အာဏာရှင်ကို လောကီကြောင်း နိုင်ငံရေးသမားက စိန်ခေါ်တဲ့ တူရကီ ရွေးကောက်ပွဲ - မေ ၂၈ ရက် ထိပ်တန်း နိုင်ငံတကာ သတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
တူရကီပြည်သူတွေဟာ သမ္မတရွေးကောက်ပွဲ ဒုတိယအဆင့် အတွက် ဒီကနေ့ မေလ ၂၈ ရက်၊ တနင်္ဂနွေနေ့မှာ မဲထည့်ခဲ့ကြပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းနှစ်ပတ် ရွေးကောက်ပွဲတုန်းက တိုင်းပြည်ရဲ့ အာဏာကို အနှစ် ၂၀ ရယူထားပြီး အာဏာရှင် သဖွယ် အုပ်ချုပ်နေခဲ့တဲ့ သမ္မ ရာဂျစ်တိုင်ရိ(ပ) အာဒိုအန်ဟာ အစိုးရထပ်ပြီး ဖွဲ့နိုင်လောက်တဲ့ မဲအသာစီး မရရှိခဲ့တဲ့ အတွက်၊ အခုလို ဒုတိယ အဆင့် ထပ်ပြီး ရွေးကောက်ပွဲ ပြုလုပ်ရတာ ဖြစ်ပါတယ်။
သမ္မတအာဒိုအန်ကို စိန်ခေါ်နေသူကတော့ ဘာသာရေးနဲ့ နိုင်ငံရေး မရောထွေးပဲ စည်းခြားရမယ်ဆိုတဲ့ သဘောထားရှိတဲ့ လောကီကြောင်း နိုင်ငံရေးသမား ကမားလ် ကလစ်ချ်ဒါရိုလူး ဖြစ်ပါတယ်။
တိုင်းပြည်ကို ဖိနှိပ်ထားတဲ့ အာဏာရှင်ကို ဖယ်ရှားလိုတယ် ဆိုရင် မဲရုံကို သွားကြပါဆိုပြီး မစ္စတာ ကလစ်ချ်ဒါရိုလူးက တိုင်းသူပြည်သားတွေကို ဆော်ဩ နေခဲ့ပါတယ်။ ကိုယ်တိုင် အဲန်ကာရာမြို့မှာ မဲထည့်ခဲ့အပြီး မစ္စတာ ကလစ်ချ်ဒါရိုလူး သတင်းထောက်တွေကို ပြောတာက ….
“စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ လွတ်လပ်မှုတွေ တိုင်းပြည်မှာ ပေါ်ထွန်းလာဖို့ ဆိုရင်၊ ဖိနှိပ်အုပ်ချုပ်နေတဲ့ အာဏာရှင် အစိုးရကို ဖယ်ရှားနိုင်မှ ဖြစ်မယ်။ ဒီတော့ ကျွန်တော်တို့ရဲ့ နိုင်ငံသား အားလုံးကို မဲပုံးတွေဆီလာဖို့ ကျွန်တော် ဖိတ်ခေါ်ပါတယ်” ဆိုပြီး ပြောသွားတာပါ။
အစ္စတန်ဘူလ်မှာ ရှိတဲ့ ရွေးကောက်ပွဲ အာဏာပိုင်တွေရဲ့ အဆိုအရ လာရောက် မဲထည့်ကြတဲ့ အရေအတွက်ဟာ ပထမအကျော့တုန်းကလိုပဲ မဲပေးပိုင်ခွင့်ရှိသူ အားလုံးရဲ့ ၉၀ ရာခိုင်နှုန်းနီးပါး ရှိတယ်လို့ သိရပါတယ်။
ကိယက်ဗ်မြို့တည်သက်တမ်း နှစ်ပေါင်း ၁၅၀၀ ကျော် နှစ်ပတ်လည်ချိန် ရုရှားက ဒရုန်းယာဉ်ပျံ အစင်းရေပေါင်းများစွာနဲ့ တိုက်ခိုက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယူကရိန်းပြည်တွင်းကို ကြည့်ရင်တော့ မြို့တော် ကိယက်ဗ်ကို ရုရှားက ဒရုန်းယာဉ်ပျံသုံးပြီး တိုက်ခိုက်တာတွေ ပြီးခဲ့တဲ့ ညက အပြင်းအထန် လုပ်နေခဲ့တယ် ဆိုပြီး ယူကရိန်း အစိုးရက ပြောပါတယ်။
ရုရှားတို့ရဲ့ ကျုးကျော်စစ် စလာခဲ့အပြီး ၁၅ လတာ ကာလ အတွင်း ကိယက်ဗ်မြို့ဟာ ဒရုန်းနဲ့ တိုက်ခိုက်ခံရမှု ပမာဏ အကြီးမားဆုံး အတိုင်းအတာထိ အခု ကြုံတွေ့ခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
