ဧပြီ ၁၆ ရက် နိုင်ငံတကာ ထိပ်တန်း သတင်း - ဆူဒန်တပ်တွေ နှစ်ခြမ်းကွဲပြီး အာဏာလု တိုက်ခိုက်

ခါတွမ်မှာ တိုက်ပွဲ ပြင်းထန်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ခါတွမ်မှာ တိုက်ပွဲ ပြင်းထန်

ဆူဒန်မြို့တော် ခါတွမ်မှာ တိုက်ပွဲတွေ၊ ပစ်ခတ်မှုတွေ ၂ ရက်မြောက် ဆက်ဖြစ်နေပါတယ်။ ဆူဒန် လက်နက်ကိုင် တပ်ဖွဲ့တွေထဲက အပြိုင်အုပ်စုတွေဟာ တိုင်းပြည် အာဏာရဖို့ တိုက်ခိုက် နေကြတာပါ။ မြို့တော်ရဲ့ လမ်းတွေပေါ် သံချပ်ကာ အမြောက်ကားတွေ လှည့်ပတ်သွားလာ နေကြသလို၊ တိုက်လေယာဉ်ပျံတွေလည်း မြို့ရဲ့ ကောင်းကင်ယံထက် ပျံဝဲနေကြပါတယ်။

ဆူဒန် အမြဲတမ်း စစ်တပ်နဲ့ Rapid Support Forces အမြန်ကူညီရေးတပ် လို့ ခေါ်တဲ့ ပြည်သူ့စစ်တွေကြား တိုက်ခိုက်မှုတွေ အတွင်း အရပ်သား ၅၀ ထက်မနည်း သေဆုံး ခဲ့ရပြီး ဖြစ်တယ်လို့ ကျန်းမာရေး ဝန်ထမ်းတွေက ပြောပါတယ်။ အခုဆိုရင် တိုက်ပွဲတွေဟာ ခါတွမ်ရဲ့ အမွှာမြို့လို့ ရည်ညွှန်းပြောကြတဲ့ နိုင်းမြစ်တစ်ဘက်ကမ်းက အွမ်ဒါမန် မြို့ကိုပါ ကူးစက် သွားပြီ ဖြစ်ပါတယ်။

အင်တာနက်လိုင်းတွေလည်း ပြတ်တောက်နေပြီး ဆူဒန် တိုက်ခိုက်မှုတွေ ချက်ခြင်း ရပ်ကြဖို့ တရုတ်၊ ရုရှား၊ အမေရိကန်နဲ့ ဆော်ဒီအာရေဗျတို့က ဖျောင်းဖျ တိုက်တွန်း နေကြပါတယ်။

ခါတွမ်မြို့ အခြေစိုက် အရှေ့အလယ်ပိုင်း မူဝါဒရေးရာပိုင်း ဆိုင်ရာ သုတေသန အဖွဲ့ ဖြစ်တဲ့ တာ့ဟ်ရီး အင်စတီကျုက သုတေသီ ဟာမစ် ခါလာဖာလာ အဲဒီက အခြေအနေတွေ အကြောင်း ဘီဘီစီကို အခုလို ပြောပါတယ်။

‘’အင်မတန် ကျယ်လောင်တဲ့ သေနတ်သံ၊ ဗုံးကွဲသံတွေကြောင့် ကျွန်တော် နိုးလာကြပါတယ်။ ကျွန်တော်တို့ ရပ်ကွက်ပေါ် သိပ်မကြာခင်ကပဲ တိုက်လေယာဉ်တွေ ဖြတ်ပျံသွားတာလည်း တွေ့လိုက် ရပါတယ်။ Rapid Support Forces ပြည်သူ့စစ်တွေ ခြေကုပ်ယူထားတဲ့ နေရာကို ဆူဒန်စစ်တပ်က လိုက်ရှာနေပြီး၊ လေကြောင်း တိုက်ခိုက်တာတွေ လုပ်လာနိုင်တယ်’’ ဆိုပြီး သုတေသီ ဟာမစ် ခါလာဖာလာ ပြောသွားတာပါ။

ဒူဘိုင်းမှာ မီးလောင်လို့ လူတွေ အစုလိုက်သေဆုံး

ဒူဘိုင်းမြို့ဟောင်းပိုင်းက အဆောက်အအုံ မီးလောင်ကျွမ်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဒူဘိုင်းမြို့ဟောင်းပိုင်းက အဆောက်အအုံ မီးလောင်ကျွမ်း

