"အပိုသုံးဆို သနပ်ခါးတောင် ဝယ်မလိမ်းတော့ဘူး" - ကုန်စျေးနှုန်းနဲ့ စီဒီအမ် ဆရာမ

ဓာတ်ပုံ ရင်းမြစ်, Getty Images
“ဒီလ ဆန်လေးတအိတ်လောက် အပိုဝယ်ထားနိုင်ရင် ကောင်းမှာပဲ” ဆိုတဲ့ မျှော်လင့်ချက်က မကွေးတိုင်း မင်းဘူးခရိုင်အတွင်းက ကျေးရွာ တရွာမှာနေထိုင်တဲ့ မမြသီ (အမည်လွှဲ)တို့ မိသားစု အတွက် အမြင့်ဆုံး ရည်မှန်းချက် ဖြစ်ပါတယ်။
လောလောဆယ် ထားနိုင်တဲ့ ရေတို မျှော်မှန်းချက် ဖြစ်တယ်လို့ မမြသီက ပြောပါတယ်။
ရေရှည် ရည်မှန်းချက်ဆိုတာ အခု လက်ရှိ အနေအထားအရ စဉ်းစားဖို့တောင် မဖြစ်နိုင်တဲ့ မမျှော်မှန်းနိုင်တဲ့ ဘဝ အခြေအနေမှာ ရှိနေပါတယ်။
မြန်မာနိုင်ငံမှာ တရိပ်ရိပ် တက်လာတဲ့ ကုန်စျေးနှုန်းဒဏ်နဲ့ အထွေထွေ အသုံးစရိတ် စျေးနှုန်းတွေ တနေ့တခြား မြင့်တက်လာတဲ့ဒဏ်ကို ပြည်သူ အများအပြား ခံနေရချိန်မှာ ကြုံရာကျပန်း အလုပ် ရှာဖွေ လုပ်ကိုင်နေရတဲ့ မမြသီ လည်း အလူးအလဲ ခံနေရတာဖြစ်ပါတယ်။ ဝမ်းဝအောင် စားဖို့က လွဲပြီး အဝတ်အစားလို အပိုသုံးတာတွေ လုံးဝ မဝယ်ဖြစ်ဘဲ သနပ်ခါးတောင် ဝယ်မလိမ်းတော့ဘူးလို့ မမြသီက ပြောပါတယ်။
တကယ်တော့ မမြသီက ဆင်းရဲတဲ့ မိသားစုက မွေးဖွားလာသူ ဖြစ်ပေမဲ့ ကြုံရာ ကျရာ အလုပ်ကြမ်း လုပ်ပြီး ဝမ်းရေး ဖြည့်တင်းရမယ့် သာမန် ဆင်းရဲသား သက်သက် မိန်းကလေး တစ်ယောက်တော့ မဟုတ်ပါဘူး။ သူက ပညာတတ် တစ်ယောက်ပါ။
ပညာရေး တက္ကသိုလ်ကနေ ဘွဲ့ရ ထားတဲ့ ၉ တန်း၊ ၁၀ တန်း စတဲ့ အထက်တန်းကျောင်းသား ကလေးတွေကို မြန်မာစာ သင်ပေးတဲ့ အထက်တန်းပြ ဆရာမ ဖြစ်ပါတယ်။ ဒါဆိုရင် သူ ဘာကြောင့် ဒီလို အခြေအနေ ရောက်သွားရတာလဲလို့ မေးချင် သိချင်ကြပါလိမ့်မယ်။

ဓာတ်ပုံ ရင်းမြစ်, ဆရာမ ဒေါ်မြသီ
ဆရာမ မဟုတ်တော့တဲ့ မမြသီ
ဒီမိုကရေစီ အစိုးရ လက်ထဲကနေ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အချိန်ကတည်းက ဆရာမလေး မမြသီရဲ့ ဘဝ စတင်ပြောင်းလဲ သွားခဲ့ပါတယ်။
