ဘယ်ပါတီတွေ ဘယ်ခြေလှမ်း လှမ်းသလဲ

USDP

ဓာတ်ပုံ ရင်းမြစ်, USDP

ပါတီဆက်လက်ရပ်တည်ဖို့နဲ့ စစ်ကောင်စီက ကျင်းပမယ့်ရွေးကောက်ပွဲကို ဝင်ပြိုင်ဖို့ ရည်ရွယ်ထားတဲ့ပါတီတွေကတော့ ပါတီမှတ်ပုံတင်ဥပဒေသစ်ကို လိုက်နာပြီး မှတ်ပုံတင်လာကြပြီ ဖြစ်ပါတယ်။

ပါတီတွေအနေနဲ့ သူတို့ရဲ့ နိုင်ငံရေးကို ဘယ်လို ရှေ့ဆက်ရပ်တည်မလဲဆိုတာ ဆုံးဖြတ်ဖို့ ရက်ပေါင်း ၃၀ ကျော်ပဲ ကျန်ပါတယ်။

ဘယ်ပါတီတွေ ဘယ်ခြေလှမ်း လှမ်းလာတယ်ဆိုတာကတော့ အခုအခါ လယ်ပြင်မှာ ဆင်သွားသလို ထင်ထင်ရှားရှားရှိလာပြီဖြစ်ပါတယ်။

တင်းကြပ်တဲ့ပြဋ္ဌာန်းချက်တွေပါတဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအောက်မှာ ပါတီတွေကို ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံပြန်တင်ခိုင်းထားတာကလည်း အချိန်တစ်လပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

တည်ဆဲ ၉၁ ပါတီရှိတဲ့အနက် စုစုပေါင်း ၁၃ ပါတီ ပဲ လာလျှောက်သေးတာတွေ့ရပြီး အဲဒီအထဲ ပါတီအသစ်ထူထောင်တာက ၄ ပါတီ ရှိနေပါတယ်။

ပြည်ထောင်စုတစ်ဝန်းလုံးမှာ စည်းရုံးမယ့်ပါတီတွေကို တင်းကြပ်ထားတဲ့ကြားမှာပဲ နိုင်ငံရေးပါတီ ၁၃ ခု မှာ ၅ ခုက ပြည်ထောင်စုတစ်ဝန်းလုံးအတွက် မှတ်ပုံလာတင်ခဲ့ကြပါတယ်။

တည်ထောင်ခွင့်လျှောက်ထားတဲ့ပါတီတွေထဲ နိုင်ငံရေးမျက်နှာသစ်တွေကိုမတွေ့ရသေးဘဲ နိုင်ငံရေးပေးထားချက်အရ နိုင်ငံရေးပါတီတချို့ရဲ့ စဥ်းစားချက်အသစ်တွေကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

ပါတီအများစု ပါတီဆက်လက်ရပ်တည်ရေးအတွက် အပြာင်းအလဲတွေ လုပ်ကြရလိမ့်မယ်လို့ သုံးသပ်ထားကြ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပါတီအများစု ပါတီဆက်လက်ရပ်တည်ရေးအတွက် အပြောင်းအလဲတွေ လုပ်ကြရလိမ့်မယ်လို့ သုံးသပ်ထားကြ

ပြည်ထောင်စုတစ်ဝန်းလုံးမှာစည်းရုံးမယ့်ပါတီတွေ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဖေဖော်ဝါရီ ၂၇ ရက်အထိ လာလျှောက်တဲ့ ပါတီတွေထဲ ပြည်ထောင်စုတစ်ဝန်းလုံးမှာ စည်းရုံးမယ့်ပါတီက ၅ ပါတီ ရှိပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်းမှာသာ စည်းရုံးဆောင်ရွက်မယ့် ပါတီက ၈ ပါတီ အထိ ရှိနေတယ်လို့ ကော်မရှင်က ထုတ်ပြန်ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ပြည်ထောင်စုတစ်ဝန်းလုံးမှာ စည်းရုံးမယ့်ပါတီ ၅ ခုကတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်ထောင်စုဒီမိုကရေစီပါတီ၊ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ တို့ပဲ ဖြစ်ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပါတီတွေတည်ထောင်ခွင့်ပြုတဲ့ ပထမဆုံးနေ့မှာပဲ တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်လျှောက်ထားခဲ့ပါတယ်။

မဆလ (မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီ)ပါတီကို ဆက်ခံတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကတော့ တစ်လနီးပါးလောက် အချိန်ယူပြီးမှ မှတ်ပုံပြန်တင်ပါတယ်။

