ကားဗုံးကြောင့်သေဆုံးတဲ့ တာလီဘန်အရာရှိစျာပနမှာ ထပ်ဖောက်ခွဲခံရလို့ လူအများအပြားသေဆုံး - ဇွန်လ ၈ ရက်ညနေခင်း နိုင်ငံတကာသတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အာဖဂန်နစ္စတန်မှာမြောက်ပိုင်း ဘါ့ခ်ဒါရှန်ပြည်နယ်က ဗလီတခုမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။
အခုသီတင်းပတ်အစောပိုင်းတုန်းက ထိပ်တန်းတာလီဘန်အရာရှိတယောက်ကားဗုံးကွဲမှုမှာ သေဆုံးခဲ့ပြီးတဲ့နောက် သူ့စျာပနအတွက် ဝတ်ပြုဆုတောင်းစဉ် ပေါက်ကွဲမှု ပေါ်ပေါက်ခဲ့တာပါ။
ဖိုင်ဇာဘက်ဒ်မြို့က ပေါက်ကွဲမှုမှာ အနည်းဆုံး လူ ၁၁ ယောက် သေဆုံးခဲ့ပြီး အယောက် ၃၀ ကျော် ဒဏ်ရာရသွားခဲ့တယ်လို့ သတင်းရင်းမြစ်တခုက ဘီဘီစီကို ပြောပါတယ်။
သေဆုံးသူတွေထဲ အနားက ပြည်နယ်က ထိပ်တန်း ရဲအရာရှိဟောင်း တယောက်လည်း ပါဝင်ပါတယ်။
သူ့ကို ပစ်မှတ်ထား တိုက်ခိုက်ခံရလို့ ပေါက်ကွဲမှု ဖြစ်တာလို့လည်း ပြောနေကြပါတယ်။
ပြင်သစ်နေ့ကလေးထိန်းကျောင်းကို ဓားသမား ၀င်တိုက်ခိုက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပြင်သစ်နိုင်ငံ အာနေဆေးမြို့က ကလေးထိန်းကျောင်းမှာ လူတယောက်က ဓားကိုင် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါတယ်။
အခင်းဖြစ်ပွားမှုကြောင့် လူ ၄ ယောက် ဆေးရုံတင်ထားရပြီး သူတို့ထဲက ၂ ယောက်က စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။
ဓားနဲ့ တိုက်ခိုက်ခဲ့သူဟာ ဆွီဒင်မှာ ဒုက္ခသည် အဖြစ်နဲ့ နေတဲ့ ဆီးရီးယား အမျိုးသားတယောက် ဖြစ်တယ်လို့ ရဲက ပြောပါတယ်။
ဒီဖြစ်ရပ်ဟာ အကြမ်းဖက်မှုနဲ့ ဆက်စပ်မှု ရှိတာ မတွေ့ရသေးဘူးလို့ ဆိုပါတယ်။
အသက် ၃ နှစ်နဲ့ အောက် ကလေးတွေ ၊ လက်တွန်းလှည်းနဲ့သူ တချို့အပါအဝင် ကလေးတွေ အားလုံး ပန်းခြံ ကစားကွင်းထဲ ဆင်းတဲ့အချိန် ဖြစ်ခဲ့တာပါ။
ဓားကိုင်သောင်းကျန်းသူဟာ သူ့ကို ရဲကမဖမ်းခင် အနားက ဖြတ်လျှောက်သွားတဲ့ သက်ကြီး အမျိုးသားတယောက်ကိုလည်း ဓါးနဲ့ထိုးခဲ့သေးတယ်လို့ ဆိုပါတယ်။
ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်းကတော့ ဒီသတင်းကြောင့် တနိုင်ငံလုံး တုန်လှုပ်ခဲ့ရပြီး လုံးဝ သူရဲဘောကြောင်တဲ့ လုပ်ရပ်လို့ ပြောကြားခဲ့ပါတယ်။
စင်္ကာပူက မလေးရှားကို တောင်းပန်ရတာ ဘာကြောင့်လဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
မလေးရှား လေကြောင်းလိုင်းက လေယာဉ်တစင်း ပျောက်သွားခဲ့ပြီး ပြန်ရှာမတွေ့တဲ့ အကြောင်း လူရွှင်တော်တယောက်က ရယ်စရာလုပ်ပြောခဲ့ပြီးတဲ့နောက် စင်ကာပူက မလေးရှားကို တောင်းပန်လိုက်ပါတယ်။
ဂျိုးစလင်းချီးယာ ရဲ့ ပြတ်လုံးကို စင်ကာပူနိုင်ငံခြားရေး ၀န်ကြီး ဗီဗီယန် ဘလာခရစ်ရှ်နန်က မတော်တရော်ပြက်လုံး ၊ ဆိုးရွှားလှတယ်လို့ မှတ်ချက်ပြုခဲ့တာပါ။