နိုင်ငံတဝန်းက ပြည်သူ အများနည်းတူပဲ စစ်တပ်က အာဏာသိမ်းတာကို လက်မခံနိုင်သူတွေထဲမှာ အဲဒီအချိန်က အသက် ၂၃ နှစ်၊ အခု ၂၅ နှစ် အရွယ် လုပ်သက် ၂ နှစ် ကျော်ရှိတဲ့ ဆရာမ မမြသီလည်း ပါဝင်ပါတယ်။ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာ မဲမသမာမှုကြောင့်လို့ ခေါင်းစဥ်တပ် အကြောင်းပြပြီး အာဏာသိမ်းခဲ့တာကို သူ အဓိက လက်မခံနိုင်တာလို့ မမြသီက ပြောပါတယ်။
သူကိုယ်တိုင် အပါအဝင် မဲရုံတွေမှာ ကူညီဆောင်ရွက်ခဲ့တဲ့ ဆရာဆရာမတွေက မဲရုံကိစ္စတွေကို အသိဆုံးဖြစ်တယ်၊ မှန်မှန်ကန်ကန် လုပ်ခဲ့ကြတယ်ဆိုတာ ကိုယ်တိုင်အသိဆုံးဖြစ်လို့ ဒီအကြောင်းပြချက်က ဆရာဆရာမတွေကို စော်ကားတာနဲ့ အတူတူပဲလို့ မမြသီ ခံစားရပါတယ်။
ဆရာဆရာမတွေ ဆိုတာ ပညာရှင်တွေဖြစ်တယ်၊ အာဏာသိမ်းပြီး အုပ်ချုပ်မယ့်သူကို မကြိုက်တဲ့အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့အနေနဲ့ စစ်တပ်ရဲ့ အပ်ချုပ်မှု မလည်ပတ်နိုင်အောင် သူ အလုပ်ခွင်ကို ရပ်နားထားတာလို့ မမြသီက ပြောပါတယ်။
ကလေးတွေကို ပညာသင်ပေးတဲ့ အလုပ်ကို လုံးဝ စွန့်လွှတ် လိုက်ဖို့တော့ သူ စိတ်မကူးခဲ့ပါဘူး။
ဒီလို အလုပ်ခွင် ရပ်နားထားတာ ကြာရင် စစ်တပ်ရဲ့ အုပ်ချုပ်မှု ယန္တရား လည်ပတ်လို့ မရတော့တဲ့အတွက် ပညာရှင်တွေ စကားကို နားထောင်လာမယ်လို့ မမြသီ ထင်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အလုပ်ကြမ်း မလုပ်နိုင်၊ မကျွမ်းကျင်တော့ အလုပ်ရှင်တွေက မငှားချင်
လက်ရှိ အခြေအနေမှာ ဆရာမ မမြသီအနေနဲ့ ကလေးတွေကို စာသင်ပေးနိုင်တဲ့ အနေအထား မရှိဘဲ စပါးပုတ်၊ ပေါင်းနုတ်၊ ကောက်သင်းကောက် စတဲ့ အလုပ်တွေကို ကြုံသလို လုပ်ပြီး ဝင်ငွေရှာနေရပါတယ်။
“အခုတော့ ကြုံရာ ကျပန်းကပေါ့၊ အခုဆို စပါးတွေပေါ်ပြီ၊ စပါးရိတ်ချိန်ရောက်ပြီ၊ စပါး ပုတ်တာတွေ ဘာတွေ ရှိတယ်၊ ဒါကို သိပ်တော့ ခေါ်မယ့်သူမရှိဘူးပေါ့၊ ကိုယ်က အလုပ် မကျွမ်းကျင်တော့ အလုပ်ရှင်တွေက မငှားချင်ကြဘူးပေါ့။” လို့ မမြသီက ပြောပါတယ်။
သူက စာသင်တာပဲ လုပ်တတ်တဲ့အတွက် ရိတ်ပြီးသား စပါးတွေကို လူ့ လုပ်အားသုံးပြီး လက်နဲ့ချွေရတဲ့ အလုပ်၊ လယ်ထဲယာထဲ ဆင်းပြီးပေါင်းနုတ်ရတဲ့ အလုပ်တွေကို မမြသီ မကျွမ်းကျင်ပါဘူး။
မကျွမ်းကျင်တဲ့ ဒီအလုပ်တွေကို ပဲ ပင်ပင်ပန်းပန်း လုပ်ပြီး ရလာတဲ့ လုပ်အားခက တနေ့ကို ကျပ်ငွေ နှစ်ထောင်ပဲ ရှိပါတယ်။