နှစ်ပေါင်း ၁၅၀၀ ကျော် အရင်ကတည်းက မြို့တည်ခဲ့တဲ့ နှစ်ပတ်လည် အခါသမယ အဖြစ် ကိယက်ဗ်မြို့တော်ကြီး ဆင်နွှဲတဲ့ နေ့ရက်မှာ ရုရှားအစိုးရက ကိယက်ဗ်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
စနေညပိုင်း ရုရှားလွှတ်တင်တဲ့ တိုက်ခိုက်ရေး ဒရုန်းယာဉ်ပျံ ၅၄ စင်းထဲမှာ အစင်း ၄၀ ဟာ ကိယက်ဗ်မြို့တော်ကို ပစ်မှတ်ထားခဲ့တယ်လို့ ယူကရိန်းဘက်က ပြောပါတယ်။ လက်ရှိမှာတော့ ဒရုန်းကို ပစ်ချရာကနေ ကျလာတဲ့ အပျက်အစီး အပိုင်းအစတွေကြောင့် ကိယက်ဗ်မှာ လူတစ်ဦး သေဆုံကြောင်း အတည်ပြုထားနိုင်ပါတယ်။
အိန္ဒိယမှာ ပါလီမန် အဆောက်အအုံသစ်ကြီးကို ဟိန္ဒူရိုးရာ ရွတ်ဖတ် သရဇ္စျယ်ပြီး ဒီကနေ့ ဖွင့်လှစ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အိန္ဒိယနိုင်ငံမှာ ပါလီမန် အဆောက်အအုံသစ်ကို ဝန်ကြီးချုပ် မိုဒီ အစိုးရက တည်ဆောက် ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။ကိုလိုနီခေတ်လက်ရာ အိန္ဒိယရဲ့ ဂန္ထဝင် ပါလီမန် အဆောက်အအုံကြီးရဲ့ ဘေးမှာ ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။
ဖွင့်ပွဲ အခမ်းအနားကို ဟိန္ဒူ ဘာသာရေး ထုံးတမ်းစဉ်လာ ရွတ်ဖတ် သရဇ္စျယ်မှုတွေနဲ့ ပြုလုပ်ခဲ့ပါတယ်။ အဲဒီ ပါလီမန် အဆောက်အအုံသစ် ဖွင့်ပွဲကို အတိုက်အခံတွေဘက်ကတော့ သပိတ်မှောက်ပြီး မတက်ရောက်ပဲ နေခဲ့ပါတယ်။
ဝန်ကြီးချုပ်မိုဒီကတော့ ဒီ ပါလီမန် အဆောက်အအုံသစ်ကြီးဟာ တိုင်းပြည်ရဲ့ အမှီအခိုကင်း လွတ်လပ်မှု၊ ကိုယ်အားကိုယ်ကိုးနိုင်မှုတွေရဲ့ သက်သေပဲလို့ ဆိုပါတယ်။
ဝန်ကြီးချုပ် မိုဒီပြောတာက ….
“အိန္ဒိယပြည်သစ်ကြီး ထုဆစ်ဖန်တီးနိုင်ဖို့ရာ ဒီ ပါလီမန် အဆောက်အအုံသစ်ကြီးက အခြေခံ အုတ်မြစ် ဖြစ်လာလိမ့်မယ်လို့ ကျွန်ုပ် ယုံကြည်ပါတယ်။ အိန္ဒိယပြည်သစ်ကြီးဟာ သာယာဝပြောလိမ့်မယ်၊ တောင့်တင်းခိုင်မာပြီး၊ ဖွံ့ဖြိုးတိုးတက်လိမ့်မယ်၊ အမှန်သစ္စာ၊ တရားမျှတမှု၊ သိက္ခာတရားနဲ့ တာဝန်ဝတ္တရား ကျေပွန်မှုတွေနဲ့ ပြည့်စုံတဲ့ ကမ္ဘာ့အလယ် ပိုပြီး ဩဇာတိက္ကမနဲ့ ပြည့်စုံတဲ့ နိုင်ငံကြီး ဖြစ်လာလိမ့်မယ်” ဆိုပြီး ဝန်ကြီးချုပ် မိုဒီ ပြောသွားတာ ဖြစ်ပါတယ်။
အီရန်မှာ အမျိုးသမီးတွေ မဖြစ်မနေ ဦးခေါင်းခြုံထည်ဝတ်ဖို့ ပိုတင်းကျပ်မယ့် ဥပဒေပေါ်လာမယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