ပြည်ထောင်စုဒီမိုကရေစီပါတီကတော့ နှင်းဆီပါတီလို့ လူသိများတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ က တိုင်းနဲ့ပြည်နယ်ပါတီတာဝန်ခံတွေ ပြန်လည်မှတ်ပုံတင်တဲ့ ပါတီလည်းဖြစ်ပါတယ်။

ဦးလှသိန်းကော်မရှင်လက်ထက်က ဖျက်သိမ်းခဲ့တဲ့ ပါတီက ပါတီဝင်ဟောင်းတွေပြန်ထူထောင်ကြတာဖြစ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဘယ်လိုဆုံးဖြတ်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။

ပြည်သူ့အကျိုးပြုကျောင်းသားများပါတီက ၂၀၁၅ ခုနှစ်ကမှ တည်ထောင်တဲ့ တည်ဆဲ ပါတီတစ်ခုဖြစ်ပါတယ်။

ပြည်သူ့အကျိုးပြုကျောင်းသားများပါတီကို အမျိုးသားရေးတက်ကြွလှုပ်ရှားသူ မိုက်ကယ်ကျော်မြင့်ရဲ့ အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီနဲ့ ၈၈ မျိုးဆက် ဒီမိုကရေစီပါတီတို့က သွားရောက်ပူးပေါင်းပြီး မှတ်ပုံတင်လာတာဖြစ်ပါတယ်။

ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဆိုပြီး ပါတီသစ်ပြန်ထူထောင်ပြီး ပြည်ထောင်စုတစ်ဝန်းလုံးကို စည်းရုံးမှာဖြစ်ပါတယ်။

ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းဟာ UPDJC နိုင်ငံရေးပါတီအစုအဖွဲ့ ခေါင်းဆောင်အဖြစ် စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးအဖွဲ့နဲ့ ဆွေးနွေးပွဲတွေ ပြုလုပ်နေသူဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရေးပါတီတွေကို ပြည်ထောင်စုတစ်ဝန်းလုံးကို စည်းရုံးဆောင်ရွက်တဲ့ ပါတီနဲ့ တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်တစ်ခုအတွင်းမှာသာ စည်းရုံးဆောင်ရွက်တဲ့ ပါတီ ဆိုပြီး မှတ်ပုံတင်ခွင့်ပြုထားတာ ဖြစ်ပါတယ်။

ပြည်ထောင်စုတစ်ဝန်းလုံးမှာစည်းရုံးမယ့်ပါတီတွေဟာ မှတ်ပုံတင်ခွင့်ပြုတဲ့နေ့က စလို့ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံးတစ်သိန်းအထိ စည်းရုံးရမယ်ဆိုတဲ့ အချက်က လက်ရှိလုံခြုံရေးအခြေအနေအရ ပါတီခေါင်းဆောင်တွေကို ခေါင်းခဲစေပါတယ်။

ပါတီရန်ပုံငွေ ကျပ်သိန်းတစ်ထောင်ထည့်ထားတဲ့ ဘဏ်စာရင်းကိုလည်း ကော်မရှင်ကို ပြသရမှာဖြစ်ပါတယ်။

ဒါ့အပြင် နောက်ထပ် စိန်ခေါ်ချက်တစ်ခုက ၆ လအတွင်း မြို့နယ်ပေါင်း အနည်းဆုံး ၁၆၀ မှာ ပါတီရုံးခန်းတွေဖွင့်ရမယ်လို့ ပြဋ္ဌာန်းထားတာပဲ ဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာဆိုရင်လည်း မဲဆန္ဒနယ်အားလုံးရဲ့ တစ်ဝက် ဝင်မပြိုင်ရင် ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိဘူးလို့ ဆိုထားပါတယ်။

ဒီလိုတင်းကြပ်တဲ့ပြဋ္ဌာန်းချက်တွေကြောင့် ပြည်ထောင်စုတစ်ဝန်းလုံးမှာ စည်းရုံးမယ့်ပါတီအရေအတွက်ဟာ နည်းပါးသွားလိမ့်မယ်လို့ သုံးသပ်မှုတွေရှိနေပြီး ဖေဖော်ဝါရီ လကုန်အထိ ပါတီ ၅ ခုက မှတ်ပုံလာတင်ထားပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, Screenshot

ပါတီတွေရဲ့စဥ်းစားပုံအသစ်

ပါလီမန်ဒီမိုကရေစီခေတ် ဝန်ကြီးချုပ်တွေရဲ့ မျိုးဆက်တွေ ဦးဆောင်တဲ့ ပြောင်းလဲ မှတ်ပုံတင်လာ

