ယူကရိန်းသမ္မတ အီတလီနိုင်ငံရောမမြို့မှာ ရောက်ရှိနေ-မေလ ၁၃ ရက် ညနေပိုင်း နိုင်ငံတကာသတင်းများ

ယူကရိန်း၊ အီတလီ၊ ဇလန်းစကီး၊ ပုပ်ရဟန်းမင်းကြီး

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, အီတလီခရီးစဉ်ဟာ ရုရှားဆန့်ကျင်မှုမှာ အောင်ပွဲဆီ ချဉ်းကပ်လာနေမှုကို ထင်ဟပ်ပြတဲ့ အရေးပါတဲ့ ခရီးစဉ်ဖြစ်တယ်လို့ သမ္မတဇလန်းစကီး ပြော

အီတလီ သမ္မတက ယူကရိန်းဘက်မှာ အီတလီ အပြည့်အဝ ရှိတယ်လို့ အီတလီနိုင်ငံ ရောမမြို့ကို တရားဝင်ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ ယူကရိန်းသမ္မတ ဇလန်းစကီးကို ပြောကြားခဲ့ပါတယ်။

သမ္မတ ဇလန်းစကီးဟာ ဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီနဲ့လည်း တွေ့ဆုံနေပါတယ်။ သူတို့နှစ်ဦး သီးသန့်တွေ့ဆုံဖို့ မသွားခင် သမ္မတ ဇလန်းစကီးကို ဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီက ဖက်လှဲတကင်း နှုတ်ဆက်ကြိုဆိုခဲ့ပါတယ်။

စိတ်အားတက်ကြွနေပုံရတဲ့ သမ္မတ ဇလန်းစကီးဟာ အီတလီနိုင်ငံအရောက်မှာပဲ ဒီခရီးစဉ်ဟာ ရုရှားကို ဆန့်ကျင်တိုက်ခိုက်နေမှုမှာ အောင်ပွဲဆီ ချဉ်းကပ်လာနေမှုကို ထင်ဟပ်ပြတဲ့ အရေးပါတဲ့ ခရီးစဉ်ဖြစ်တယ်လို့ သူ့ရဲ့ တွစ်တာကနေ ထုတ်ပြောခဲ့ပါတယ်။

နောက်ပိုင်းမှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ ပုပ်ရဟန်းမင်းကြီးက ယူကရိန်းနိုင်ငံ ငြိမ်းချမ်းရေးရအောင် ဆောင်ကျဉ်းပေးဖို့ သူ့မှာ လျှို့ဝှက်အစီအစဉ်တစ်ခု ရှိထားတယ်လို့ မကြာသေးခင်က ထုတ်ဖော်ပြောထားပါတယ်။

ထိုင်းရွေးကောက်ပွဲမတိုင်ခင် နောက်ဆုံးနေ့ အပြိုင်အဆိုင် မဲဆွယ်စည်းရုံးခဲ့ကြ

ထိုင်း၊ ရွေးကောက်ပွဲ၊ စစ်တပ်၊ အာဏာသိမ်း
ဓာတ်ပုံ ပုံစာ, ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့ အငယ်ဆုံးသမီး ပယ်ထုံထန်း က ဖူအာထိုင်းပါတီကို ကိုယ်စားပြု ဝင်ပြိုင်မယ်

ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲမှာ ဝင်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေက နောက်ဆုံးနေ့အဖြစ် ဒီကနေ့မှာ မဲဆွယ်စည်းရုံးနေကြပါတယ်။

ပြည်ပရောက် ဘီလျံနာ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးရဲ့ ထောက်ခံအားပေးမှုနဲ့ ဖွဲ့ထားတဲ့ အတိုက်အခံ ဖူအာထိုင်း ပါတီက မနက်ဖြန် ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ရှိတယ်လို့ မျှော်လင့်ရပါတယ်။

ပါလီမန်အောက်လွှတ်တော် အမတ်နေရာ ၅၀၀ ဝင်ရောက်အရွေးခံမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဖူအာထိုင်းပါတီ အနိုင်ရခဲ့မယ် ဆိုရင်တောင် အစိုးရအဖွဲ့ ဖွဲ့ချင်မှ ဖွဲ့နိုင်မှာပါ။

ထိုင်းဝန်ကြီးချုပ်အသစ် ဘယ်သူဖြစ်လာမလဲဆိုတာကို စစ်တပ်က စိတ်ကြိုက်ရွေး ခန့်ထားတဲ့ အမတ်တွေ ရှိနေတဲ့ ပါလီမန် အထက်လွှတ်တော်က ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း ဂါဇာဒေသက ဂျီဟာ့ဒ် ထိပ်တန်းတပ်မှူး ၆ ဦးသေဆုံး

အစ္စရေး၊ ဂါဇာ၊ ဂျီဟာ့ဒ်၊ လေကြောင်းတိုက်ခိုက်မှု

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဂျီဟာ့ဒ်တပ်ဖွဲ့က အစ္စရေးနိုင်ငံထဲကို အင်္ဂါနေ့ကတည်းကစလို့ ရော့ကက်ဒုံးတစ်ထောင်ကျော်လောက်နဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့

