ရခိုင်မှာ မွတ်ဆလင်လှုပ်ရှားမှု အသစ်ပေါ်နိုင်လို့ ICG သတိပေး

Myanmar soldiers are putting out a fire in Wapeik village located in Maungdaw on November 13, after attackers allegedly set fire to 80 houses.

ဓာတ်ပုံ ရင်းမြစ်, AFP/ Getty Images

ဓာတ်ပုံ ပုံစာ, အောက်တိုဘာလက နယ်ခြားစောင့်တပ်တွေကို တိုက်ခိုက်မှု ဖြစ်အပြီး မီးရှို့မှုတွေလည်း ရှိခဲ့

အောက်တိုဘာလ ၉ ရက်နေ့က မောင်တော တိုက်ခိုက်မှုကို Harakah al Yaqin ဆိုတဲ့ ဆော်ဒီ အာရေဗျမှာ သွားရောက် နေထိုင် ကြတဲ့ ရိုဟင်ဂျာ အဖွဲ့က ဦးဆောင် လုပ်ခဲ့တာလို့ နိုင်ငံတကာ ပဋိပက္ခ လေ့လာရေး အဖွဲ့ ICG ရဲ့ အစီရင် ခံစာမှာ ဖော်ပြထား ပါတယ်။

တိုက်ခိုက်မှုကို ဦးဆောင်တဲ့ ရိုဟင်ဂျာတွေက ခေတ်မီ ပြောက်ကျား စနစ် တိုက်ခိုက်ရေး အတွေ့အကြုံ ရှိသူတွေ ဖြစ်တယ်လို့လည်း ICG က ဆိုပါတယ်။

"ရခိုင် ပြည်နယ်တွင်း အသစ် ပေါ်ထွန်းလာမယ့် မွတ်ဆလင် သူပုန် လှုပ်ရှားမှု" လို့ ခေါင်းစဉ် တပ်ထားတဲ့ အစီရင်ခံစာကို ICG ရဲ့ သုတေသန တွေ့ရှိချက်တွေ၊ အလားတူ တိုက်ခိုက်မှုမျိုး လုပ်ဆောင်ခဲ့သူတွေကို မေးမြန်းပြီး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၂ က ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ နောက်ပိုင်း Harakah al Yaqin အဖွဲ့ကို ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး အဲဒီ အဖွဲ့ဟာ လူမျိုးစုကို အခြေခံတဲ့ အဖွဲ့ဖြစ်ကြောင်း၊ ဒါပေမဲ့ အဖွဲ့ ခေါင်းဆောင်တွေက နာဂလန်းနဲ့ မဒီနာမှာ နေထိုင်ပြီး အစ္စလာမ် အစွန်းရောက် အဖွဲ့တွေနဲ့ ဆက်နွယ်မှု ရှိတာကို လေ့လာ တွေ့ရှိခဲ့တယ်လို့ ICG က ဆိုပါတယ်။

အခု လက်နက်ကိုင် တိုက်ခိုက်မှုတွေဟာ RSO ရိုဟင်ဂျာ သွေးစည်း ညီညွတ်ရေး အဖွဲ့ ထူထောင် ခဲ့ပြီးနောက်မှာ ဒုတိယ အဆင့် လှုပ်ရှားမှု အဖြစ် တွေ့လာ ရတာ လို့လည်း ICG ရဲ့ အာရှ အစီအစဉ်ဆိုင်ရာ ဒါရိုက်တာ Tim Johnston က ဘီဘီစီကို ပြောပါတယ်။

ရိုဟင်ဂျာတွေ ကြားမှာ အရင်က မမြင်ဖူးခဲ့တဲ့ စည်းရုံး လှုပ်ရှားမှု၊ ငွေကြေး ထောက်ပံ့မှု၊ နည်းပညာ အသုံးပြုမှုနဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်လိုတဲ့ ဆန္ဒတွေ တွေ့လာရတယ်လို့ သူက ပြောပါတယ်။