အာရပ်စော်ဘွားများ ပြည်ထောင်စု ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့မှာ လူနေ အဆောက်အအုံတစ်လုံး မီးလောင်ကျွမ်းမှု ဖြစ်ခဲ့ပြီး၊ လူ ၁၆ ယောက် သေဆုံး ခဲ့ရကြောင်း အတည်ပြုထားနိုင်ပါတယ်။

ဒူဘိုင်းမြို့ဟောင်းဘက်ခြမ်း၊ အယ်လ်-ရပ်စ် ဆိုတဲ့ ရပ်ကွက်မှာ ၅ ထပ်တိုက် တစ်လုံးရဲ့ စတုတ္တမြောက် အထပ်မှာ ပြီးခဲ့တဲ့ စနေနေ့ နေ့လယ်ပိုင်းက မီးလောင်ခဲ့တာ ဖြစ်ပါတယ်။

မီးခိုးလုံးတွေနဲ့ ဖုံးအုပ်သွားခဲ့တဲ့ အခင်းဖြစ်ရာ အဆောက်အအုံထဲကနေ လူတွေ အပြင်ကို ထွက်ပြေး ခဲ့ကြရပါတယ်။

မီးကို ၂ နာရီ အတွင်း ထိမ်းချုပ်နိုင်ခဲ့တယ်လို့ တာဝန် ရှိသူတွေက ပြောပါတယ်။

သေဆုံးသူတွေဟာ ဘယ်သူ ဘယ်ဝါတွေ ဖြစ်ကြောင်း စတင် သိရှိ လာရတာမှာ၊ အိန္ဒိယနိုင်ငံသား စုံတွဲ တစ်တွဲ၊ ပါကစ္စတန်နိုင်ငံက ညီကိုဝမ်းကွဲ ၃ ဦးနဲ့ ဆူဒန်နိုင်ငံသား ၄ ယောက်တို့ ပါဝင်ပါတယ်။

အဲဒီ အဆောက်အအုံထဲမှာ မီးဘေး အန္တရာယ် ကင်းဝေးရေး လိုက်နာ ရမယ့် စည်းမျဉ်းတွေ အတိုင်း မလိုက်နာခဲ့တဲ့ အတွက် အခုလို မီးလောင်ရကြောင်း ကနဦး စုံစမ်းမှုတွေကနေ ဖော်ပြနေတယ်လို့ ဒူဘိုင်း ပြည်သူ့ကာကွယ်ရေး အဖွဲ့ တာဝန် ရှိသူတွေက ပြောပါတယ်။

ရုပ်သံပေါ် တိုက်ရိုက် တွေ့မြင်ခဲ့ရတဲ့ အိန္ဒိယနိုင်ငံက လုပ်ကြံသတ်ဖြတ်မှု

ရာဇဝတ်မှုတွေနဲ့ ထောင်နှစ်ရှည် ချခံထားရ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရာဇဝတ်မှုတွေနဲ့ ထောင်နှစ်ရှည် ချခံထားရ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အိန္ဒိယနိုင်ငံ၊ ဥတာပရာဒက်ရှ် ပြည်နယ်မှာ ရာဇဝတ်မှုပေါင်းများစွာနဲ့ ဖမ်းဆီး ထောင်ချခံထားရတဲ့ ပါလီမန် အမတ်ဟောင်း နိုင်ငံရေးသမား အာတိခ် အာမက်ဟာ ရဲ အစောင့် အရှောက်တွေ ရှိနေတဲ့ကြားကပဲ ၊ ပြီးခဲ့တဲ့ စနေည တုန်းက သူ့ရဲ့ ညီဖြစ်သူ အာရှရပ်ဖ် အာမက်နဲ့ အတူ သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ် ခံလိုက်ရပါတယ်။

ဒီဖြစ်ရပ်ကြောင့် ဥတာပရာဒက်ရှ် ပြည်နယ်တွင်း ဥပဒေစိုးမိုးမှု ပျက်ပြားနေပြီလို့ နိုင်ငံရေး အတိုက်အခံ ခေါင်းဆောင်တွေက ဝေဖန်နေကြပါတယ်။ အာတိခ် အာမက်တို့ ညီအစ်ကို နှစ်ဦးကို သွေးအေးအေးနဲ့ သတ်ဖြတ်ပစ်ကြတာပဲ ဆိုပြီး ဝေဖန်သူ တစ်ဦးက ဆိုပါတယ်။