ကိုယ်မကျွမ်းကျင်တဲ့ အလုပ်ကို ပင်ပင်ပန်းပန်း လုပ်နေရပြီး ပိုက်ဆံလည်း သိပ်မရဘူးလို့ မမြသီက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ဆရာမဒေါ်မြသီ
မိသားစု စားဝတ်နေရေး အခြေအနေ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အာဏမသိမ်းခင်က မမြသီတို့ မိသားစုမှာ အဖေရယ်၊ အမေရယ်၊ သူ့မောင်လေးရယ် မိသားစု လေးယောက် ရှိပါတယ်။ မိဘတွေက လယ်လုပ်ပြီး မောင်လေးက အခု ၈ တန်းကျောင်းသားပါ။ ဒါပေမဲ့ သူ ကျောင်းမတက်ပါဘူး။
အာဏာသိမ်းပြီးမှ မမြသီ အိမ်ထောင်ကျပြီး အခုတော့ မိသားစုက အားလုံး ၅ ယောက် ဖြစ်သွားပါတယ်။ ခင်ပွန်းဖြစ်တဲ့ ကျောင်းဆရာကလည်း မမြသီလိုပဲ ကြုံရာ ကျပန်း အတူတူလုပ်ပါတယ်။ တနေ့ ရတဲ့ ဝင်ငွေကလည်း ကျပ် နှစ်ထောင်ပါပဲ။
အာဏာမသိမ်းခင်က မိသားစုအတွက် မမြသီရဲ့ အထက်တန်းပြ ဆရာမ လစာ တစ်လ နှစ်သိန်းကျော်နဲ့ လောက်င အောင် သုံးစွဲကြပါတယ်။ မမြသီ တက္ကသိုလ် တက်နေတဲ့ကာလ တလျှောက် သူ့အမေက အကြော်ရောင်းပြီး ဝင်ငွေရှာပါတယ်။
မမြသီ ဆရာမ ဖြစ်လာပြီး လုပ်ငန်းခွင်ဝင်တော့ အသက် ၆၀ နီးပါး အရွယ် ရောက်လာကြပြီဖြစ်တဲ့ မိဘတွေကို အလုပ် မလုပ်စေတော့ဘဲ ရသမျှ လခ အမေ့လက်ထဲ အပ်ပြီး တလှည့် ပြန် ကျွေးမွေး စောင့်ရှောက်ပါတယ်။ သူ့အမေကလည်း အကြော် မရောင်းတော့ပါဘူး။
“ အရင်တုန်းကတော့ ပုံမှန်လေး စားလို့ ရတယ်ပေါ့၊ ကျွန်မတို့ အိမ်သားတွေ ဆိုရင်လေ။ လစာနဲ့ ခြိုးခြံပြီး စားကြတယ်။ အခုကတော်တော်ကြီးကို ခက်ခဲသွားတယ် ပြောရမယ်၊ ကုန်စျေးနှုန်း ကလည်း တက်လာတာ ဆိုတော့လေ။ အခုက ဆန်တစ်အိတ်ဆို ကျွန်မတို့ဘက်မှာ ၇ သောင်းလောက် ရှိတာပေါ့နော်။”
အရင်တုန်းက မိဘကို ပုံမှန် လခ အပ်နိုင်တော့ သူ့ အမေ တခြားအလုပ်တွေ လိုက်လုပ်စရာ မလိုဘူး၊ ဒါပေမဲ့ အခုတော့ အမေက အလုပ်ထွက်လုပ်နေရတယ်လို့ မမြသီက ပြောပါတယ်။
စီဒီအမ် လုပ်လိုက်ပြီးတဲ့နောက်မှာ ဆရာမမြသီ လုပ်ခလစာ မရတော့တဲ့အတွက် ကြုံသလို နေ့စားအလုပ် လုပ်နေရချိန်မှာ သူ့အမေက ဟင်းချက်ပြီး ရွာစျေးထဲ ဗန်းကလေးချပြီး သွားရောင်းရတဲ့ စျေးသည် တဖန် ဖြစ်ရပြန်ပါတယ်။