ICG ရဲ့ လေ့လာချက်အရ မွတ်ဆလင် သူပုန် လှုပ်ရှားမှုကို ရေရှည်လုပ် နိုင်အောင် စနစ်တကျ တည်ဆောက်ထားတာ တွေ့ရတယ်လို့လည်း Tim Johnston က ပြောပါတယ်။

Harakah al Yaqin အဖွဲ့က ဗုဒ္ဓဘာသာတွေကို ပစ်မှတ်ထား တိုက်ခိုက်တာ မတွေ့ရပေမဲ့ ရခိုင်ပြည်နယ်မှာ မတည်မငြိမ် ဖြစ်နေမှုကို အမြတ်ထုတ်ပြီး IS လို ဘိုကိုဟာရမ်လို အဖွဲ့တွေက ဝင်စည်းရုံးလာနိုင်တယ်လို့လည်း သူက ပြောပါတယ်။

အဲဒီ အဖွဲ့တွေက မြန်မာ နိုင်ငံထဲ အထိ စိမ့်ဝင် စည်းရုံးနိုင်တဲ့ လက္ခဏာ မရှိသေးပေမဲ့ ရခိုင်ပြည်နယ် ပဋိပက္ခကို တည်ငြိမ်အောင် မလုပ်နိုင်ရင် သူတို့က ရခိုင်ဘက်ကို အာရုံစိုက် လာနိုင်တယ်လို့ လည်း Tim Johnston က သတိပေးထား ပါတယ်။

ရခိုင် အရေးမှာ ရခိုင်တိုင်းရင်းသား တွေရဲ့ စိုးရိမ်မှုတွေကိုရော ရိုဟင်ဂျာတွေရဲ့ နစ်နာမှု တွေကိုပါ ကိုင်တွယ် ဖြေရှင်းဖို့ လိုတယ်လို့လည်း ICG က မြန်မာ အစိုးရကို တိုက်တွန်းပါတယ်။

ဒီအသိုင်းအဝိုင်း နှစ်ခုကို စေ့စပ်ဖို့ အလွယ်တကူ မဖြစ်နိုင်ပေမဲ့ ရေရှည်အတွက် စဉ်းစားပြီး စေ့စပ်နိုင်အောင် ကြိုးစား သင့်တယ်လို့လည်း Tim Johnston က ပြောပါတယ်။

လုံခြုံရေး လိုအပ်ချက်ကို စစ်ရေးနည်းနဲ့ ကိုင်တွယ်တာ မှန်ပေမဲ့ ရခိုင် တိုင်းရင်းသား တွေရဲ့ အမျက် ဒေါသနဲ့ စိုးရိမ်မှု တွေကိုတော့ နိုင်ငံရေး နည်းနဲ့သာ ဖြေရှင်း နိုင်လိမ့် မယ်လို့ သူက အကြံပြုပါတယ်။

တခါ ရခိုင်ပြည်နယ် ပြဿနာ အဖြေရှာနိုင် ဖို့က လည်းဗုဒ္ဓဘာသာ ရခိုင်တွေရဲ့ခံစားချက်တွေကို ထည့်သွင်း စဉ်းစားဖို့လိုတယ်၊ ရိုဟင်ဂျာတွေက သူတို့ကို ခြိမ်းခြောက် နေတာ မဟုတ်ကြောင်း နားလည် လက်ခံလာအောင် ကြိုးစား သင့်တယ် လို့လည်း Tim Johnston က ပြောပါတယ်။

ဒီလို နားလည်မှု တည်ဆောက်ဖို့ မလွယ်ပေမဲ့ ရခိုင် ဗုဒ္ဓဘာသာဝင်တွေ ယုံကြည် လက်ခံ လာအောင် နိုင်ငံရေး မြေပုံ တစ်ခု ချမှတ် အကောင်အထည် ဖော်ဖို့ လိုတယ် လို့လည်း သူက ပြောပါတယ်။