သူတို့ နှစ်ယောက်ဟာ စာနယ်ဇင်းသမားတွေရဲ့ မေးခွန်းတွေကို ဖြေဆိုနေတာကို ရုပ်မြင်သံကြားပေါ် တိုက်ရိုက် ထုတ်လွှင့် ပြသနေစဉ်မှာပဲ သေနတ်နဲ့ ပစ်ခတ် ခံလိုက်ရတာ ဖြစ်ပါတယ်။

အခင်းဖြစ်ရာ ပရာဂရာ့ဂျ် မြို့က ရဲ ကော်မရှင်နာ မင်းကြီးက ...

‘’သူတို့ ၂ ယောက်ကို လိုအပ်တွေ ဆေးစစ်မှုတွေ ပြုလုပ်ပေးဖို့ ဒီကို ခေါ်လာကြတာပါ။ ကနဦး တွေ့ရှိချက်တွေအရ လူ ၃ ယောက်ဟာ သတင်းထောက်တွေယောင် ဆောင်ပြီး ဝင်လာကြတာ ဖြစ်ပါတယ်။ အဲဒီ ၃ ဦးကို ဖမ်းဆီးထားပြီး အခု စစ်ဆေး မေးမြန်း နေပါတယ်’’ လို့ ပြောပါတယ်။

တရုတ်ရဲ့ ဂြိုဟ်တုလွှတ်တင်လို့ ထိုင်ဝမ် အဝင်အထွက် လေယာဉ်တွေ လမ်းကြောင်း ရှင်းပေးရ

လေယာဉ်မပျံရ ဇုံ သတ်မှတ်တာ မဟုတ်ဘူးလို့ ဘေဂျင်းဘက် ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လေယာဉ်မပျံရ ဇုံ သတ်မှတ်တာ မဟုတ်ဘူးလို့ ဘေဂျင်းဘက် ပြော

တရုတ်ရဲ့ ဂြိုဟ်တုလွှတ်တင်လို့ ထိုင်ဝမ် အဝင်အထွက် လေယာဉ်တွေ လမ်းကြောင်း ရှင်းပေးရ

တရုတ်ပြည်မကြီး အစိုးရက မိုးလေ၀သ ဂြိုဟ်တု လွှတ်တင် နေခဲ့တဲ့ အတွက် ထိုင်ဝမ်ကို အဝင်အထွက် လုပ်ကြတဲ့ လေယာဉ်တွေဟာ လမ်းကြောင်းပြောင်း ပျံသန်းရတာမျိုး ခနတာ ပြုလုပ်ခဲ့ရပါတယ်။

လေယာဉ်မပျံသန်းရ ဇုန်နယ်မြေအဖြစ် သတ်မှတ်လိုက်တာမျိုး မဟုတ်ပေမယ့် ထိုင်ဝမ်၊ တရုတ်ပြည်မကြီး၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့ကြား အရှေ့တရုတ် ပင်လယ်ပြင်အထက် ဝေဟင်ပြင်မှာ လေယာဉ်တွေပျံသန်းတာ မိနစ် ၃၀ ကြာ ရှောင်ရှားကြဖို့ လိုမယ်လို့ ဘေဂျင်းအစိုးရက ပြောပါတယ်။

တရုတ်ပြည်မကြီး ဂြိုဟ်တု လွှတ်တင်မှုကနေ ထွက်လာတဲ့ အစိတ်အပိုင်းတွေဟာ ထိုင်ဝမ်ရဲ့ မြောက်ဘက်ပိုင်း ပင်လယ်ရေပြင်ထဲ ကျရောက်ခဲ့တယ်လို့ ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

ထိုင်ဝမ်ကျွန်းအနီး ပြည်မကြီး အစိုးရက အင်အားအပြည့်နဲ့ စစ်ရေး လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် ရက်အနည်းငယ် အကြာမှာပဲ၊ အခုလို ဂြိုဟ်တုလွှတ်တင်တာမျိုး ပြုလုပ်တာ ဖြစ်ပါတယ်။

အရှိန်ရလာတဲ့ ပါပူအာ ခွဲထွက်ရေး လှုပ်ရှားမှု

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အရှိန်ရလာတဲ့ ပါပူအာ ခွဲထွက်ရေး လှုပ်ရှားမှု