စင်္ကာပူမှာမွေးဖွားခဲ့သူ လူရွှင်တော် အမျိုးသမီးက နယူးယောက်မြို့က ဖျော်ဖြေပွဲတခုမှာ စင်္ကာပူနဲ့ မလေးရှား အပြိုင်အဆိုင် ဖြစ်နေမှုကို ပြောခဲ့တာ ဖြစ်ပါတယ်။
ဒီပြတ်လုံးကို အွန်လိုင်းပေါ်တင်ခဲ့ပြီးနောက် လူတွေက အကြီးအကျယ် တုံ့ပြန်ခဲ့ကြပါတယ်။
၂၀၁၄ တုန်းက မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကနေ ဘေဂျင်းကို သွားတဲ့ MH370 လေယာဉ်ပျောက်ဆုံးနေပြီး လိုက်ပါလာသူ အယောက် ၂၄ဝ ရဲ့ အစအနလည်း ရှာမရ ဖြစ်နေတာ နှစ်အတန်ကြာပြီ ဖြစ်ပါတယ်။
တရုတ်မှာ လူ့အခွင့်အရေး ရှေ့နေကို ထောင် ၃ နှစ်ခွဲချ

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်နိုင်ငံမှာ လူ့အခွင့်အရေး ရှေ့နေတယောက် ထောင် ၃ နှစ်ခွဲ ချခံခဲ့ရပါတယ်။
တံခါးပိတ် တရားစီရင်ခံခဲ့ရပြီး တနှစ်နီးပါး အကြာမှာ အခုလို အမိန့်ချလိုက်တာပါ။
ချန်ဝေပင်းဟာ ကနဦး ထိန်းသိမ်းခံရမှုအတွင်း နှိပ်စက်ခံခဲ့ရတာကို လူသိရှင်ကြား ပြောကြားခဲ့ပြီးနောက် တိုင်းပြည်သစ္စာဖောက်မှုနဲ့ တရားစွဲခံခဲ့ရတာ ဖြစ်ပါတယ်။
မစ္စတာချန်ဟာ တရုတ်နိုင်ငံမှာ အခုနောက်ဆုံး ထောင်ချခံရတဲ့ လူ့အခွင့်အရေး ရှေ့နေဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၄ နှစ်လောက်တုန်းက ရှောင်မိန်းမြို့မှာ လူသိထင်ရှား လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ တွေ့ဆုံပွဲမှာ ပါဝင်ခဲ့လို့ အခုနောက်ဆုံး ထောင်ချခံရသူလည်း ဖြစ်ပါတယ်။
ကွန်ပြူတာ မိုက်ခရိုချစ်ပ် လောကမှာ ပြိုင်ဆိုင်မှုပြင်းထန်နေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကမ္ဘာတလွှားမှာ ဆီမီးကွန်ဒတ်တာ လုပ်ငန်းဟာ ပြိုင်ဆိုင်မှု ပြင်းထန်နေပြီး စစ်ဖြစ်နေသလိုပဲလို့ တောင်ကိုရီးယား သမ္မတက ပြောကြားလိုက်ပါတယ်။
အီလက်ထရောနစ် ပစ္စည်းတွေအတွက် မရှိမဖြစ် အရေးပါတဲ့ ကွန်ပြူတာချစ်ပ် ထုတ်လုပ်ရေးမှာ တောင်ကိုရီးယားက ထိပ်တန်းနေရာမှာ ရှိနေတဲ့ အနေအထားကို ထိန်းထားနိုင်ဖို့ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ယွန်းဆွတ်ယိုးက ကတိပေးလိုက်ပါတယ်။
အမေရိကန်နဲ့ တရုတ် ကြားပြိုင်ဆိုင်မှုက ဆီမီကွန်ဒတ်တာ လောကမှာ အပြိုင်အဆိုင်ပိုကြီးထွားလာစေတာပါ။
သူတို့နှစ်နိုင်ငံကလည်း ဆီမီကွန်ဒတ်တာ ထုပ်လုပ်မှုတိုးတက်လာအောင် ကြိုးစားနေကြပြီး ဒါဟာကမ္ဘာတလွှား မိုက်ခရိုချစ်ပ်စ် ထုတ်လုပ်မှုကို အဟန့်အတားတွေ ပေါ်ပေါက်စေတာ ဖြစ်ပါတယ်။
တောင်ကိုရီးယားရဲ့ ထုတ်ကုန်တွေထဲက ငါးပုံတပုံဟာ ဆီမီကွန်ဒက်တာတွေ ဖြစ်ပြီး ဆမ်ဆောင်းဟာ စျေးကွက်မှာ ထိပ်ဆုံးက ရှိနေသူ ဖြစ်ပါတယ်။