အစ္စရေးလေတပ်က ဂါဇာဒေသမှာ နောက်ထပ် လေကြောင်းတိုက်ခိုက်မှုတွေ ထပ်လုပ်ခဲ့ပြီး အစ္စလာမစ် ဂျီဟာ့ဒ်အဖွဲ့ လှုပ်ရှားနေတဲ့ ရော့ကက်ဒုံးကျည် ပစ်လွှတ်ရာ နေရာတွေနဲ့ စခန်းတွေကို ပစ်မှတ်ထား ပစ်ခတ်ခဲ့တာလို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

အစ္စလာမစ် ဟားမာ့စ်အဖွဲ့ပြီးရင် ဂါဇာဒေသမှာ အကြီးဆုံး လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ အစ္စလာမစ် ဂျီဟာ့ဒ်အဖွဲ့ဟာ အင်္ဂါနေ့ကစပြီး အစ္စရေးလ်နိုင်ငံကို ရော့ကက်ဒုံးကျည် တစ်ထောင်ကျော် ပစ်ခတ်ခဲ့ပါတယ်။

အစ္စရေးတပ်ဖွဲ့တွေရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း အစ္စလာမစ် ဂျီဟာ့ဒ် ထိပ်တန်းတပ်ဖွဲ့မှူး ၆ ဦး သေဆုံးခဲ့ပါတယ်။

အစောပိုင်းကလည်း အစ္စရေးတို့ သိမ်းပိုက်ထားတဲ့ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းဒေသက နက်ဘလုစ်မြို့ ဆင်ခြေဖုံးရပ်ကွက်မှာ အစ္စရေးစစ်တပ်ရဲ့ စီးနင်းတိုက်ခိုက်မှုတစ်ခုအတွင်း ပါလက်စတိုင်း နှစ်ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။

တူရကီ သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ အာဒိုဝမ် အခက်ခဲဆုံး စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရနိုင်

တူရကီ၊ သမ္မတရွေးကောက်ပွဲ၊ မဲဆွယ်စည်းရုံး

ဓာတ်ပုံ ရင်းမြစ်, BURAK KARA/GETTY IMAGES

ဓာတ်ပုံ ပုံစာ, အတိုက်အခံ သမ္မတလောင်း ကီလ်ခ်ဒါ ရော့ဂ်လူ ဟာ လူငယ်တွေရဲ့ ထောက်ခံအားပေးမှု အများအပြား ရရှိထား
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တူရကီနိုင်ငံမှာ မနက်ဖြန် ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမတိုင်ခင် နောက်ဆုံးနေ့အဖြစ် မဲဆွယ်စည်းရုံးနေကြပါတယ်။ ကာလတာရှည် အုပ်ချုပ်လာတဲ့ နိုင်ငံခေါင်းဆောင် ရီချက်ပ် တေယစ် အာဒိုဝမ်ကတော့ ဒီရွေးကောက်ပွဲမှာ အခက်ခဲဆုံး စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

လူထုစစ်တမ်းတွေအရ လူထုရဲ့ အားပေးထောက်ခံမှုနည်းနေတဲ့ မစ္စတာ အာဒိုဝမ်ဟာ အစ္စတန်ဘူလ်မြို့မှာ သူ့ကို ထောက်ခံအားပေးသူတွေကို မိန့်ခွန်းပြော စည်းရုံးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဟိုင်းယား ဆော့ဖီယာ ဗလီကြီးမှာ သွားရောက် ဝတ်ပြုမယ်လို့ မျှော်လင့်ရပါတယ်။

သူ့ရဲ့ ပြိုင်ဘက် ကီမာလ် ကီလစ်ခ်ဒါရော့ဂ်လူ ဟာလည်း လွန်ခဲ့တဲ့ ၄နှစ်တုန်းက မစ္စတာအာဒိုဝမ်ရဲ့ ကိုယ်စားလှယ်လောင်းကို အပြတ်အသတ် အနိုင်ရခဲ့တဲ့ အစ္စတန်ဘူလ်မြို့တော်ဝန်နဲ့အတူ မြို့ထဲမှာ လှည့်လည် မဲဆွယ်စည်းရုံးဖို့ ရှိပါတယ်။

မစ္စတာ ကီလ်ခ်ဒါ ရော့ဂ်လူ ဟာ လူငယ်တွေရဲ့ ထောက်ခံအားပေးမှု အများအပြား ရရှိထားပြီး တူရကီနိုင်ငံမှာ ဒီမိုကရေစီစနစ် ပြန်လည် ဆောင်ကျဉ်းပေးပြီး အနောက်အုပ်စုနိုင်ငံတွေနဲ့ ဆက်ဆံရေး ပိုကောင်းမွန်လာအောင် လုပ်ပေးမယ်လို့ ကတိပြုထားပါတယ်။

သမ္မတလောင်းနှစ်ဦးစလုံး ထောက်ခံမဲ ၅၀ ရာခိုင်နှုန်း မရနိုင်ခဲ့ရင်တော့ အခုလနှောင်းပိုင်းမှာ နောက်တစ်ကျော့ ရွေးကောက်ပွဲ ကျင်းပပြီး ထပ်ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။