အင်ဒိုနီးရှားနိုင်ငံ ပါပူအာပြည်နယ်က ခွဲထွက်ရေး သူပုန်တွေရဲ့ အဆိုအရ အစိုးရ တပ်စခန်းတစ်ခုကို သူတို့ အလစ်အငိုက် ဝင်တိုက်ခဲ့တာကြောင့်၊ အင်ဒိုနီးရှားစစ်သား ၉ ယောက် သေဆုံးသွားတယ်လို့ ဆိုပါတယ်။

အကျအဆုံး အရေအတွက် အတိအကျကို အင်ဒိုနီးရှား အစိုးရဘက်ကတော့ အတည် မပြု သေးပါဘူး။

ပါပူအာရဲ့ တောင်တန်း ဒေသဖြစ်တဲ့ အဲန်ဒူဂါမှာ ပြန်ပေးဆွဲ ခံထားရတဲ့ နယူးဇီလန် နိုင်ငံသား လေယာဉ်မှုး ဖိလစ်မီဟာတင်စ်ကို ပြန်လည် ကယ်တင် ရေးအတွက် ၊ အဲဒီ ဒေသမှာ အစိုးရ အထူးတပ်ဖွဲ့ဝင်တချို့ ယာယီ စခန်းချ နေတာ ဖြစ်ပါတယ်။

ပါပူအာ လွတ်မြောက်ရေး တပ်မတော် လို့ အမည်ရတဲ့ အဲဒီ ခွဲထွက်ရေး အဖွဲ့က ပြောရေးဆိုခွင့် ရှိသူကတော့ တကယ်လို့ ကုလသမဂ္ဂက ကြားဝင်ပြီး ညှိနှိုင်းရေးမှူး တစ်ယောက် ခန့်ထားပေးမယ် ဆိုရင် နယူးဇီလန် အစိုးရ၊ အင်ဒိုနီးရှား အစိုးရတွေနဲ့ကြား ညှိနှိုင်းမယ်လို့ ပြောပါတယ်။

ပါပူအာဒေသ သီးသန့် လွတ်လပ်ရေး ရဖို့ လက်နက်ကိုင် တိုက်ခိုက်မှု တွေဟာ ပြီးခဲ့တဲ့ နှစ်ကတည်းက အရှိန် တိုးမြင့် လာနေပါတယ်။

ဥရောပ အကြီးဆုံး နယူကလီယာ ဓာတ်အားပေးစက်ကြီး လည်နေပြီ

အိုကီလွာတို အမှတ် ၃ စက်ရုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အိုကီလွာတို အမှတ် ၃ စက်ရုံ

ဥရောပရဲ့ အကြီးဆုံး နယူကလီယာသုံး ဓာတ်အားပေး စက်ရုံကြီး တစ်ခု ဖြစ်တဲ့ ဖင်လန်နိုင်ငံက အိုကီလွာတို အမှတ် ၃ စက်ရုံ စတင် လည်ပတ်ပြီး လျှပ်စစ် ထုတ်လုပ် ပေးနေပြီ ဖြစ်ပါတယ်။

ဂျာမနီနိုင်ငံမှာ နောက်ဆုံး လက်ကျန် နယူကလီယာ ဓာတ်ပေါင်းဖို ၃ ခုကို လုံးဝ ပိတ်ချလိုက်ပြီးနောက် မိနစ် အနည်းငယ် အကြာမှာပဲ အိုကီလွာတို အမှတ် ၃ ကနေ အခုလို လျှပ်စစ်တွေ စထုတ်ပေးလာတာ ဖြစ်ပါတယ်။

ဖင်လန်ရဲ့ လျှပ်စစ် လိုအပ်ချက် ပမာဏ ၃၀ ရာခိုင်နှုန်း အထိ အဲဒီ စက်ရုံကနေ ရရှိမှာပါ။ စက်ရုံ ဆောက်လုပ်ရာမှာ ခန့်မှန်းထားတာတွေထက် ဘတ်ဂျက်ငွေ အများကြီး ပိုပြီး သုံးစွဲခဲ့ရသလို၊ ပြီးစီးချိန်လည်း အများကြီး ပိုကြာခဲ့ရပေမယ့်၊ အခုအခါမှာတော့ နောင် နှစ် ပေါင်း ၆၀ အထိ အဲဒီ စက်ရုံအပေါ် မှီခို သွားနိုင်တော့မှာ ဖြစ်ပါတယ်။