ဂါဇာမြို့ကနေ အရပ်သားတွေထွက်ခွာဖို့ အစ္စရေးစစ်တပ်က ၄ နာရီအချိန်ပေးထား - နို၀င်ဘာ ၇ ရက် ညပိုင်း နိုင်ငံတကာသတင်းများ

ဂါဇာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဂါဇာတလွှား လုံခြုံတဲ့နေရာမရှိဘူးလို့ ကုလအဖွဲ့တွေပြောနေချိန် မြောက်ပိုင်းကလူထုတောင်ပိုင်းရွှေ့ဖို့ အစ္စရေး စစ်တပ်ပြော

ဂါဇာတောင်ပိုင်းမှာ အစ္စရေးရဲ့ အခုနောက်ဆုံး လေကြောင်းက တိုက်ခိုက်မှုကြောင့် လူပေါင်း ၂၀ ကျော် သေဆုံးသွားတယ်လို့ ဟားမတ်စ် ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။

ရာဖာနဲ့ ခန်ယူးနစ် က အဆောက်အဦ အပျက်အစီးတွေအောက်က သွေးသံတရဲရဲနဲ့ ပါလက်စတိုင်းတွေကို ဆွဲထုတ်နေတဲ့ပုံတွေ တွေ့ရပါတယ်။

ပါလက်စတိုင်းတွေရဲ့ လုံခြုံရေးအတွက် ဂါဇာတောင်ပိုင်းကို ရွှေ့ကြဖို့ အစ္စရေးက ထပ်တလဲလဲ တိုက်တွန်းနေပါတယ်။

ဂါဇာမြောက်ပိုင်းမှာတော့ အစ္စရေး စစ်တပ်က အရပ်သားတွေကို မြို့ကနေ ၄ နာရီအတွင်း ထွက်ခွာဖို့ အချိန်ပေးထားပါတယ်။

လက်ရှိတော့ အစ္စရေး စစ်တပ်က ဂါဇာစီးတီးကို ဝိုင်းထားပါတယ်။

ကုလလူ့အခွင့်အရေးမင်းကြီးရဲ့ ဂါဇာ ခရီးစဉ်ကနေ ဘာအကျိုးရလဒ် ထွက်ပေါ်နိုင်မလဲ

ဂါဇာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဂါဇာစစ်ပွဲ တလအတွင်း သေဆုံးသူ တသောင်းကျော်ထဲ ခလေးတွေက သုံးပုံ ၂ပုံရှိတယ်လို့ ကုလပြော

ကုလလူ့အခွင့်အရေးမင်းကြီး Volker Turk ဗော့လ်ခါတာ့ခ်ဟာ ဂါဇာစစ်ပွဲနဲ့ပတ်သက်လို့ ဆွေးနွေးဖို့ အရှေ့အလယ်ပိုင်း ၅ ရက်ခရီးကို စတင်လိုက်ပါတယ်။

ဂါဇာက ပျက်စီး ထိခိုက် ခံစားနေရတဲ့ အခြေအနေဟာ ဆိုးရွားလှပြီး မရပ်တန်း ဆက်ဖြစ်နေတယ်လို့ ကုလမင်းကြီးက ပြောပါတယ်။

မနေ့ အင်္ဂါနေ့က ကိုင်ရိုမြို့မှာ ဆွေးနွေးခဲ့ပြီးနောက် မစ္စတာ တာ့ခ်ဟာ ဂါဇာနဲ့ အီဂျစ် ဖြတ်သန်းသွားရာ ရာဖာနယ်စပ်ကို ရောက်လာဖို့ ရှိပါတယ်။ အဲဒီမတိုင်ခင် သူဟာ ဂျော်ဒန်ကို သွားရောက်ဦးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် သူဟာ ဂါဇာထဲကို ကိုယ်တိုင်သွားဖို့ ကြိုးစားမှာ ဖြစ်သလို အစ္စရေး သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်း ဒေသကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းကတော့ ကုလလက်အောက်ခံ နဲ့ တခြားကယ်ဆယ်ရေး အဖွဲ့ပေါင်း ၁၈ ခုက ဂါဇာမှာ လူသားချင်းစာနာတဲ့ အနေနဲ့ ချက်ချင်း အပစ်ရပ်ဖို့ ပန်ကြားထားပြီး ဒီပန်ကြားချက်ကို အစ္စရေးဘက်က ထပ်တလဲလဲ ငြင်းပယ်နေပါတယ်။