ဓာတ်ပုံ ရင်းမြစ်, screenshot

ဓာတ်ပုံ ပုံစာ, ပါလီမန်ဒီမိုကရေစီခေတ် ဝန်ကြီးချုပ်တွေရဲ့ မျိုးဆက်တွေ ဦးဆောင်တဲ့ ပါတီတွေလဲ ပြောင်းလဲ မှတ်ပုံတင်လာ

‌တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်းမှာသာ စည်းရုံးဆောင်ရွက်မယ့် ပါတီ ၈ ခု ထဲ ပြည်ထောင်စုတစ်ဝန်းလုံးကို မှတ်ပုံတင်ထားရာကနေ ပြောင်းလဲမှတ်ပုံတင်လာတဲ့ ပါတီတွေလည်း ရှိလာပါတယ်။

ပါလီမန်ဒီမိုကရေစီခေတ် ဝန်ကြီးချုပ်တွေရဲ့ မျိုးဆက်တွေ ဦးဆောင်တဲ့ ဒီမိုကရက်တစ်ပါတီ(မြန်မာ)ဟာ ပြည်ထောင်စုတစ်ဝန်းလုံးကနေ ‌တိုင်းဒေသကြီးတစ်ခုအတွင်းမှာသာ စည်းရုံးဆောင်ရွက်ဖို့ ပြောင်းလဲ မှတ်ပုံတင်လာပါတယ်။

ဒါပေမဲ့ ပါတီသစ် ၄ ခုအထိတည်ထောင်ပြီး ‌တိုင်းဒေသကြီး ၄ ခု မှာ စည်းရုံးဆောင်ရွက်ဖို့ ပြောင်းလဲမှတ်ပုံတင်တဲ့ ပုံစံလို့ ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဋ္ဌ ဒေါ်သန်းသန်းနုက ဘီဘီစီကိုပြောပါတယ်။

ဒုတိယဝန်ကြီးချုပ်ဟောင်းဦးကျော်ငြိမ်းရဲ့သမီး ဒေါ်ချိုချိုကျော်ငြိမ်းက မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ အမည်နဲ့ ပဲခူးတိုင်းတစ်ခုထဲကိုပဲ စည်းရုံးမယ့်ပါတီသစ် အဖြစ် မှတ်ပုံတင်လာတာဖြစ်ပါတယ်။

ဒါ့အပြင် ဒီမိုကရက်တစ်အင်အားစုလေဘာပါတီ အမည်နဲ့ မန္တလေးတိုင်း စည်းရုံးမယ့်ပါတီသစ် အဖြစ် မှတ်ပုံတင်ထားပါသေးတယ်။

ရန်ကုန်တိုင်းကိုတော့ ဒီမိုကရက်တစ်ပါတီ အမည်နဲ့စည်းရုံးမှာဖြစ်ပြီး ဒေါ်သန်းသန်းနုက ဥက္ကဋ္ဌ အဖြစ်မှတ်ပုံတင်မယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်းမှာ အခြေပြုစည်းရုံးဖို့ ပါတီအသစ်တစ်ခု ထပ်ထောင်မယ်လို့ ဒေါ်သန်းသန်းနုက ပြောပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာအေးမောင်ရဲ့ ရခိုင့်ဦးဆောင်ပါတီလည်း မှတ်ပုံပြန်တင်ပြီး ပြည်ထောင်စုတစ်ဝန်းကနေ ရခိုင်ပြည်နယ်တစ်ခုထဲမှာပဲ စည်းရုံး လှုပ်ရှားတော့မှာဖြစ်ပါတယ်။

ဒါပေမဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာရှိတဲ့ ရန်ကုန်တိုင်းကိုတော့ ပါတီကိုယ်စားပြုမယှဥ်ပြိုင်စေဘဲ တစ်သီးပုဂ္ဂလအနေနဲ့ ဝင်ရောက်ယှဥ်ပြိုင်ခိုင်းဖို့ စဥ်းစားထားတဲ့အကြောင်း ဒေါက်တာအေးမောင်က ဘီဘီစီကို ပြောပါတယ်။

စစ်ကောင်စီဝင်ဟောင်းတွေဖြစ်တဲ့ ဦးသိန်းညွန့်ရဲ့ အမျိုးသားဒီမိုကရေစီပါတီသစ်က ပြည်ထောင်စုကနေ ရန်ကုန်တိုင်းဒေသကြီးအခြေစိုက်ဖို့ ပြောင်းလဲမှတ်ပုံတင်ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီဝင်ဟောင်း ဦးခင်မောင်ဆွေရဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီကတော့ မှတ်ပုံမတင်သေးပေမယ့် မကြာခင်မှတ်ပုံတင်မယ်လို့ ကြေညာထားပါတယ်။

