ပုပ်ရဟန်းမင်းကြီးအကြံပေးဟောင်း ရဟန်းအမတ် ငွေကြေးရာဇဝတ်မှုတွေနဲ့ ထောင်ဒဏ်ချမှတ်ခံရ

ကာဒီနယ် ဘတ်ချူးကတော့ သူ့အပေါ် အမိန့်ချမှတ်မှုကို အယူခံဝင်ဖို့ ရှိပါတယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကာဒီနယ် ဘတ်ချူးကတော့ သူ့အပေါ် အမိန့်ချမှတ်မှုကို အယူခံဝင်ဖို့ ရှိပါတယ်

ပုပ်ရဟန်းမင်းကြီးရဲ့အကြံပေးဟောင်းဖြစ်သူ အီတလီ ရဟန်းအမတ် ဂျဗာနီ အန်ဂျလို ဘတ်ချူးကို ငွေကြေးဆိုင်ရာရာဇဝတ်မှုတွေနဲ့ ဗာတီကန်မှာရှိတဲ့တရားရုံးတစ်ရုံးက ထောင်ဒဏ် ၅ နှစ်ခွဲ ချမှတ်လိုက်ပါတယ်။

အသက် ၇၅ နှစ်အရွယ် ဘုန်းတော်ကြီး ဘတ်ချူးဟာ အခုလိုတရားရင်ဆိုင်ရတဲ့ ဗာတီကန်အရာရှိတွေထဲ ရာထူးအကြီးဆုံးအရာရှိဖြစ်ပြီး ပုပ်ရဟန်းမင်းကြီးလောင်းလျာအဖြစ်လည်း ရှုမြင်ခံခဲ့ရသူဖြစ်ပါတယ်။

ကြားနာမှုကတော့ ကတ်သလစ်ကျောင်းတော်ကို ဆုံးရှုံးမှုကြီးမားစေမှုနဲ့အဆုံးသတ်ခဲ့တဲ့ လန်ဒန်က အိမ်ခြံမြေအရောင်းအဝယ်ကိစ္စဖြစ်ပါတယ်။

ဘုန်းတော်ကြီးကတော့ သူ့ရာထူးဌာနကို အသုံးချခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အလွဲသုံးမှုစွပ်စွဲချက်ကို ငြင်းဆိုပါတယ်။

ရဟန်းအမတ် ဘတ်ချူးရဲ့ ရှေ့နေကတော့ သူ့အမှုသည်ဟာ အပြစ်ကင်းတဲ့အကြောင်းပြောပြီး အယူခံဝင်သွားမယ်လို့ဆိုပါတယ်။

ဒါပေမဲ့ ဘုန်းတော်ကြီးဟာ နောက်ထပ် တရားခံ ၉ ဦးနဲ့အတူ အမှုတွေကို တရားရင်ဆိုင်နေရတာဖြစ်ပါတယ်။ အဲဒီအမှုတွေအတွက်တော့ အချို့အမှုတွေမှာ အပြစ်ရှိကြောင်း ဆုံးဖြတ်တာခံထားရပြီး အချို့အမှုတွေမှာတော့ အပြစ်မရှိတဲ့အကြောင်း ဆုံးဖြတ်ခံထားရပါတယ်။

အခုကြားနာမှုဟာ ၂ နှစ်ခွဲနီးပါးကြာမြင့်ခဲ့ပြီး ဗာတီကန်က ရာထူးကြီး ဘုန်းတော်ကြီးတွေကြားထဲ အချင်းချင်း သူ့ထက်ငါ အနိုင်ရရေးကြိုးပမ်းကြမှုနဲ့ ကျိတ်ကြံကြမှုတွေကို ထင်ဟပ် မြင်သာမှုဖြစ်စေခဲ့ပါတယ်။

တရားရုံးဆုံးဖြတ်ချက်ချဖို့ တရားသူကြီး ၃ ဦးဟာ အချိန် ၅ နာရီကျော်ကြာအောင် ယူခဲ့အပြီးမှာတော့ တရားခွင် တရားသူကြီး ဂျူဆက်ပေ ပင်နတုန်းက ရဟန်းအမတ် ကာဒီနယ် ဘတ်ချူးမှာ အလွဲသုံးမှုနဲ့အပြစ်ရှိတယ်လို့ အမိန့်ချခဲ့တာဖြစ်ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

နောက်ထပ် ငွေရှင်ကြေးရှင်တွေ၊ ရှေ့နေတွေနဲ့ ဗာတီကန်ဝန်ထမ်းဟောင်းတွေလည်း လိမ်လည်မှု၊ ငွေကြေးခဝါချမှု၊ ရုံးဌာနကိုအလွဲသုံးမှုစတဲ့ ရာဇဝတ်မှုတွေနဲ့ စွပ်စွဲခံထားရပါတယ်။ သူတို့အားလုံးကတော့ အမှားအယွင်းတစုံတရာ မလုပ်ထားတဲ့အကြောင်း ငြင်းဆိုထားကြပါတယ်။