သူ့အမေက ချဉ်ပေါင်ကြော်၊ ပန်းမုံလာကြော်၊ အစိမ်းကြော် စတဲ့ ဟင်းသီးဟင်းရွက်တွေကို ကြော်လှော်ရောင်းပါတယ်။ အသားဟင်းကတော့ စျေးကြီးလို့ မချက်နိုင်သလို ကျပ်တည်းသူတွေ များနေတဲ့ ရွာထဲက လူတွေကလည်း အသားဟင်းကို စျေးကြီးပေးပြီး ဝယ်မစားနိုင်ကြပါဘူး။
အမေ ပင်ပန်းတာ မြင်ရတော့ စိတ်မကောင်းဖြစ်မိတယ်၊ စားတော့လည်း ခြိုးခြံပြီး စားရတယ်။ ဆန်တအိတ်က ဘယ်လောက်မှ မခံဘူး။ ဆန်အိတ်ပါး လာတာမြင်နေပေမဲ့ မပေးနိုင်တော့ မသိချင်ယောင် ဆောင်နေရတဲ့ ဘဝက မမြသီအဖို့ စိတ်ပင်ပန်းလှပါတယ်။
သူ့ အမေက စျေးသွားရောင်းပြီး ပြန်လာရင် နောက်နေ့ ပြန်ရောင်းဖို့ စျေးဝယ်လာပေမဲ့ ကိုယ်တိုင်ချက်စားဖို့က မဝယ်သလောက်ပဲလို့ မမြသီက ပြောပါတယ်။
မမြသီတို့ မိသားစု ထမင်းဝိုင်း အတွက်ကတော့ စိုက်ထားတဲ့ အပင်က အသီးအရွက်တွေကိုပဲ ချက်စားဖြစ်ပြီး အသားဟင်းကို မစားနိုင်ကြတော့ပါဘူး။
သူ့ အမေစျေးရောင်းတာက တနေ့တနေ့ အကုန်ရောင်းရတာများပြီး မကုန်ရင်တော့ စားရတယ်လို့ ဆိုပါတယ်။ ရောင်းတဲ့ အထဲက ယူစားလိုက်ပြန်ရင်လည်း အရင်းပြုတ်မှာ စိုးရိမ်ကြရပြန် ပါတယ်။
သူတို့ အလုပ်လုပ်ပြီး ရှာနေတဲ့ ငွေက နေ့စဉ်စားဖို့ ဆန်ဖိုးအတွက် ဖြစ်ပြီး ဆန်အိတ်ဝယ်ဖို့ ရှာနေကြရတာ ဖြစ်ပါတယ်။ မမြသီ တက္ကသိုလ် တက်တုန်းက ချေးငှား ကုန်ကျခဲ့တဲ့ ကျောင်းစရိတ် အကြွေးတွေလည်း ကျေအောင် ဆပ်နိုင်တဲ့ အခြေအနေ မရှိပါဘူး။
တက္ကသိုလ်ကျောင်းသူ မမြသီ
မမြသီက ပညာရေးကောလိပ် ၂ နှစ်တက်ပြီး ဝင်ငွေရအောင် လုပ်ငန်းခွင် ဝင်ချင်တဲ့ ဆန္ဒရှိခဲ့ပေမဲ့ မိဘတွေက ပညာရေးတက္ကသိုလ် ဆက်တက်ဖို့ အတင်း တိုက်တွန်းတာနဲ့ သူ ဆက်တက် ခဲ့ပါတယ်။
ကောလိပ်ပြီးတာနဲ့ အလုပ်လုပ်ရင် မူလတန်းပြ ဆရာမ ဖြစ်မယ်၊ ပြီးရင် အလယ်တန်းပြ ဖြစ်မယ်၊ တက္ကသိုလ်ကျောင်းဆင်း ဆိုရင်တော့ အထက်တန်းပြ ဆရာမ ဖြစ်မှာမို့ မိဘတွေက မရှိတဲ့ကြားက ဆွေမျိုးသားချင်းတွေဆီကနေ ချေးငှားပြီး ပညာသင်စရိတ် ပံ့ပိုးပေးခဲ့တာပါ။
ဘွဲ့ရသွားပြီးနောက် ဆရာမ စလုပ်တော့ ဝန်ထုပ်ဝန်ပိုး ကြီး တခုတော့ ကျသွားတယ်လို့ မမြသီက ပြောပါတယ်။