ပါတီချင်း ပေါင်စည်းမှုတွေရှိ

ရွေးကောက်ပွဲ မဲပေး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ပြည်ထောင်စုတစ်ဝန်းလုံးကို စည်းရုံးမယ့်ပါတီအဖြစ် ဆက်လက်ရပ်တည်ဖို့ ခက်ခဲလာပြီးတဲ့နောက် ပါတီအချင်းချင်း ပေါင်စည်းမှုတွေ ရှိလာခဲ့ပါတယ်။

အထင်ရှားဆုံးကတော့ ၈၈ မျိုးဆက်ခေါင်းဆောင် ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီနဲ့ NLD ရဲ့ မအူပင်အမတ်ဟောင်း ဦးစိန်ဝင်းရဲ့ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ ပေါင်းစည်းမှုဖြစ်ပြီး ပြည်သူ့ပါတီ အမည်နဲ့ ဆက်လက်ရပ်တည်သွားမှာ ဖြစ်ပါတယ်။

မတ်လ ၂ ရက်အထိ မှတ်ပုံမတင်ရသေးပေမယ့် ပြည်ထောင်စုတစ်ဝန်းလုံးကို စည်းရုံးမယ့်ပါတီအဖြစ် မကြာခင် မှတ်ပုံတင်လာဖွယ်ရှိနေပါတယ်။

ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ၊ အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီနဲ့ ၈၈ မျိုးဆက်ဒီမိုကရေစီပါတီ ၃ ခု ပူးပေါင်းပြီး ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ အဖြစ် ပြည်ထောင်စုတစ်ဝန်းလုံးကိုစည်းရုံးဖို့ မှတ်ပုံတင်ထားပါတယ်။

စစ်ကောင်စီရဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါ်သက်သက်ခိုင် ဦးဆောင်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီကိုလည်း တခြားပါတီတွေက ပါတီဝင်ဟောင်းတချို့ လာရောက်ပူးပေါင်းမှု ရှိနေတယ်လို့ သိရပါတယ်။

‘’ကျွန်တော်တို့ကို ပါတီလိုက် လာပူးပေါင်းတာမရှိဘူး။ ပါတီဝင်ဟောင်းတွေ လာပေါင်းကြတာပေါ့။ ဦးရွှေမန်း ပါတီဝင်ဟောင်းတွေပါတယ်။ နှင်းဆီပါတီဝင်ဟောင်းတွေ ပါတယ်။ တခြားပါတီတွေကလူဟောင်းတွေလည်း လာပေါင်းကြပါတယ်’’ လို့ ပြည်သူ့ရှေ့ဆောင်ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးစောဟန်အေးက ပြောပါတယ်။

မတ်လ လယ်လောက်မှာ ပြည်ထောင်စုတစ်ဝန်းလုံးကို စည်းရုံးမယ့်ပါတီအဖြစ် မှတ်ပုံတင်မယ် လို့ သူကပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ ပြည်သူ့ရှေ့ဆောင်ပါတီတို့ကနေ နုတ်ထွက်ခဲ့တဲ့ ဦးကျော်ဇေယျလည်း ပြည်ထောင်စုငြိမ်းချမ်းရေး နဲ့ ညီညွတ်ရေးပါတီ အမည်နဲ့ မတ်လ ဒုတိယပတ်အတွင်းမှာ မှတ်ပုံတင်မယ်လို့ သိရပါတယ်။

ဦးကျော်ဇေယျရဲ့ ပဲခူးတိုင်းခရီးစဥ်အတွင်း မတူကွဲပြားနှင့်ငြိမ်းချမ်းရေးပါတီ နဲ့ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီတွေက ခေါင်းဆောင်တချို့နဲ့ လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

‘’အစကတော့ PPP က ထွက်လာတဲ့သူတွေနဲ့ တိုင်းဒေသကြီးအခြေစိုက်ပါတီပဲ ထောင်မလို့ ၊ အခုတော့ လာပူးပေါင်းတဲ့ ပါတီတွေရှိလာလို့ ပြည်ထောင်စုတစ်ဝန်းလျှောက်ဖြစ်ဖို့တော့ များသွားပြီ’’ လို့ ဦးကျော်ဇေယျက ဘီဘီစီကိုပြောပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, Screenshot

တိုင်းရင်းသားပါတီတွေအခြေအနေ

ပြီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲနှစ်ခုမှာ တိုင်းရင်းသားပါတီတွေထဲက အများဆုံးအနိုင်ရခဲ့ကြတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် နဲ့ ရခိုင်အမျိုးသားပါတီ တို့ကတော့ မှတ်ပုံတင်တဲ့ စာရင်းထဲ ပါမလာသေးပါဘူး။

