သတင်းယူနေတဲ့ ဘီဘီစီသတင်းသမားတွေကို အစ္စရေးရဲ တိုက်ခိုက်

သတင်းယူနေတဲ့ ဘီဘီစီသတင်းသမားတွေကို အစ္စရေးရဲ တိုက်ခိုက်

အစ္စရေးတိုက်ခိုက်ခံရမှုနဲ့ပတ်သက်လို့ တဲလ်အဗီးမြို့မှာ သတင်းရယူနေတဲ့ ဘီဘီစီသတင်းဌာနက သတင်းသမားတွေကို အစ္စရေးရဲတပ်ဖွဲ့ဝင်တွေက အင်အားသုံးပြီး သေနတ်နဲ့ ချိန်ရွယ်ခဲ့တယ်လို့ သိရပါတယ်။

မူဟန်နတ် တူတန်ဂျီ၊ ဟိုင်သမ် အဘူဒီယက်နဲ့ ဘီဘီစီအာရဘီသတင်းဌာနခွဲက အဖွဲ့ဝင်တွေဟာ သူတို့ဟိုတယ်ဆီကို ကားမောင်းလာနေစဉ် လမ်းမှာ ကြားဖြတ်တားဆီးခံခဲ့ရတာဖြစ်ပါတယ်။

သူတို့စီးနင်းလာတဲ့ မော်တော်ယာဉ်မှာ ‘ရုပ်သံ’ လို့ အနီရောင်တိပ်နဲ့ ရေးထားပေမယ့် သတင်းသမားအုပ်စုကို မော်တော်ယာဉ်ထဲက အတင်းဆွဲထုတ်၊ ရှာဖွေပြီး နံရံကို မျက်နှာပေးကာ ရပ်ခဲ့ရပါတယ်။

အစ္စရေး-ဂါဇာပဋိပက္ခနဲ့ပတ်သက်လို့ သတင်းသမားတွေဟာ လွတ်လပ်စွာသတင်းတင်ဆက်ခွင့်ရသင့်ပါတယ်လို့ ဘီဘီစီရဲ့ ပြောခွင့်ရှိသူက ပြောပါတယ်။

သူတို့ဟာ ဘီဘီစီသတင်းသမားတွေလို့ ပြောပြီး ဝန်ထမ်းကတ်တွေကို ရဲကို ပြခဲ့သေးတယ် လို့ တူတန်ဂျီနဲ့ အဘူဒီယက်တို့က ပြောပါတယ်။

ဖြစ်ရပ်ကို မှတ်တမ်းတင်ဖို့ကြိုးပမ်းရင်း သူ့ဖုန်း မြေပြင်ကိုပစ်ချခံရပြီး လည်ပင်းကို အရိုက်ခံခဲ့ရတယ်လို့ တူတန်ဂျီက ပြောပါတယ်။

တဲလ်အဗီး တာဝန်ကျတဲ့ ဘီဘီစီသတင်းဌာန အာရဘီအဖွဲ့ခွဲက သတင်းသမားတစ်ဦးဟာ မီဒီယာလို့ ရေးသားထားတဲ့ ယာဉ်ပေါ်မှာ လိုက်လာပေမယ့် ညအချိန်မှာ အစ္စရေးရဲတပ်ဖွဲ့ရဲ့ တားဆီးခံရပြီး တိုက်ခိုက်ခံခဲ့ရပါတယ်။

ဘီဘီစီသတင်းဌာနဟာ မှတ်ချက်တစ်စုံတရာရဖို့ အစ္စရေးရဲတပ်ဖွဲ့ကို ဆက်သွယ်ခဲ့ပါတယ်။

ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမတ်စ်က အစ္စရေးကို အောက်တိုဘာ ၇ ရက်မှာ တိုက်ခိုက်ခဲ့တာမို့ လူ ၁၃၀၀ ခန့်သေဆုံးခဲ့ပါတယ်။

အစ္စရေးကလည်း လက်တုံ့ပြန်တဲ့အနေနဲ့ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာမို့ ဂါဇာမှာ လူ ၁၄၀၀ ကျော်သေဆုံးခဲ့ပါတယ်။

အစ္စရေးက မြေပြင်ထိုးစစ်ပြုလုပ်ဖို့ရှိပါတယ်။

ဂါဇာကမ်းမြောင် မြောက်ပိုင်းမှာ နေထိုင်သူ ၁ ဒသမ ၁ သန်း ကို ၂၄ နာရီအတွင်း တောင်ပိုင်းကို နေရာရွှေ့ဖို့ အစ္စရေးက သတိပေးထားပြီး ဖြစ်ပါတယ်။

အင်မတန်ကို ဆိုးရွားလှတဲ့ အကျိုးဆက်တွေရှိတာမို့ ဒီလိုအမိန့်ပေးထားတာကို ရုပ်သိမ်းဖို့ ကုလသမဂ္ဂက တောင်းဆိုထားပါတယ်။

ဂါဇာကမ်းမြောင်ကို ထိန်းချုပ်ထားတဲ့ ဟားမတ်စ် ကတော့ နေရာရွှေ့ပြောင်းဖို့ အမိန့်ပေးတာဟာ ဝါဒဖြန့်ချိရေးလုပ်တာဖြစ်လို့ ဂရုမစိုက်ဖို့ အရပ်သားတွေကို ပြောထားပါတယ်။