ကာနီဒယ်ရဲ့ ရှေ့နေကတော့ ‘‘ကာဒီနယ် ဘတ်ချူးမှာ အပြစ်မရှိကြောင်း ကျွန်တော်တို့ အခိုင်အမာပြောလိုတယ်။ ဒီ့အတွက်လည်း အယူခံဝင်သွားမယ်’’ လို့ တရားရုံးဆုံးဖြတ်ချက်အပြီးမှာ ပြောပါတယ်။ ‘‘တရားရုံးဆုံးဖြတ်ချက်ကို လေးစားပါတယ်။ ဒါပေမဲ့ အယူခံဝင်တာကိုတော့ လုံးဝ ဆက်လုပ်သွားမယ်’’

အခုအမှုဟာ ရဟန်းအမတ် ကာဒီနယ် ဘုန်းတော်ကြီးတစ်ပါးက ဗာတီကန် တရားရုံးရှေ့မှောက်ကို ပထမဆုံး လာရောက်ရတဲ့အမှုဖြစ်လာပြီး ကျိတ်ကြံကြမှုတွေ၊ မသမာမှုတွေရဲ့ အရင်းခံလည်းဖြစ်ခဲ့ပါတယ်။ ဗာတီကန်ထိပ်ပိုင်းမှာ ဘဏ္ဍာရေးဆိုင်ရာ မလျော်ကန်မှုတွေရှိတယ်ဆိုတဲ့စွပ်စွဲချက်တွေလည်း ပါဝင်ပြီး လျှို့ဝှက်လွန်းလှတယ်လို့ မကြာခဏရည်ညွန်း ပုံဖော်ခံရတဲ့ ပုပ်ရဟန်းမင်းကြီးရဲ့နန်းတော်(Holy See) ထဲက စုံထောက်ဆန်ဆန် လျှို့ဝှက်သည်းဖိုအမှုမျိုးလည်းဖြစ်ပါတယ်။

ဒီအမှုရဲ့အရင်းခံနေရာဟာ ဗာတီကန် နန်းတော်လည်းမဟုတ်၊ ရောမလည်းမဟုတ်ဘဲ အဲဒီနေရာတွေနဲ့ ကီလိုမီတာ တစ်ထောင်နီးပါးအကွာ လန်ဒန်မြို့က ဇိမ်ခံကုန်တိုက်ကြီး ဟားရော့ဒ်စ်က ပိုင်ဆိုင်တဲ့ ဂိုထောင်ဟောင်း ရှေးအဆောက်အအုံနဲ့ ပတ်သက်ဆက်နွယ်နေပါတယ်။

ကာဒီနယ် ဘတ်ချူးကို ရဟန်းအမတ်ဖြစ် ပုပ်ရဟန်းမင်းကြီးက ၂၀၁၈ ခုနှစ်မှာ ခန့်အပ်ခဲ့ပြီး သူဟာ ပုပ်ရဟန်းမင်းကြီးရဲ့ နီးကပ်တဲ့အကြံပေးလည်းဖြစ်ခဲ့ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကာဒီနယ် ဘတ်ချူးကို ရဟန်းအမတ်ဖြစ် ပုပ်ရဟန်းမင်းကြီးက ၂၀၁၈ ခုနှစ်မှာ ခန့်အပ်ခဲ့ပြီး သူဟာ ပုပ်ရဟန်းမင်းကြီးရဲ့ နီးကပ်တဲ့အကြံပေးလည်းဖြစ်ခဲ့ပါတယ်

ဇိမ်ခံကုန်တိုက်အဖြစ်ကို ပြောင်းလဲဖို့စီစဥ်ထားတဲ့ အဲဒီအဆောက်အအုံကို ပိုင်ဆိုင်မှု ၄၅ ရာခိုင်နှုန်းဝယ်ယူဖို့ ၂၀၁၄ ခုနှစ်မှာ ဗာတီကန်နန်းတော်ဟာ ယူရိုငွေ သန်း ၂၀၀ ကျော်သုံးခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်ရောက်တဲ့အခါမှာတော့ ဗာတီကန်နန်တော်အတွင်းဝန်ရုံးက အဲဒီအဆောက်အအုံကို အလုံးစုံဝယ်ယူဖို့ ဆုံးဖြတ်ခဲ့တော့ ဝယ်ယူမှုထဲကို နောက်ထပ် ယူရို သန်း ၁၅၀ ထပ်ထည့်ခဲ့ပါတယ်။ ဒီသဘောတူညီချက်ကို လက်မှတ်ထိုးအတည်ပြုပေးတယ်ခဲ့တယ်လို့ဆိုသူက အဲဒီအချိန်တုန်းက ပုပ်ရဟန်းမင်းကြီးကိုယ်စား ကိစ္စရေးရာအဝဝကို ကိုင်တွယ်ဖြေရှင်းပေးခဲ့သူဖြစ်တဲ့ ရဟန်းအမတ် ဘတ်ချူးလို့ စွပ်စွဲခံရပါတယ်။