‘’မဆုံးဖြတ်ရသေးဘူး’’ လို့ ရှမ်း ပါတီ ခေါင်းဆောင်ကရော ရခိုင်ပါတီဥက္ကဋ္ဌကပါ မတ်လ ၁ ရက် က ဘီဘီစီကို ပြောပါတယ်။

ကချင်ပြည်နယ်က ဒီမိုကရေစီပါတီသစ်(ကချင်)၊ ရှမ်းပြည်နယ်က ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ ကရင်ပြည်နယ်က ဖလုံ စဝေါ် ဒီမိုကရက်တစ်ပါတီ နဲ့ ရခိုင်ပြည်နယ်က ရခိုင့်ဦးဆောင်ပါတီ တွေကတော့ တည်ထောင်ခွင့်လျှောက်ထားကြပါတယ်။

မြန်မာနိုင်ငံက ပါတီ ၉၁ ပါတီမှာ တိုင်းရင်းသားပါတီတွေက အများဆုံးဖြစ်လို့ လက်ရှိလာလျှောက်ထားတဲ့ ပါတီအရေအတွက်က နည်းပါးလွန်းနေတာပါ။

ချင်းပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ် အခြေစိုက်ပါတီတွေ မှတ်ပုံလာမတင်သေးတာလည်း တွေ့ရပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, Screenshot

ပါတီတည်ထောင်သူတွေနောက်ကြောင်းလိုက်ခံရမယ်

no tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

ပါတီတည်ထောင်ခွင့်ကို အနည်းဆုံး လူ ၁၅ ဦးနဲ့ လာလျှောက်ရမှာဖြစ်ပြီး အဲဒီပုဂ္ဂိုလ်တွေကို ပြည်ထဲရေးက နောက်ကြောင်းလိုက်လိမ့်မယ်လို့ မှတ်ပုံသွားတင်တဲ့ ပါတီခေါင်းဆောင်တချို့က ဘီဘီစီကို ပြောပါတယ်။

‘’ပါတီဝင်တွေဟာ လက်နက်ကိုင်ဆန့်ကျင်နေသူတွေ၊ မတရားအသင်း ကြေညာခံထားရသူတွေနဲ့ အဆက်သွယ်ရှိလား၊မရှိဘူးလားဆိုတာ သူတို့ နောက်ကြောင်းလိုက်မှာပေါ့’’ လို့ ပါတီ ခေါင်းဆောင်တစ်ဦးကပြောပါတယ်။

ရခိုင့်တပ်တော်(AA) ရှိတဲ့ ရခိုင်ပြည်နယ် အခြေစိုက် ရခိုင့်ဦးဆောင်ပါတီဟာ ဒီအချက်နဲ့ပတ်သက်ပြီးပါတီ တည်ထောင်ခွင့်သွားမလျှောက်ခင်ကတည်းက ကြိုတင်ဆွေးနွေးခဲ့ရတယ်လို့ သိရပါတယ်။

‘’CEC တွေကို မေးရတာပေါ့။ နာမည်စာရင်းသွားတင်တဲ့အခါ နောက်ကြောင်းလိုက်ခံရမယ်။ ဘယ်လိုသဘောရလဲပေါ့။’’ လို့ ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောပါတယ်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေမှာပါတဲ့ နောက်ထပ်ကန့်သတ်ချက်တစ်ခုကတော့ နိုင်ငံရေးပါတီတည်ထောင်လိုသူတွေ နဲ့ ပါတီဝင်တွေဟာ ထောင်ဒဏ်ကျခံနေရသူမဟုတ်ရဘူးဆို တဲ့အချက်ပဲဖြစ်ပါတယ်။

ဒီအချက်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လို ပါတီခေါင်းဆောင်တွေ ဖမ်းဆီးခံထားရတဲ့ပါတီအတွက် သက်ရောက်မှုရှိနေတယ် လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေ ပြောပါတယ်။

ဒါပေမဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်ကော်မတီကတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ ပူးပေါင်းမှာမဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။

တည်ဆဲပါတီတွေ ပြန်မှတ်ပုံမတင်တော့ရင် အလိုအလျောက် ဖျက်သိမ်းပြီးဖြစ်တယ်လို့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေသစ်မှာ ဖော်ပြထားတဲ့အတွက် မတ်လကုန်မှာ ပါတီဘယ်နှစ်ခုပဲ ကျန်မယ်ဆိုတာ အဖြေထွက်မှာဖြစ်ပါတယ်။