အာဏာသိမ်းမှုကြောင့် စီဒီအမ် လုပ်ခဲ့တဲ့ အချိန်က မမြသီမှာ လုပ်သက် ၂ နှစ်ပဲ ရှိပါသေးတယ်။
ဆရာမ လခနဲ့ တုန်းက မိသားစုက ခြိုးခြံ သုံးစွဲတော့ လုံလောက်ပေမဲ့ အခုက တော်တော် ခက်ခဲသွားတယ်လို့ မမြသီက ပြောပါတယ်။ ကုန်စျေးနှုန်းက တက်လာတော့ ဆန်တအိတ်ကို ၇ သောင်း ပေးရပေမဲ့ သူ့မှာ တလစာ ဆန်တအိတ်ဖိုးတောင် ဝင်ငွေ မရှိဘူးလို့ မမြသီက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
တခြား စီဒီအမ် ဆရာဆရာမများ
မမြသီလိုပဲ စစ်တပ်ရဲ့ အာဏာသိမ်းမှုကို လက်မခံနိုင်တဲ့အတွက် အကြမ်းမဖက် အာဏာဖီဆန်တဲ့ လှုပ်ရှားမှုမှာ ပါဝင်လာကြတဲ့ အခြေခံနဲ့ အဆင့်မြင့် ပညာဌာနက ဆရာဆရာမတွေ အများအပြားရှိပါတယ်။
နိုင်ငံတဝန်းမှာ ဆရာ၊ဆရာမ အရေအတွက် လေးသိန်းကျော် ရှိပြီး အဲဒီအထဲက တစ်သိန်းခွဲ လောက်က စီဒီအမ် လုပ်ကြတယ်လို့ စီဒီအမ် ဆရာ ဆရာမတွေက ပြောကြပါတယ်။
ပညာရေးဝန်ထမ်း စုစုပေါင်းရဲ့ သုံးပုံ တစ်ပုံက စီဒီအမ် မှာ ပါဝင်ကြတယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။
အဲဒီ ဆရာဆရာမတွေထဲမှာ တချို့က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်တဲ့ နေရာတွေမှာ တိမ်းရှောင်နေကြပြီး အဲဒီဒေသက ကလေးတွေရဲ့ ပညာရေးလိုအပ်ချက်တွေကို တဖက်တလမ်းက ဖြည့်ဆည်းပေးတဲ့ အနေနဲ့ စာသင်ကြားပေးနေကြပါတယ်။ အဲဒီသူတွေကတော့ သူတို့ နှစ်သက်မြတ်နိုးတဲ့ ဆရာ ဆရာမ အလုပ်တွေကို လုပ်ခွင့်ရနေသေးတယ်လို့ ဆိုရပါမယ်။
ဆရာ ဆရာမတွေ အဖြစ် ပုံမှန် လခ မရပေမဲ့ နေထိုင်စားသောက်ရေးနဲ့ လုံခြုံရေးအတွက် မပူပင်ကြရပါဘူး။
နိုင်ငံတွင်းက တခြားနေရာအသီးသီးမှာ ရှိနေကြတဲ့ ဆရာ ဆရာမတွေကတော့ ကလေးတွေကို ပညာသင်ကြားပေးရင်တောင် ဖမ်းဆီး အရေးယူခံရတာတွေ ရှိနေတဲ့ အတွက် စာသင်တာ ပေါ်ပေါ်တင်တင် မလုပ်နိုင်ကြတဲ့ အခြေအနေမှာ ဝမ်းရေးအတွက် ကြုံရာကျပန်း အလုပ် လုပ်ကြရပါတယ်။
နယ်စပ်တွေက တဆင့် အိမ်နီးချင်းနိုင်ငံတွေဘက်ကို သွားခိုလှုံနေကြရတဲ့ ဆရာဆရာမတွေ ဆိုရင်လည်း ကိုယ်နှစ်သက်မြတ်နိုးတဲ့ စာသင်တဲ့အလုပ်ကိုစွန့်ပြီး ကိုယ်မကျွမ်းကျင်တဲ့ အလုပ်ကြမ်းတွေ လုပ်ကိုင်ကြရတဲ့အတွက် ပင်ပန်းဆင်းရဲကြရတယ် ဆိုတာ ဘီဘီစီက ဆက်သွယ်၊ တွေ့ဆုံ မေးမြန်းခဲ့ဖူးတဲ့ ဆရာ ဆရာမတွေက ပြန်ပြောပြကြပါတယ်။
