတယ်။
အခု ရရှိတဲ့ အကြံဉာဏ်တွေကို အဲဒီ အပြီးသတ် အစီရင်ခံစာမှာ ထည့်သွင်းသွားမှာ ဖြစ်ပါတယ်။