ဒါဖောမှာ အရန်လက်နက်ကိုင်အဖွဲ့က အရပ်သားတွေကို သတ်ဖြတ်နေတယ်လို့ စွပ်စွဲချက်တွေ ထွက်ပေါ်

ဒါဖာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အရပ်သား အလောင်းပုံတွေ ထွက်ပေါ်လာ

ဆူဒန်နိုင်ငံ ဒါဖောဒေသမှာ စစ်တပ်ရဲ့ ပြိုင်ဘက် လက်နက်ကိုင်အဖွဲ့ RSF ဟာ အရပ်သားတွေကို သတ်ဖြတ်မှု ကျယ်ကျယ်ပြန့်ပြန် ရှိနေတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ချ်ဒ်နိုင်ငံနဲ့ နယ်စပ်နားက လမ်းတွေပေါ်မှာ အလောင်းတွေ အမြောက်အမြား ပုံနေတာကို အာဒန်မာတာ ရွာသားတွေက ပြတဲ့ ဓါတ်ပုံတွေမှာ မြင်ရပါတယ်။

အိမ်တွေလည်း စီးနင်းခံရပြီး မာဆာလစ် မျိုးနွယ်စုတွေကို ပစ်မှတ်ထား သတ်ဖြတ်မှုတွေ ရှိတယ်လို့ မျက်မြင်သက်သေတွေက ဆိုပါတယ်။

ဒါဖော အနောက်ပိုင်းဒေသကို လတ်တလော သိမ်းပိုက်ထားတဲ့ RSF အဖွဲ့ဟာ အရင်တုန်းကတော့ ဆူဒန် စစ်တပ်လက်အောက်မှာ ရှိတာပါ။

အာရပ် စစ်သွေးကြွတွေနဲ့ အတူ ဒါဖောမှာ RSF အဖွဲ့တွေက မတူတဲ့လူမျိုးစုတွေကြား သတ်ဖြတ်မှုတွေ ရှိတယ်လို့ စွပ်စွဲခံထားရပါတယ်။

တရုတ်မှာ နှင်းထုဒဏ်ကြောင့် အားကစားရုံ အမိုး ပြိုကျ

တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းမှာ နှင်းထူထူထပ်ထပ်ကျတဲ့ဒဏ်ကြောင့် အားကစားရုံ အမိုးပြိုကျပြီး လူ သုံး ယောက် သေဆုံးပြီး တယောက် အပြင်းအထန် ဒဏ်ရာရသွားပါတယ်။

အခုတော့ ကယ်ဆယ်ရေးသမားတွေက ဘတ်စကတ်ဘော ကစားတဲ့နေရာပေါ်ပြိုကျခဲ့တဲ့ ကွန်ကရစ်အပျက်အစီးတွေအောက်က အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေနေပါတယ်။

အခင်းဖြစ်ရာနေရာကို ကောင်းကင်ကနေ ရိုက်ထားတဲ့ ဗီဒီယိုဟာ တရုတ်လူမှုကွန် ဝေဘို သုံးသူတွေကြား ရေပန်းစားခဲ့ပါတယ်။

လူအများကတော့ အရည်အသွေးအဆင့်မမီတဲ့ အဆောက်အအုံ ဆောက်လုပ်မှုကို ပြစ်တင်နေကြပြီး ခုနှစ်အစောပိုင်းတုန်းကလဲ အလားတူပြည်နယ်မှာဘဲ အခုလို အားကစားရုံပြိုကျမှု ဖြစ်ခဲ့လို့ လူ ၇ ယောက် သေဆုံးမှု ဖြစ်ခဲ့ပါသေးတယ်။