အခုအခြေအနေမှာ စီဒီအမ် ဆရာဆရာမတွေ တော်တော်လေး အခက်အခဲ ကြုံနေရပေမဲ့ စီဒီအမ် ကနေ ထွက်ပြီး အလုပ် ပြန်ဝင်ဖို့ ဆန္ဒ လုံးဝ မရှိဘူးလို့ သူတို့က ပြောကြသလို ဆရာမ မမြသီကလည်း တသဘောတည်း ရှိပါတယ်။
အရင်နဲ့ အခု ရည်မှန်းချက်
မမြသီ ၁၀ တန်းအောင်တော့ ပညာရေး ကောလိပ် တက်ပါတယ်၊ အမှတ်မီလို့သာ တက်ခဲ့တာဖြစ်ပေမဲ့ တက်ရင်းနဲ့ ဝါသနာပါသွားခဲ့ပါတယ်။
ဖြူစင်တဲ့ ကလေးတွေနဲ့ နေရတာ ပျော်တယ်၊ ပျော်စရာကောင်းတယ်လို့ မမြသီ ခံစားလာရပါတယ်။ စာသင်တဲ့ အလုပ်က သူနဲ့ တကယ့်ကို အံဝင်ခွင်ကျ ဖြစ်ပြီး သူ တကယ် စိတ်ဝင်စားတယ်ဆိုတာကိုလည်း ဆရာမ လုပ်ရင်းနဲ့ မမြသီ ပိုသိလာခဲ့ပါတယ်။
အဖြူအစိမ်း ကျောင်းဝတ်စုံလေးဝတ် ကျောင်းသွားပြီး စာသင်ခန်းထဲမှာ ပျော်မွေ့နေခဲ့တဲ့ ဆရာမ မမြသီဟာ အလုပ်မှာ ရာထူးတိုး စာမေးပွဲတွေ အဆင့်ဆင့် ဖြေပြီး တည်ငြိမ် အေးချမ်းတဲ့ ဘဝလေး ရဖို့ မျှော်လင့်ခဲ့ပါတယ်။
ဒါပေမဲ့ အာဏာသိမ်းမှု ဖြစ်ပြီးတဲ့နောက်မှာ သူ့ရည်မှန်းချက်တွေ ရိုက်ချိုး ခံလိုက်ရပါတယ်။ အခုဆို အိမ်ထဲမှာပဲနေပြီး ဘယ်မှ မသွားဖြစ်တော့ဘူးလို့ ပြောပါတယ်။
ရွာထဲက စာမသင်ရတဲ့ ကလေးတွေကို မြင်နေရတော့ ကူညီသင်ပေးချင်တယ်၊ ကလေးတွေက ကျောင်းမတက်ကြရလို့ စာမတတ်ကြဘူး၊ သူ့အနေနဲ့ ပေါ်ပေါ်တင်တင်လည်း စာသင်ပေးလို့ မရဘူးလို့ မမြသီက ပြောပါတယ်။
မြန်မာစာ သင်တဲ့ ဆရာမ တစ်ယောက် ဖြစ်လို့ ဗဟုသုတ ကြွယ်ဖို့ လိုတဲ့အတွက် ကိုယ့်အတွက် ပညာဝမ်းစာ ဖြည့်တင်းတဲ့ အနေနဲ့ အခုအချိန်မှာ မမြသီက စာတွေဖတ်မှတ် လေ့လာနေပါတယ်။
တနိုင်ငံလုံး အတိုင်းအတာနဲ့ စားဝတ်နေရေး ကျပ်တည်းနေကြချိန်မှာ ကိုယ်မကျွမ်းကျင်တဲ့ အလုပ်တွေကို ကြုံသလိုလုပ်ပြီး ဝမ်းရေးအတွက် ဖြည့်တင်းနေရပေမဲ့ တနေ့မှာ အရင်ကထက် ပိုကောင်းတဲ့ စာသင်ခန်းဆီ သူ ရောက်နိုင်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ အားတင်းပြီး မမြသီ ရှေ့ဆက်သွားနေပါတယ်။