အဲဒီပိုက်ဆံတွေထဲမှာ အလှူအတန်းကိစ္စတွေအတွက်အသုံးပြုဖို့ တစ်စိတ်တစ်ပိုင်းရည်ရွယ်ထားတဲ့ ပိုက်ဆံတွေပါသွားပြီး အဲဒီငွေတွေဟာ အခုဝယ်ယူမှုကို စည်းဝါးကိုက်အောင်လုပ်ခဲ့တဲ့ လန်ဒန်အခြေစိုက် အီတလီငွေကြေးရှင် ရာဖဲအေ့လေး မင်ချော့နေး စီမံမှုအောက်က ရန်ပုံငွေတွေထဲ ရောက်ခဲ့ပါတယ်။

အတွင်းဝန်ရုံးက ဗာတီကန်ပိုင်ဆိုင်တဲ့ဘဏ်ထဲကနေ ငွေကြေးအကူအညီရဖို့ နောက်ပိုင်းမှာ ကြိုးပမ်းခဲ့တာကြောင့် ဒီငွေကြေးအရေးဟာ စိုးရိမ်မှု မြင့်တက်စေလာရတဲ့အကြောင်းရင်းဖြစ်ခဲ့ပြီး ဗာတီကန်ရဲတပ်ဖွဲ့က ရဟန်းအမတ် ဘတ်ချူး၊ မင်ချော့နေးနဲ့ နောက်ထပ် ၈ ဦးအပေါ် တရားစွဲဆိုမှုနဲ့ စီးနင်းရှာဖွေမှုတွေ ဦးတည်စေခဲ့ပါတယ်။

ဒါပေမဲ့ ဘုန်းတော်ကြီးရဲ့ငွေရေးကြေးရေးကိစ္စတွေကို စုံစမ်းမှုဟာ လန်ဒန်က အဲဒီအဆောက်အအုံ ဝယ်ယူမှု သဘောတူညီချက်နဲ့တင် ရပ်မနေခဲ့ပါဘူး။

ဘုန်းတော်ကြီးဟာ သူ့ရဲ့ဂိုဏ်းအုပ်နယ် ဆာဒီးနီးယားဆီ ငွေတွေ စုပြုံရောက်အောင်လုပ်ခဲ့တယ်လို့ စွပ်စွဲခံရပြီး အဲဒီငွေတွေကို သူ့မိသားစုက ခံစားခွင့်ရစေခဲ့တယ်လို့ သတင်းတွေက ဖော်ပြတာတွေ ရှိခဲ့ပါတယ်။ ဒါ့အပြင် မာလီမှာ ပြန်ပေးဆွဲခံရတဲ့ သီလရှင်တစ်ဦးကို လွတ်မြောက်ရေးကူညီဖို့ဆိုပြီး နောက်ထပ် စွပ်စွဲခံတစ်ဦးဖြစ်တဲ့ စီစီလီယာ မိုဂိုနာကို ယူရိုငွေ ၆ သိန်းနီးပါးလွှဲပေး ပေးခဲ့တယ်လို့လည်း ဘုန်းတော်ကြီး စွပ်စွဲခံရပါတယ်။ အဲဒီအစား မိုဂိုနာဟာ အားလပ်ရက်တွေနဲ့ ဇိမ်ခံပစ္စည်းတွေမှာ ငွေကြေးအများကြီးသုံးစွဲခဲ့တယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။ မိုဂိုနာဟာ ထောက်လှမ်းရေး ဆိုင်ရာကျွမ်းကျင်သူအဖြစ် ဗာတီကန်အတွက် အမှုတော်ထမ်းနေသူဖြစ်ပြီး ဘတ်ချူးနေထိုင်ရာနေရာကို အခေါက်ရေတော်တော်များများ သွားရောက် လည်ပတ်ခဲ့ပါတယ်။ ချစ်ကြိုးနှောင်တွယ်နေကြပြီဆိုတဲ့စွပ်စွဲချက်ကို‌တော့ သူတို့ နှစ်ဦးစလုံးက ငြင်းဆိုထားပါတယ်။

ဘုန်းတော်ကြီး ဘတ်ချူး အခုလို စွပ်စွဲခံရတာကြောင့် သူဟာ ဘဏ္ဍာရေးဆိုင်ရာ ရာဇဝတ်မှုတွေအတွက် တရားရင်ဆိုင်ရတဲ့ ပထမဆုံး ကာဒီနယ် ဖြစ်လာပါတယ်။ ဒီအခြေအနေကြောင့်ပဲ ပုပ်ရဟန်းမင်းကြီးက သူ့ကို နောင်ဆက်ခံမယ့် ပုပ်ရဟန်းမင်းကြီးနေရာရွေးချယ်ရေးမှာ ရဟန်းအမတ်တစ်ဦးအနေနဲ့ မဲပေးခွင့်လို ရပိုင်ခွင့်တွေကို ဖယ်ရှားတဲ့အထိ ဖြစ်စေခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးက သူ့ကို ၂၀၂၀ ခုနှစ်မှာ ဖယ်ရှားခဲ့ပြီးတဲ့နောက် ဘတ်ချူးက သူ့မှာ အပြစ်မရှိတဲ့အကြောင်း သတင်းစာရှင်းလင်းပွဲလုပ်ပြီး ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။