အီရန်နိုင်ငံမှာ အမျိုးသမီးတွေဟာ ဦးခေါင်းကို လုံခြုံအောင် ဖုံးကွယ်တဲ့ ဟီဂျာ့ဘ်ဝတ်ရုံ မဖြစ်မနေ ဝတ်ဆင်ရမယ် ဆိုတဲ့ ဥပဒေ ရှိတာမှာ ပျက်ကွက်ရင် ပိုပြီး ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်သင့်တယ် ဆိုပြီး အီရန် ပါလီမန်ရဲ့ ဥပဒေရေးရော ကော်မရှင်ဝင် ပါလီမန် အမတ် မိုဟာမက်ဒ် တာ့ဂ်ဟီး နာ့ဒ်အလီ ဆိုသူက ပြောလာပါတယ်။
ရှရီယာ ဘာသာရေး ဥပဒေမှာဆိုရင် ကြိမ်နဲ့ရိုက်ရမယ် ဆိုပြီး ပါဝင်တယ်လို့ အဲဒီသူက အီရန် ရုပ်မြင်သံကြားပေါ်က မေးမြန်းခန်းတစ်ခုမှာ ပြောဆို သွားပါတယ်။
အီရန် အမျိုးသမီးတွေ မဖြစ်မနေ ဟီဂျာ့ဘ်ဝတ်ဖို့ရာ ပိုပြီး တင်းကျပ်မယ့် ဥပဒေသစ်တစ်ရပ် အီရန်ပါလီမန်ထဲ တင်သွင်းလာဖို့ ရှိနေချိန်မှာပဲ၊ အခုလို ပါလီမန် တရားရေး ကော်မရှင်ဝင် တစ်ဦးရဲ့ တင်းမာတဲ့ သဘောထားကို ကြားသိရတာ ဖြစ်ပါတယ်။
အီရန်မှာ သိပ်မကြာခင်ကပဲ ဆန္ဒပြပွဲတွေ၊ အုံကြွမှုတွေ ဆက်တိုက် ပေါ်ပေါက်နေခဲ့တာမှာ အဓိက အကြောင်းအရာတွေထဲ အမျိုးသမီးတွေကို အတင်းအကျပ် ဟီဂျာ့ဘ်ဝတ်ခိုင်းတဲ့ ကိစ္စလည်း ပါဝင်ပါတယ်။
လက်ရှိမှာတော့ လမ်းပေါ် ဆန္ဒပြပွဲတွေ မရှိတော့ပေမယ့် အီရန် အမျိုးသမီး တွေထဲ အနုပညာရှင်တွေ၊ နာမည်ကြီး ထင်ရှားသူတွေ အပါအဝင် ဟီဂျာ့ဘ် မဝတ်ပဲ အံတုနေသူတွေ အများအပြား ဆက်ပြီး ရှိနေပါတယ်။
ဆူဒန်မှာ မခိုင်မာတဲ့ အပစ်ရပ် သဘောတူမှုကိုပဲ သက်တမ်းတိုးနိုင်ဖို့ ဆော်ဒီနဲ့ အမေရိကန် ဆော်ဩနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဆူဒန်နိုင်ငံထဲ အပစ်ရပ် သဘောတူမှု သက်တမ်း တိုးမြှင့်ကြဖို့ နှစ်ဘက် တပ်ဖွဲ့တွေကို ငြိမ်းချမ်းရေး ကြားဝင် ညှိနှိုင်းပေးနေတဲ့ ဆော်ဒီအာရေဗျနဲ့ အမေရိကန်တို့က တိုက်တွန်းလိုက်ပါတယ်။
လက်ရှိ သဘောတူမှု ဘယ်လောက် ခိုင်မြဲသလဲ ဆိုတာကိုလည်း ဆော်ဒီနဲ့ အမေရိကန်တို့က စောင့်ကြည့်ရေး ယန္တရား ထားရှိထားပါတယ်။
သဘောတူမှုကို ချိုးဖောက်ပြီး ပစ်ခတ်တိုက်ခိုက်တာတွေ အကြိမ်ကြိမ် ပေါ်ပေါက် နေခဲ့ပေမယ့်၊ သန်းနဲ့ချီတဲ့ ဆူဒန်ပြည်သူတွေထံ စာနာမှုဆိုင်ရာ အရေးပေါ် အထောက်အပံ့တွေ ပို့ပေးနိုင်ဖို့ အတွက် နှစ်ဘက်တပ်တွေ ဆက်ပြီး ဆွေးနွေးနေကြဖို့ လိုတယ်လို့ ဆော်ဒီနဲ့ အမေရိကန်တို့က တိုက်တွန်းနေတာ ဖြစ်ပါတယ်။
လက်ရှိ သဘောတူမှုဟာ မနက်ဖြန် တနင်္လာနေ့ ဆိုရင် သက်တမ်း ကုန်ပြီ ဖြစ်ပါတယ်။ ဆူဒန်စစ်တပ်နဲ့ တိုက်ခိုက်နေတဲ့ RSF ပြည်သူ့စစ် အဖွဲ့က သူတို့ အနေနဲ့ အပစ်ရပ် သက်တမ်းတိုးရေး အတွက် ဆက်ပြီး ညှိနှိုင်းလိုတဲ့ စိတ်ဆန္ဒရှိကြောင်း လောလောလတ်လတ်မှာပဲ ပြောဆိုထားပါတယ်။








